www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 26, 2016

စိတ်ဖိစီးမှုကကျန်းမာရေးနှင့်ညီညွှတ်သောအဆီ၏အကျိုးသက်ရောက်မှုကို ဖျက်ဆီးပစ်နိုင်



ဝါရှင်တန် ၊ ၂၆-၉-၂၀၁၆

စိတ်ဖိစီးမှုကြောင့် ညအိပ်မပျော်ခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် အမှားမှား အယွင်းယွင်း ဖြစ်ခြင်းတို့ ကို ခံစားရနိုင် သည့်အပြင် စိတ်ဖိစီးမှုကြောင့် ကယ်လိုရီ မြင့်သော အစာများကို ရွေးချယ်စားသုံး မိနိုင်ပြီး စိတ်ဖိစီးမှု ကြောင့်ပင် ခန္ဓာကိုယ်က ကယ်လိုရီ ကို လောင်ကျွမ်း စေနိုင် အားနည်းသွားနိုင်သောကြောင့် ကိုယ်တွင်းရှိ ကျန်းမာရေး နှင့် ညီညွှတ်သော အဆီ၏ အကျိုး သက်ရောက်မှု ကိုလည်း ဖျက်ဆီးပစ်ရာ ရောက်ပြီးနောက် စိတ်ဖိစီးသူများ ကိုယ်အလေးချိန် တက်လာရခြင်း ဖြစ်ကြောင်း အမေရိကန် သုတေသီ များက ဆိုသည်။

" ခန္ဓာကိုယ်က အစာကို ချေဖျက်တဲ့ အဆင့်တွေကို စိတ်ဖိစီးမှုက ပြောင်းလဲ စေပါတယ်။ စိတ်ဖိစီးမှု ဖြစ်နေတဲ့ အချိန်မှာ ကျန်းမာရေးနဲ့  ညီညွှတ်တဲ့ အဆီတွေပါတဲ့ ကယ်လိုရီမြင့် မနက်စာကို စားမိတယ် ဆိုရင်တောင် ခန္ဓာကိုယ်ဟာ ကယ်လိုရီ အနည်းငယ်ကိုပဲ လောင်ကျွမ်း စေနိုင်ပြီး ခုနက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီတွေပါ အဆီပိုတွေ ဖြစ်ပြီး စုဝေးသွား ပါတယ်။ သူတို့ ရဲ့ သွေးတွင်း ကိုလက်စထရော ပမာဏ ဟာလည်း ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အဆီတွေကို လက်လွှတ်စပယ် စားသူတွေ အတိုင်း မြင့်မား နေတတ်တာကို တွေ့ ရပါတယ်။ တစ်နည်းအားဖြင့် စိတ်ဖိစီးနေရင် ကျန်းမာရေးနဲ့ ညီညွှတ်လှ ပါတယ်ဆိုတဲ့ အစားအစာ တွေစားရင်လည်း အဲဒီ အစားအစာ တွေရဲ့ ကောင်းကျိုးသက် ရောက်မှာ  မဟုတ်တဲ့အတွက် ကိုယ်အလေးချိန် တက်လာမှာပဲမို့  စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့  အတတ်နိုင်ဆုံး ကြိုးစားရ ပါလိမ့်မယ် "ဟု အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ်မှ စိတ်ပညာရှင် Jan Glaserက ပြောပြသည်။

ကျန်းမာရေးနှင့် ညီညွှတ်သော အဆီဆိုရာမှာ ဥပမာအားဖြင့် နေကြာဆီ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွှတ်သော အဆီ ဆိုရာမှာ ဥပမာအားဖြင့် စားအုန်းဆီ ဖြစ်ကြောင်း၊ စိတ်ဖိစီးနေခြင်း မရှိသော အချိန်တွင် နေကြာဆီဖြင့် ထမင်းကြော် စားခြင်းဖြင့် ယင်း နေကြာဆီ ၏ ကောင်းကျိုးကို ခံစားရမည် ဖြစ်ကြောင်း၊ ကောင်းကျိုး ဆိုရာမှာ နေကြာဆီ သည် ကိုယ်တွင်း ပရိုတိန်း များနှင့် ပေါင်းစပ်ပျော်ဝင် နိုင်သည့်သတ္တိကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ စိတ်စီးနေခြင်း မရှိလျှင်လည်း စားအုန်းဆီကို စားမိလျင် စာအုန်းဆီ အဆီသည် ပျော်ဝင်နိုင်ခြင်း မရှိသည့် အတွက် အဆီခဲဖြစ်ကျန် ခဲ့မည် ဖြစ်ကြောင်း၊ သို့ သော် စိတ်ဖိစီးနေသူ တစ်ဦးသည် နေကြာဆီကို စားလင့်ကစား စိတ်ဖိစီးမှုကြောင့် နေကြာဆီသည် ပျော်ဝင်ခြင်း မရှိတော့ဘဲအဆီခဲများ ဖြစ်ကျန်လေ့ ရှိသည်ကို ဆိုလိုကြောင်း Glaser က ဆက်လက် ရှင်းပြသည်။ 

ထို့ ကြောင့် အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အသက်ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ စိတ်ဖိစီးမှု မဖြစ်အောင် ဂရုစိုက် နေထိုင်ရန်၊ အထူးသဖြင့် စားချိန် သောက်ချိန်တွင် စိတ်ဖိစီးမှုကို ဖြစ်စေသော အပြောအဆို အပြုအမူများကို ရှောင်ကြဉ်ပြီး ပျော်ရွှင် ငြိမ်းချမ်းစွာ စားသောက် ပေးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာ များကို ရွေးချယ် စားသုံးခြင်း၏ အကျိုးကျေးဇူးကို အပြည့်အ၀ ခံစားနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေး သုတေသီများက  ထောက်ပြ ဝေဖန် အကြံပြု ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger