www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 26, 2016

ဆွေမျိုးနီးဝေး မဆိုရာ မေတ္တာသာပဓာန


ဆွေမျိုးနီးဝေး မဆိုရာ မေတ္တာသာပဓာန

နိုင်ငံတစ်နိုင်ငံ အတွင်း မှီတင်းနေထိုင် ကြသော လူဦးရေသည် ထိုနိုင်ငံအတွက် အင်အား ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေတိုးနှုန်း မြင့်တက်လာခြင်း သို့မဟုတ် လျော့ကျသွားခြင်း တို့သည် ယင်းနိုင်ငံ၏ လူဦးရေ ပုံသဏ္ဌာန် အချိုးအစား တို့ကို ပြောင်းလဲစေပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် စိန်ခေါ်မှု ဖြစ်သွားသည်။ လူဦးရေ ပုံသဏ္ဌာန် ပြောင်းလဲ လာသည်နှင့်အမျှ အသက်ငယ်ရွယ်သူ ဦးရေ၊ သက်ကြီးရွယ်အို ဦးရေ၊ လုပ်သားအင်အား ကျောင်းနေ အရွယ် ဦးရေ စသည်တို့ လိုက်ပါ ပြောင်းလဲပြီး ကုန်ထုတ်လုပ်မှုနှင့် ခွဲဝေသုံးစွဲမှု တို့လည်း ပြောင်းလဲကြ ရသည်။ ထို့ကြောင့် လူဦးရေ ပြောင်းလဲမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးပါသော ဝိသေသ လက္ခဏာ တစ်ရပ် ဖြစ်သည်။

လူဦးရေ သန်းတစ်ရာကျော် ရှိသော ဂျပန်နိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၂၇ ဒသမ ၃ ရာခိုင်နှုန်း သည် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ ဖြစ်ပြီး သက်ကြီးရွယ်အို ဦးရေများပြား လာခြင်းကြောင့် အလုပ်လုပ် နိုင်သော လူဦးရေ လျော့နည်းလျက် ရှိသည်ကို ပြည်သူများက စိုးရိမ်နေ ကြသည်။ ပြည်သူများ၏ စိုးရိမ်မှုကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေဖြင့် မည်သို့စွမ်းဆောင် နိုင်ပါမည်နည်း ဆိုသော ရိုက်တာ သတင်းဌာန၏ မေးခွန်းကို တုံ့ပြန်ရာ၌ သက်ကြီးရွယ်အို ဦးရေတိုးပွား လာခြင်းကြောင့် လျော့နည်း သွားသော လုပ်သားအင်အား နေရာတွင် စက်ရုပ်များ၊ ကြိုးမဲ့ အာရုံခံစက် ကိရိယာများ၊ လူသား တစ်ဦးကဲ့သို့ ဉာဏ စွမ်းအားဖြင့် လှုပ်ရှားဆောင် ရွက်နိုင်သော ကိရိယာများ တီထွင်မှုတို့ဖြင့် အစားထိုး ကုစား သွားမည်။ လွန်ခဲ့သော သုံးနှစ်ကျော် ကာလမှ စ၍ အလုပ်လုပ် နိုင်သော လူဦးရေ သုံးသန်းကျော် လျော့နည်း သွားသည့် တိုင်အောင် ဂျပန်နိုင်ငံ၏ ပြည်တွင်း ထုတ်ကုန် စုစုပေါင်း တန်ဖိုးကို ထိခိုက်မှု မရှိကြောင်း ဂျပန်ဝန်ကြီးချုပ် က ယခုလ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြား သွားကြောင်း တွေ့ရသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ရွေးကောက်ပွဲတွင် ဒုတိယအကြိမ် သက်တမ်း အတွက် ပြန်လည် အရွေးခံရသူ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လွယ်ကူသော နည်းလမ်းဖြင့် အထောက်အကူ ပေးနိုင်သော ငွေကြေး မူဝါဒဖြင့် ဆောင်ကြဉ်း နိုင်ရမည် ဆိုသော ကတိကဝတ်ဖြင့် ဝန်ကြီးချုပ် တာဝန်ကို ဒုတိယအကြိမ် ထမ်းဆောင်နေသူ ဖြစ်သဖြင့် ယခင်သက်တမ်း ကာလအတွင်း စိုက်ပျိုးခဲ့သော အပင်မှ အသီးအပွင့် များကို ပြည်သူများအား မျှဝေပေးရာတွင် လိပ်ပြာလုံ သကဲ့သို့ ထိုအပင်များမှ ကြွေကျသော အမှိုက်များကို သူကိုယ်တိုင် ရှင်းလင်းရန်လည်း ဝန်လေးမည် မဟုတ်ပေ။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့သော လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိသည့်အနက် အလုပ်လုပ် နိုင်သော အသက်အရွယ် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း လူဦးရေသည် နိုင်ငံလူဦးရေ စုစုပေါင်း၏ ၆၅ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ အလုပ်လုပ် နိုင်သော အသက်အရွယ် များမှ ပြည်ပသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင် နေကြသော လူဦးရေမှာ အတည်မပြု နိုင်သော စာရင်းများ အရ လေးသန်းခန့် ရှိသော်လည်း အတည်ပြု ထားသော စာရင်းများအရ နှစ်သန်းခန့် ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တရားမဝင် ရွှေ့ပြောင်း သွားလာကြ ခြင်းကြောင့် လူကုန်ကူးမှု ပြဿနာ များဖြစ်ကြ ရသည်။ မြန်မာနိုင်ငံသည် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အတွက် အာဆီယံနိုင်ငံ များနှင့် သဘောတူ စာချုပ်လက်မှတ် ရေးထိုးထားပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်၍ ဆက်နွှယ်သော ဝန်ကြီးဌာန များနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းရေးနှင့် ရပ်ကွက်/ ကျေးရွာ အဆင့်အထိ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ ကဲ့သို့ နည်းပညာ မထွန်းကား သေးသော်ငြား သူ့အိုးနှင့်သူ့ဆန် တန်ရုံဖြစ်အောင် လိုလျှင်ကြံဆ နည်းလမ်းရ နိုင်သည်။

သို့ဖြစ်၍ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး အတွက် စကားမွှေ၊ စကားနောက်၊ စကားဟိန်း၊ စကားခြိမ်းများ ပြောနေခြင်းဖြင့် အကျိုးထူး လာမည် မဟုတ်ဘဲ ပုထိုးနီးဝေး မဆိုရာ စေတနာသာ ပဓာန၊ ဆွေမျိုးနီးဝေး မဆိုရာ မေတ္တာသာ ပဓာန ဆိုသည်ကို နှလုံးသွင်းလျက် မိမိစွမ်း နိုင်သမျှ အားပေးကူညီ ပါဝင်ခြင်း သည်သာ အကျိုးထူး ရရှိနိုင်မည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger