www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 27, 2016

ကျီးကဘုတ်ကိုရိုသေ ဘုတ်ကကျီးကိုရိုသေ


ကျီးကဘုတ်ကိုရိုသေ ဘုတ်ကကျီးကိုရိုသေ

လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ ဟူ၍ အမှတ်အသား ပြုထားသော ကုန်းဘောင်မင်း ၁၁ ဆက်မှ နောက်ဆုံး သီပေါမင်း လက်ထက်တွင် အဝေးရောက် မင်းအဖြစ် တာဝန်ထမ်းဆောင် ရသော ဦးအောင်ကြီး သည် အဘ ဦးမှတ် နှင့် အမိ ဒေါ်စံပယ် တို့၏သားဖြစ်ပြီး မြန်မာနှစ် ၁၂၁၅ ခုနှစ် နတ်တော် လဆုတ် ၁ဝ ရက် တနင်္ဂနွေနေ့ တွင် အမရပူရမြို့၌ မွေးဖွားသည်။

စကု၊ စလင်း၊ ကျပင်း၊ လယ်ကိုင်းမြို့ တို့နှင့် သက်ဆိုင်သော မြို့လေးမြို့ စာရေးကြီး ဦးမှတ် ၏သား မောင်အောင်ကြီး သည် ခုနစ်နှစ်သား အရွယ်တွင် အမရပူရ မင်းတဲကျောင်းတိုက် ရွှေပြည် ဆရာတော်ကြီး ထံ စာပေပညာ စတင် သင်ကြားပြီး ၁၅ နှစ်အရွယ်တွင် သာမဏေ ဝတ်သည်။ သာမဏေ ဘဝဖြင့် နှစ်နှစ်နေပြီး ရှင်လူထွက်ကာ လောကီပညာများ ဆက်လက် သင်ကြားသည်။ ထို့နောက် စာရေးစာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်သော အခါ မန္တလေး နန်းတွင်း၌ စာရေးတာဝန်နှင့် စာတော်ဖတ် တာဝန် ထမ်းဆောင်ရသည်။ သီပေါမင်း ထီးနန်း စိုးစံသောအခါ ငယ်စဉ်က သိကျွမ်းခင်မင် ခဲ့သော မောင်အောင်ကြီး ကို အဝေးရောက် မင်း တာဝန်ပေးအပ် လိုက်သည်။

အဝေးရောက် မင်း၏ တာဝန်များမှာ မန္တလေးမှအပ နယ်တွင်ရှိသော ရုံးပေါင်း ၅၂ ရုံးမှ နန်းတွင်းသို့ ပို့ပေးသော စာအားလုံး အဝေးရောက် မင်းဆီ ရောက်သည်။ အဝေးရောက်မင်း က စာအားလုံးကို ဖတ်၍ ရှင်ဘုရင်ထံ ဆက်သင့်သည် ကိုဆက်၊ လွှတ်တော်သို့ ပို့သင့်သည် ကိုပို့၊ ဆိုင်ရာဝန်မင်း များထံ ပို့သင့်သည်ကို ပို့၊ မပို့ သင့်သော စာများကို ဖျောက်ဖျက်ပစ်သည်။

ဤသို့ အဝေးမှ ရောက်လာသော စာအားလုံးကို ကြည့်ရှု၍ သက်ဆိုင်ရာသို့ ပေးပို့ရသည့် အတွက် အဝေးရောက်မင်း ဟု ခေါ်ကြောင်း သိရသည်။ ဦးအောင်ကြီး အမှုတော် စတင်ထမ်းဆောင်ချိန် ရသော လစာမှာ စာရေးလစာ ၃ဝ ကျပ်၊ စာတော်ဖတ် လစာ ၃ဝ ကျပ် တာဝန် နှစ်ရပ်ပေါင်း ၆ဝ ကျပ်ရသည်။ အဝေးရောက်မင်း တာဝန် ထမ်းဆောင်ချိန်တွင် လစာ ၅ဝ ကျပ်သာရသဖြင့် ရာထူးတက် သော်လည်း လစာမှာ ၁ဝ ကျပ် လျော့သွားသည်။

အဝေးရောက်မင်း ၏ သြဇာ အရှိန်အဝါ ကြီးမားမှုကြောင့် လစာ ၁ဝ ကျပ်လျော့ သွားသည်ကို ဦးအောင်ကြီး ကမမှုပေ။ ရှင်ဘုရင်ထံ မြင်း ၁ဝ စီး ဆက်သသူသည် အဝေးရောက်မင်း အတွက် မြင်းတစ်စီး ပေးရသည်။ ဆင်မှအပ တခြားလက်ဆောင် များကိုလည်း ဤနည်းအတိုင်း အဝေးရောက်မင်း က ဆယ်ပုံတစ်ပုံ ရသဖြင့် လစာကို ထည့်မတွက်သည့် အပြင် သံတော်ဆင့် ရာထူးသို့ တိုးပေးသည့်တိုင် ဦးအောင်ကြီး က မယူတော့ပေ။

ပဒေသရာဇ်ခေတ် တွင် အစဉ်အလာကို မည်သူမျှ မလွန်ဆန်နိုင် ကြပေ။ ယနေ့ ပြည်သူကို ဗဟိုပြုသော ခေတ်သို့ ရောက်နေချိန်တွင် ပြည်သူ့အကျိုးကို ထောက်ထား၍ တံစိုးလက်ဆောင် အပေးအယူ ကိစ္စများ မရှိသင့်တော့ သော်လည်း အာဏာနိုင်ငံရေး သမားတို့က လာဘ်ပေးလာဘ်ယူ မှုများ ရှိနေကြသည်။ ရွေးကောက်ပွဲ အခြေခံ ဒီမိုကရေစီစံ ဆိုသော ခေတ်ကြီးမှာ ရွေးကောက်ပွဲကာလ ကုန်ကျစရိတ် အတွက် ငွေကြေး တတ်နိုင်သူ များက ထောက်ပံ့ကူညီ ကြသည့် ငွေကြေးကို ရွေးကောက်ပွဲဝင် သူများက လက်ခံရယူပြီး ထိုငွေကြေး ဖြင့်ပင် မဲဆန္ဒရှင်များအား စည်းရုံးမဲဆွယ် မဲဝယ်ြ ကသည်။ ရွေးကောက်ပွဲ အနိုင်ရသူသည် မိမိအား ငွေကြေးထောက်ပံ့ ကူညီသူများ အတွက် အခွင့်အာဏာ ကိုသုံး၍ ကျေးဇူးပြန်ဆပ် ကြခြင်းသည် အဂတိ လိုက်စားခြင်း ဖြစ်ကြောင်း ဝေဖန်သံများ ကြားနေရသည်။

အမေရိကန်တို့ အီရတ်ကိုဝင်ရောက် သိမ်းပိုက်ပြီးနောက် ရေနံတွင်းများ ပြန်လည် တည်ဆောက်ရေး အတွက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ကူညီထောက်ပံ့ပေး ခဲ့သော ကုမ္ပဏီများကို ဦးစားပေးခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် မှာလည်း အဂတိလိုက်စားမှု သတင်းများ ကြားရသည်။

လောက၌ ဥစ္စာစီးပွား ကြွယ်ဝခြင်းသည် မျက်နှာပွင့်ဆေး ဖြစ်သည် ဆိုထားသော်လည်း သမ္မာအာဇီဝဖြင့် အသက်မွေးခြင်း သည်သာ မွန်မြတ်သည်။ အာဏာ နိုင်ငံရေးနှင့် စီးပွားရေး လောကတို့ ဆက်နွှယ်ရောထွေး သွားသောအခါ နေရာဌာန အလိုက် အဂတိလိုက်စားမှု များရှိလာပြီး နိုင်ငံတော် အစိုးရအပေါ် ပြည်သူတို့၏ ယုံကြည်ကိုးစားမှု လျော့နည်းသွားသည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့ ယုံကြည်မှု ခိုင်မြဲရေးအတွက် သက်ဆိုင်သူ အားလုံးတို့ အနေဖြင့် ကျီးကဘုတ်ကိုရိုသေ မှ ဘုတ်ကကျီးကို ရိုသေမည် ဆိုရိုးစကားကို အလေးထား ကြပါရန် မြဝတီ က တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger