www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 14, 2016

ဆံပင်ကျွတ်ခြင်း


ဆံပင်ကျွတ်ခြင်း

ဒေါက်တာလွင်သန့်

လူတစ်ယောက်ဟာ ပျမ်းမျှနေ့စဉ် ဆံပင် ၅ဝ မှ ၁ဝဝ အထိ ကျွတ်လေ့ရှိတယ်။ စိတ်ပူပင်သောက ရောက်ရင်၊ ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ရင် ဆံပင် ရုတ်တရက် ကျွတ်တယ်။ အနည်းဆုံး တစ်ပတ်တစ်ခါ ခေါင်းလျှော် သင့်တယ်။ အသက်ငယ်သူ လူငယ်လူရွယ် များမှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်ရင် မျိုးရိုးလိုက်လို့ ဆံပင်ကျွတ်ကြတာ ဖြစ်ပါတယ်။

သာမန် လူတစ်ယောက်ရဲ့ ဦးခေါင်းမှာ ဆံပင်ပေါင်း တစ်သိန်းမှ တစ်သိန်းသုံးသောင်း အထိ ရှိကြပါတယ်။ လူရဲ့ တစ်ကိုယ်လုံးမှာ ဆံပင် အပါအဝင် အမွေးအမှင် ပေါင်း ပျမ်းမျှ ငါးသိန်းခန့် ရှိပြီး ဆံပင်ဟာ တခြားအမွေးအမှင် တို့ထက် ရှည်နှုန်းမြန်တယ်။ လူကြီးတစ်ယောက် မှာ ဆံပင်ဟာ တစ်ပတ်မှာ တစ်လက်မရဲ့ ငါးပုံတစ်ပုံ ရှည်တယ်။ ဆံပင်တစ်ပင်ရဲ့ သက်တမ်းဟာ နှစ်နှစ်မှ ငါးနှစ်အထိ ရှည်တယ်။ ဦးခေါင်းပေါ်ရှိ ဆံပင်အားလုံး အချိန်ပြည့် ရှည်နေတာတော့ မဟုတ်ပါဘူး။ ၉ဝ ရာခိုင်နှုန်း က ရှည်ပြီး ၁ဝ ရာခိုင်နှုန်းက အနားယူ နေလေ့ ရှိတယ်။ ဆံပင်ရှည်ခြင်း၊ ကျွတ်ခြင်းဟာ ခန္ဓာကိုယ်ရှိ ဟော်မုန်းဓာတ်များ၊ မျိုးရိုးဗီဇ၊ ရောဂါဘယ၊ အာဟာရ၊ အလေ့အကျင့်နဲ့ စိတ်တို့အပေါ် မူတည်တယ်။ ဆံပင်အကျွတ် များရင် ကာယကံရှင် အနေနဲ့ စိတ်ဒုက္ခ တော်တော်ရောက် ရပါတယ်။

အမျိုးသမီးတို့ရှိ မ ဟော်မုန်းဓာတ်၊ မျိုးဗီဇ၊ ရောဂါဘယ၊ အာဟာရ၊ အလေ့အကျင့်နဲ့ စိတ်တို့အပေါ် မူတည်နေတယ်။ အမျိုးသမီးရှိ မ ဟော်မုန်းဓာတ် Oestrogen က ဆံပင်ကို ရှည်စေတယ်။ အမျိုးသား ဟော်မုန်းဓာတ် Testrostrone က ဆံပင်ကို တိုစေတယ်။ အလွယ်တကူ ကျွတ်စေတယ်။ ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားတို့ဟာ ကိုယ်ခန္ဓာ ကျန်းမာရေးရဲ့ ရောင်ပြန်ဟပ်မှုကို တင်ကျန်စေပြီး ဆံပင်ကျွတ်ခြင်း ဆိုတဲ့ ရောဂါလက္ခဏာ ဖြစ်ပေါ်လေ့ ရှိတယ်။

ဆံပင်ကျွတ်စေခြင်းအကြောင်းရင်း

ဆံပင်ကျွတ်ပြီး ဦးခေါင်း ထိပ်ပြောင်ခြင်း ဖြစ်စေတဲ့ အကြောင်းရင်း များပြားလှတယ်။ ဆေးဝါးကြောင့် ဖြစ်နိုင်သလို ရောဂါမဟုတ်တဲ့ တခြား အကြောင်းကြောင့် ဖြစ်နိုင်တယ်။ တချို့မှာ ဆံပင် တစ်နေရာတည်း ကွက်ကျွတ် တတ်ပြီး တချို့မှာ နေရာအနှံ့ ဆံပင်ကျွတ်ကာ တချို့ တစ်ခေါင်းလုံး ကျွတ်တယ်။ လူတစ်ဦး တစ်ယောက်မှာ ဆံပင်ကျွတ်ရခြင်း အကြောင်းရင်း တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းမှာ ယာယီကျွတ်ခြင်း ရှိသလို ထာဝစဉ် တစ်သက်ပန် ဆံပင်ပြန် မပေါက်တဲ့ ဆံပင်ကျွတ်ခြင်း မျိုးရှိတယ်။ ဆံပင်ကျွတ် ခြင်းမှာ ဆံပင်မွေးအိမ်နဲ့ ဆံပင်မွေးဥတို့ လုံးဝ ပြောင်းလဲခြင်း မဖြစ်ရင် ဆံပင် ထပ်မံပြန်ပေါက် နိုင်တယ်။

ဆံပင်ကျွတ်တဲ့ ရောဂါကို ကြည့်ရင် ပြင်းထန်တဲ့ အဖျားရောဂါ ပျောက်ကင်းပြီးစ သုံးလခန့်မှာ ဆံပင်ကျွတ်လေ့ ရှိတယ်။ အူရောင်ငန်းဖျား၊ အနာကြီး၊ အဆုတ်နာ၊ တီဘီရောဂါတို့ ဖြစ်ကြတယ်။ ရောဂါပိုးရဲ့ ကိုယ်မှ ထုတ်လွှတ်တဲ့ အဆိပ်အတောက် ဓာတ်များ လူ့ခန္ဓာကိုယ် သွေးထဲမှာ ကျန်ရှိနေလို့ ဖြစ်တယ်။ ဆံပင်ကျွတ်ပြီး နောက် သုံး၊ လေးလမှာ ဆံပင်အသစ် ပြန်ပေါက်လေ့ ရှိတယ်။ အရေးကြီးတဲ့ ခွဲစိတ်မှုများ အပြီးမှာ ဆံပင်ကျွတ် တတ်တယ်။

ဦးခေါင်းမှာ ဒက်၊ ပွေး၊ ဝဲ စတဲ့ယားနာများ၊ အနာစိမ်း ပေါက်ခြင်း၊ ဗောက်ထူခြင်း၊ ဆံပင်များအကြား သန်းစွဲခြင်း စတဲ့  ဦးရေပြားမသန့်ရှင်း သူများမှာ ဆံပင်များ ကျွတ်ပြီးရင်း ကျွတ်လေ့ရှိတယ်။ ယင်းတို့ဟာ တစ်နေရာတည်း သာမက နေရာအနှံ့ ကျွတ်နိုင်တယ်။ ကာလသား ရောဂါ ဒုတိယနဲ့ တတိယ အဆင့်တွင် လည်ပင်းရှိ သိုင်းရွိုက်ဂလင်း လုပ်ငန်းဆောင်တာ ချို့ယွင်းမှုကြောင့် ဆံပင်ကျွတ်လေ့ ရှိတယ်။ ကာလသား ရောဂါ ဒုတိယအဆင့်မှာ ဦးခေါင်းရဲ့ဘေးနှစ်ဖက်နဲ့ နောက်ဘက်မှာ ဆံပင်ကျွတ်ခြင်း အဖြစ်များပြီး နေရာအနှံ့ ကွက်လို့ ဆံပင်ကျွတ် တတ်တယ်။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ် အမျိုးမျိုး အထူးသဖြင့် သံဓာတ် ချို့တဲ့ရင် ကျန်းမာရေး ချို့ယွင်းခြင်းနဲ့ အတူ ဆံပင်ကျွတ်လေ့ ရှိပါတယ်။

ရောဂါမဟုတ်ဘဲ ဆံပင်ကျွတ်ခြင်းကို အမျိုးသမီးတွေ သားဖွားပြီးစ နဲ့ သွေးဆုံးတဲ့ အချိန်ကာလ တို့မှာ ဆံပင် အလိုလိုကျွတ် လေ့ရှိတယ်။ ကိုယ်ဝန်ရှိစမှာ မ ဟော်မုန်းဓာတ် နည်းပါး နေလို့ဖြစ်တယ်။ ကိုယ်ဝန်ရှိစမှာ ယင်း ဟော်မုန်းဓာတ် တိုးလာလို့ ဆံပင်များ ပိုကောင်းလာမယ်။ အသက်ကြီး လာတဲ့အခါ သဘာဝအရ ဆံပင်များ ကျွတ်လေ့ရှိပြီး ဆံပင်ကျဲ လာတယ်။ အသက်အရွယ် ကြီးရင့်သူ အမျိုးသား များဟာ ထိပ်ပြောင်လေ့ ရှိတယ်။ ဖိုဟော်မုန်း ကြောင့် ဖြစ်တယ်။ အသက်ငယ်သူ လူငယ် လူရွယ်များမှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်ရင် မျိုးရိုးလိုက်ခြင်း ကြောင့်လည်း ဖြစ်နိုင်တယ်။

စိတ်ပူပင် သောကရောက်ရင်၊ ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ရင် ဆံပင်ရုတ်တရက် ကျွတ်တယ်။ ယာယီသာ ဖြစ်ပြီး နောက်ပိုင်း ဆံပင်ပြန်ပေါက် လာတယ်။ ဆံပင်ကို မကြာခဏ ကိုင်တွယ် ပွတ်သပ်ခြင်း၊ ဘီးနဲ့ဖြီးခြင်းနဲ့ တချို့ ဆံပင်ဆိုးဆေး၊ ဆံပင်ကောက်ဆေး တို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ပြတ်ခြင်း  ဖြစ်တယ်။ ဦးခေါင်းထိခိုက် မိခြင်း၊ မီးလောင်ခြင်း၊ ဓာတ်ရောင်ခြည် ထိခြင်းစတဲ့ ဒဏ်ရာ အမျိုးမျိုးရှိရင် ယင်းနေရာမှာ ဆံပင်ကျွတ်ပြီး ဆံပင်ပြန် မပေါက်ဘဲ ဖြစ်လေ့ရှိတယ်။ ယင်းဒဏ်ရာ အမာရွတ်မှာ ဆံပင်မွေးကို ဖြစ်စေတဲ့ အခြေခံဆဲလ် ငယ်များ ပျက်စီးသွားလို့ ဖြစ်တယ်။

တချို့ပြင်းထန်တဲ့ ဆေးများ ဥပမာ-တက်ထရိုင် ဆိုင်ကလင်း၊ ကလိုရမ်ဖီနိုကော၊ ပဋိသန္ဓေ တားဆေး၊ ကင်ဆာရောဂါ ကုဆေးနဲ့ တချို့သွေးမခဲ စေတဲ့ဆေးများ ကို အသုံးများ ရင်လည်း ဆံပင်ကျွတ်လေ့ ရှိတယ်။ တစ်ခါတစ်ရံ မတော်တဆမှု အမျိုးမျိုးကြောင့် ဆံပင်များ ပြတ်ခြင်း၊ ကျွတ်ထွက်ခြင်းတို့ ဖြစ်စေနိုင်တယ်။ အလုပ် လုပ်နေစဉ် လည်ပတ်နေတဲ့ စက်အတွင်း ဆံပင်တချို့ ညှပ်မိလို့ ပါသွားကာ ဆံပင်ကျွတ်ခြင်း၊ ပြတ်ထွက်ခြင်း အပြင် တစ်ခါတစ်ရံ အသက်အန္တရာယ် ရှိတယ်။

ဆံပင်ကျွတ်ခြင်း မဖြစ်စေဖို့ မိမိရဲ့ကျန်းမာရေး ဆိုင်ရာ အသိဉာဏ်နဲ့ တတ်နိုင်သမျှ ဆင်ခြင်ကာကွယ် နိုင်တယ်။ ဦးခေါင်း သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အလွန် အရေးကြီး ပါတယ်။ ဦးရေပြားမှာ ခန္ဓာကိုယ် အရေပြားနည်းတူ အဆီဂလင်းများ၊ ချွေးဂလင်းများ ရှိပြီး ဦးခေါင်းပေါ်မှာ အဆီ၊ ချွေး နဲ့ဖုန်မှုန့်များ စုနေလေ့ရှိတယ်။ ယင်းတို့ ကပ်ငြိခိုအောင်း နေတတ်ရာ တော်ရုံ ခေါင်းမှ ရေလောင်းချိုးရုံနဲ့ မသန့်ရှင်း နိုင်ပါ။ မကြာခဏ ခေါင်းလျှော်ခြင်း မပြုနိုင်ရင် ဗောက်ထူခြင်း၊ သန်းစွဲခြင်း၊ ယားနာများ ပေါက်ခြင်းတို့ ဖြစ်လာစေပြီး ဆံပင်များ ကျွတ်လာ နိုင်စေတယ်။

တစ်ပတ်တစ်ကြိမ် အနည်းဆုံး ခေါင်းလျှော် သင့်တယ်။ ခေါင်းလျှော်ရည်ဟာ ခေါင်းလျှော်ဆေး မရှိရင် ဆပ်ပြာနဲ့ရေကို သုံးပြီး သန့်ရှင်းစင်ကြယ်စွာ ခေါင်းလျှော် နိုင်တယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်ကိုယ်ရေ သန့်ရှင်းမှု များနဲ့ အညီ နေထိုင်ရမယ်။ ဆံပင်ကို နေ့စဉ် အုန်းဆီသန့် ထည့်ပြီး အသင့်အတင့် သပ်သပ်ရပ်ရပ် ခေါင်းဖြီးသင့်တယ်။ ခေါင်းကို မကြာခဏ ကိုင်တွယ်ခြင်း၊ ခေါင်းဖြီးခြင်း မလုပ်သင့်ပါ။ မတော်တဆမှု မဖြစ်ရအောင် စက်ရုံထဲ ဝင်ရင် ဆံပင်ဖြန့်ပြီး မဝင်သင့်။

ဆံပင်ကျွတ်ခြင်းဟာ ယာယီသာ ဖြစ်ပြီး ဆံပင်ပြန်ပေါက်လေ့ ရှိတယ်။ တချို့ဆံပင် မွေးဥများ ပျက်စီးသွားလို့၊ ဆံပင်ပြန် မပေါက်တော့လို့ ယင်းအတွက် ကျေနပ် အားရလောက်တဲ့ ဆေးမျိုး မရှိသေးဘူး။ ဆံပင်ကျွတ်ခြင်း ဟာ အလွန် အကြည့်ရဆိုးတဲ့ ဝေဒနာတစ်ရပ် ဖြစ်တယ်။ ယင်း မဖြစ်ပေါ်စေဖို့ တတ်နိုင်သမျှ ကာကွယ်ရမှာပဲ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ တင့်တယ်ခြင်း၊ အဆင်းလှခြင်း၊ ခံ့ညားခြင်း၊ ကျက်သရေ ရှိခြင်းနဲ့ ယဉ်ကျေးမှု စသည် တို့ဟာ ယင်းရဲ့ဆံကေသာ ပေါ် မူတည်တယ်။ ဦးခေါင်းပေါ်မှာ တစ်နေရာရာ ဆံပင်ကွက်ပြီး ကျွတ်ရင် ကာယကံရှင် ဘယ်လောက် စိတ်ဒုက္ခရောက် ရကြောင်း တွေ့ကြုံ ခံစားဖူးသူတိုင်း သိကြတယ်။ ဆံပင်ကျွတ် ခြင်းကြောင့် အဆင်မပြေ အကြည့်ရဆိုး တာကို လူတိုင်းလိုလို တွေ့မြင် နားလည်ကြ ပါတယ်။

ဘာသာ အမျိုးမျိုး၊ လူမျိုးအစုံစုံ ရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံ အလိုက် ဦးခေါင်းထက်ရှိ ဆံကေသာကို အမြတ်တနိုး ထားပြီး ဆင်ယင်ထုံးဖွဲ့ ကြတယ်။ မိန်းမတို့ရဲ့ ကောင်းခြင်းငါးဖြာမှာ ဆံကေသာရဲ့ ကောင်းခြင်းဟာ တစ်ပါး အပါအဝင် ဖြစ်တယ်။ ဆံပင်မကျွတ် စေဖို့ မိမိတို့ရဲ့ ဦးခေါင်းကို ထာဝစဉ် သန့်ရှင်းနေစေပြီး ခန္ဓာကိုယ် တွင်းရှိ မည်သည့်ရောဂါ မျိုးမှ ကပ်ငြိ မနေစေဘဲ ကျန်းမာရေး အသိနဲ့ ထာဝရ ဆင်ခြင်နေထိုင် ကြရမှာ ဖြစ်ပါတယ်။ ဆံပင် အလှပြုပြင် စရိတ်သည် အမျိုးသမီးများ သုံးလို့မပြီးနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger