www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 14, 2016

ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်များ နေ၀င်ချိန်ကြည့်ရှုနိုင်ရန် ရွှေဆံတော် ၊ ပြဿဒ်ကြီး နှင့် တောင်ဂူနီဘုရားသုံးဆူ၌ ပြန်လည်ဖွင့်ပေးထား



ညောင်ဦး ၊ ၁၄-၉-၂၀၁၆

ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ဘုရားစေတီ ပုထိုးပစ္စယာ ပေါ်သို့တက်၍ နေဝင်ချိန် ကြည့်ရှုနိုင်ရန် ရွှေဆံတော်၊ ပြာသာဒ်ကြီး နှင့် တောင်ဂူနီ ဘုရားသုံးဆူ၌ ပြန်လည်ဖွင့်ပေး လိုက်ပြီဖြစ် ကြောင်း ပုဂံရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ နေဝင်ချိန် ကြည့်ရှုနိုင်သော ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီနှင့် သစ္စာဝတီ စသည့် ဘုရားစေတီ ပုထိုးများသည် ငလျင်ဒဏ် ခံခဲ့ရသဖြင့် မူလက ခေတ္တပိတ်ထားခဲ့ သော်လည်း ယခုအခါ စက်တင်ဘာလ ဒုတိယပတ်မှ စ၍ ရွှေဆံတော်၊ ပြာသာဒ်ကြီးနှင့် တောင်ဂူနီ ဘုရားတို့ကို ပြန်လည်ဖွင့်ပေး ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ခေမင်္ဂအုတ်ကျောင်း၊ ရွှေနန်းရင်တော်၊ အိုးဖုတ်ကုန်း၊ အိုးထိန်းတောင် နှင့် ထီးလိုမင်းလို အုတ်ကျောင်း စသည့် ဘုရားစေတီ ပုထိုးပစ္စယာ ပေါ်၌ နေဝင်ချိန်ကို တက်ရောက် ကြည့်ရှုနိုင်ပြီး ယူနက်စကို မှပညာရှင် တစ်ဦးက ငလျင်ဒဏ်ခံခဲ့ ရသဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီ ပုထိုးများ စစ်ဆေးရန် လိုအပ်သောကြောင့် ဘုရားပစ္စယာ ပေါ်တက်၍ နေဝင်ချိန်ကို မကြည့်သင့် သေးကြောင်း အကြံပြု ခဲ့သည်။

''နေဝင်ချိန်ကြည့်ဖို့ ရွှေဆံတော်၊ ပြာသာဒ်ကြီး နဲ့ တောင်ဂူနီ ဘုရားသုံးဆူကို ပြန်ပြီးဖွင့်ပေး လိုက်ပါပြီ။ ဒါပေမဲ့ ငလျင်ဒဏ်ခံ ထားရတဲ့အတွက် ပစ္စယာပေါ် တက်တဲ့သူတွေ အနေနဲ့ သတိဝီရိယ လေးထားဖို့တော့ လိုပါတယ်'' ဟု ပုဂံရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

လက်ရှိတွင် ပုဂံဘုရားစေတီ ပုထိုးပစ္စယာ ပေါ်သို့ တက်ရောက်ကာ နေဝင်ချိန်ကြည့်ရှု နေခြင်းကို လျှော့ချနိုင်ရန် အနောက် ဖွားစော အနီးရှိ ကိုမောက်ရေကန် ၏ ကန်ပေါင်အား တောင်ကုန်းတစ်ခု အဖြစ် မြှင့်တင်ကာ နေဝင်ချိန် ကြည့်ရှုနိုင်မည့် နေရာတစ်ခု အဖြစ် တည်ဆောက်ပေးရန် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က စီစဉ်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger