www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 21, 2016

တရုတ်နှင့်အပြိုင် အာရှစာမျက်နှာသစ် ဖွင့်လှစ်ရန် ကြိုးစားနေသည့် အိန္ဒိယ


တရုတ်နှင့်အပြိုင် အာရှစာမျက်နှာသစ် ဖွင့်လှစ်ရန် ကြိုးစားနေသည့် အိန္ဒိယ

( ရှိန်းထက် )

အာဆီယံ သာမက အာရှတစ်ခွင်လုံး နီးပါးသည် တရုတ်နှင့် စီးပွားရေး မကင်းနိုင်သူများ ဖြစ်ကြသောကြောင့် ပြဿနာ တစ်စုံတစ်ခု ဖြစ်လာလျှင် တရုတ်အစိုးရ၏ စီးပွားရေး ဖိအားများကို မဖြစ်မနေ ခံစားရသည်။ ထို့ကြောင့် တရုတ်အား ဆန့်ကျင်သည့် ဆုံးဖြတ်ချက် မျိုးကို ချမှတ်ရန် ခက်ခဲလွန်း လှသည်။

သို့သော် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ကိုလည်း နိုင်ငံတိုင်းက တရုတ်ကဲ့သို့ မလုပ်နိုင်၊ ချေးငွေ ဖောဖောသီသီ လည်း ချမပေး နိုင်သောကြောင့် တရုတ်ကို ဖွံ့ဖြိုးဆဲနိုင်ငံ များသာမက ဖွံ့ဖြိုးပြီးနိုင်ငံ များပင် ကုန်သွယ်မှု အခွင့်အလမ်း အများဆုံး ရှိနေသော တရုတ်နှင့် မကင်းလွတ်နိုင် ကြပေ။ ဥပမာ - သြစတြေးလျ သည် တရုတ်၏ လွှမ်းမိုးမှုကို ခံထားရသော အာရှ အင်အားကြီး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ နောက်ဆုံးတွင် သြစတြေးလျ ပြည်သူများ သည် ၄င်းတို့နိုင်ငံ အပေါ်တွင် တရုတ်တို့၏ စီးပွားရေး အင်အားများ နေသောကြောင့် မနှစ်သက်ချင် ကြတော့ပေ။ သြစတြေးလျ ၏ ဆောက်လုပ်ရေး ပစ္စည်းများ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဆက်သွယ်ရေး ပစ္စည်းများ သည် တရုတ်ကို ၅ဝ ရာခိုင်နှုန်း မှီခိုနေရသည်။ တရုတ်နှင့် ကုန်သွယ်မှု ချက်ချင်း ရပ်သွားပါက သြစတြေးလျ ဆောက်လုပ်ရေး နှင့် ဆက်သွယ်ရေး လုပ်ငန်းများ ကမောက်ကမ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် သြစတြေးလျ အစိုးရသည် တရုတ်နှင့် ဆက်ဆံရေးကို ထိန်းထားရင်း တရုတ်ဈေးကွက် တစ်ခုတည်းကိုသာ အဓိက မှီခိုနေရသည့် အဖြစ်မျိုးကို ဖြေလျှော့နိုင်မည့် ထွက်ပေါက်ရှာ နေသည်။ နိုင်ငံ၏ အကြီးမားဆုံးစွမ်း အင်ကုမ္ပဏီ Ausgrid မှ ရှယ်ယာ အများစုကို တရုတ်ကုမ္ပဏီ သို့ ရောင်းမည့် ကိစ္စမျိုးကိုပင် တရုတ်နိုင်ငံခြား ကုမ္ပဏီ တို့သည် တရုတ်အစိုးရ အတွက် သူလျှို လုပ်ပေးနေသည် ဟူသည့် စွပ်စွဲချက်ဖြင့် မရောင်း ဖြစ်အောင် ပိတ်ပင်ခဲ့သည်။ အားလျော့ သွားသော တရုတ်နှင့် ကုန်သွယ်မှုများကို ပြန်လည် အစားထိုးရန် ဈေးကွက်သစ် များကို ရှာဖွေနေသည်။ ရင်းနှီးမြှုပ်နှံသူ အသစ်များကို ရှာဖွေနေသည်။

၁၉၉ဝ ပြည့်နှစ်ကျော် ကတည်းက အာရှ စီးပွားရေး မူဝါဒများကို ကျယ်ကျယ် ပြန့်ပြန့် ရေးဆွဲခဲ့ပြီး အိန္ဒိယတို့ စီးပွားရေး ကလည်း ချက်ချင်းကြီးထွား လာသည့်အချိန် အိန္ဒိယ- သြစတြေးလျ ဆက်ဆံရေး သည် ထိပ်တန်း ကုန်သွယ်သူ ၁ဝ ဦးစာရင်းတွင် ပါဝင်လာ ခဲ့သည်။ ယခုအချိန်ထိ အိန္ဒိယသည် သြစတြေးလျ နှင့် ကုန်သွယ်မှု စာရင်းတွင် နံပါတ် (၁ဝ) နေရာ၌ ရပ်တည်နေပြီး ကုန်သွယ်မှု တန်ဖိုး ၁၈ ဘီလီယံ ဖြစ်သည်။ တရုတ်က ၁၄၉ ဘီလီယံနှင့် နံပါတ်(၁) စာရင်းကို ယူထားသည်။ သို့သော် နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးကို ဘီလီယံ ဆယ်နှင့်ချီ တိုးမြှင့်ရန် အိန္ဒိယ တို့က သြစတြေးလျ အစိုးရနှင့် ဆွေးနွေးနေသည်။

ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်း နီးပါးနှင့် နှစ်စဉ်တိုးတက် လာသော အိန္ဒိယသည် သူ၏ စီးပွားရေးကို ဥရောပနှင့် အာရှသာမက အာဖရိကသို့ လျင်မြန်စွာ ချဲ့ထွင်နေသည်။ သို့သော် အရှေ့အာရှက အိန္ဒိယတို့၏ မဟာဗျူဟာ စီမံကိန်းနယ်မြေ ဖြစ်သည်။ အရှေ့အာရှ နှင့် တောင်အာရှ ၌ ဗီယက်နမ်၊ နီပေါ နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် အိန္ဒိယတို့၏ အဓိက ပစ်မှတ် ဖြစ်သည်။

အရှေ့တောင် အာရှ၌ ဗီယက်နမ်သည် ဖိလစ်ပိုင်နှင့် တန်းတူ တရုတ်ကို တောင်တရုတ် ပင်လယ်ပြင် အရေးတွင် ဆန့်ကျင်သူ အဖြစ် နာမည်ကြီးသည်။ ထို့ကြောင့် အမေရိကန်၏ စစ်ရေး အလွတ်တန်း အကူအညီများ ကို အမေရိကန် ဒေါ်လာသန်း ဆယ်နှင့်ချီပြီး ရခဲ့သည်။ ယခု ဖိလစ်ပိုင်က တရုတ်အစိုးရနှင့် အဆင်ပြေပြီး အမေရိကန်ကိုပင် ပစ်ခွာချင် နေသောကြောင့် ဗီယက်နမ် သည် တောင်တရုတ် ပင်လယ်ပြင် အရေးကို ဆန့်ကျင် သည့် အာဆီယံ၏ တစ်ခုတည်းသော နိုင်ငံဖြစ်လာပြီ ဖြစ်သည်။

ဗီယက်နမ်သည် စီးပွားရေးကိစ္စ များကိုလည်း တရုတ်နှင့် တတ်နိုင်သမျှ ကင်းကင်းနေချင် နေသည်။ ထို့ကြောင့် အိန္ဒိယနှင့် ရုရှား ကိုဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။ ယခု အိန္ဒိယ တို့သည် ဗီယက်နမ်၌ တရုတ်တို့ တစ်ဦးတည်း ကဲ့သို့ ပိုင်ဆိုင်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများကို ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံ ရန် ဗီယက်နမ် အစိုးရနှင့် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ထို့ကြောင့် တရုတ်အစိုးရ၏ ဈေးကွက် လုသူအဖြစ် အိန္ဒိယတို့ စွပ်စွဲခံရကာ သတိပေးခြင်း ခံခဲ့ရသည်။ နီပေါကိုလည်း အိန္ဒိယ တို့ ဆက်ဆံရေး လမ်းများ ပြန်လည်ခင်း နေသည်။ မကြာသေးမီက ဖြစ်ပွားသော နယ်စပ်ပြဿနာ များကြောင့် အိန္ဒိယတို့သည် နီပေါအစိုးရနှင့် ဆက်ဆံရေး များကို ရပ်ဆိုင်း ခဲ့ရသည်။ ယခု ပြန်လည် စတင်ပြီး နီပေါ အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေပြီ ဖြစ်သည်။ တရုတ်တို့သည် နီပေါကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ များကို အမေရိကန် ဒေါ်လာ ၃ဝ ဘီလီယံ လောက်အထိ အတိုးမဲ့ ချေးငွေများ ထုတ်ပေးပြီး ရထားလမ်းနှင့် ကားလမ်းများ ဖောက်လုပ် ပေးသည်။ အဓိကအခြေခံ အဆောက်အအုံ ကဏ္ဍများကို နီပေါ၌ ဆောက်လုပ် ပေးသည်။ အာဆီယံနိုင်ငံ များကို လွှမ်းမိုးနိုင် သကဲ့သို့ နီပေါနိုင်ငံ သို့လည်း ချေးငွေ အလုံးအရင်းနှင့် ဝင်နေခြင်း ဖြစ်သည်။

ယခုအိန္ဒိယ ကလည်း နီပေါ၌ စီးပွားရေးရင်းနှီး မြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်ရန် ပြင်ဆင်နေသည်။ အိန္ဒိယ ၀န်ကြီးချုပ် မိုဒီ ၏ အာရှ၌ တရုတ်နှင့် အပြိုင် ဖွင့်လှစ်မည့် စီးပွားရေး စာမျက်နှာသစ် ဖြစ်သည်။ မိုဒီ သည် အာရှမူဝါဒများကို ကန့်သတ်ချက် အချိန် အတိုင်းအတာနှင့် ရည်မှန်းချက်များ ချမှတ်ကာ ဆောင်ရွက်နေသူ ဖြစ်သည်။ အာဆီယံနှင့် စီးပွားရေး ဆက်ဆံမှု တိုးမြှင့်ရန် အာဆီယံ - အိန္ဒိယ ညီလာခံများကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ပေးသည်။

ယခင်က အိန္ဒိယဝန်ကြီး များနှင့် အစိုးရထိပ်တန်း အရာရှိကြီးများ ငြိမ်နေခဲ့ သလောက် မိုဒီ လက်ထက်ရောက်မှ ကမ္ဘာ့အနှံ့ အာဖရိကနှင့် အရှေ့အလယ်ပိုင်း အထိပါ ခရီးဆက် နေသည်။ မိုဒီ တက်လာခဲ့သည့် အချိန်
အတွင်းမှာ သူကိုယ်တိုင် နိုင်ငံခြားခရီး များကို ပထမ ရက် ၁ဝဝ အတွင်း အမေရိကန် အထိ သွားရောက်ခဲ့ပြီး အီရန်၊ နီပေါ၊ ဗီယက်နမ်နှင့် သြစတြေးလျ နိုင်ငံတို့ကိုပါ ရောက်ရှိခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး အပါအဝင် တခြားဝန်ကြီး များလည်း စီးပွားရေး၊ ဆက်ဆံရေး တိုးမြှင့်ရေးကို အကောင်အထည် ဖော်ရန် ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ဘာရိန်း၊ တာဂျစ်ကစ္စတန် နှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ သွားရောက် ခဲ့သည်။ ၂၁ ရာစုနှစ်ကို မိုဒီ က အိန္ဒိယ၏ ရာစုနှစ်တစ်ခု ဖြစ်လာရန် မျှော်မှန်းထားသူ ဖြစ်သည်။

တရုတ်တို့သည် ကမ္ဘာ့ စီးပွားရေး နှေးကွေးနေသည့် အချိန်တွင် ၂ဝဝ၈ ခုနှစ် ကတည်းက ဦးဆောင်မောင်းနှင် ခဲ့သကဲ့သို့ အိန္ဒိယတို့ ကလည်း ဦးဆောင် မောင်းနှင်ချင်သူ ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေး ပိုင်းတွင်လည်း အိန္ဒိယတို့သည် တရုတ်ဈေးကွက် များအထိ အောင်မြင်စွာ ဝင်ရောက် လာနေပြီး အမေရိက ရှိ တရုတ်၏ စစ်လက်နက် ဈေးကွက်သည် အိန္ဒိယကြောင့် အထိနာခဲ့ သည်။ ဘရာဇီး၊ ပီရူး၊ ဥရုဂွေး၊ ချီလီနှင့် အာဂျင်တီးနား တို့သည် အိန္ဒိယ၏ လက်နက် ဈေးကွက်သစ်များ ဖြစ်လာ နေသည်။ ထို့ကြောင့် ဆယ်စုနှစ် တစ်စုဆိုသည့် အတိုင်းအတာနှင့် တရုတ်တို့ကို စီမံကိန်းချကာ အမီလိုက်ရန် အိန္ဒိယတို့သည် မဟာဗျူဟာ မျက်နှာများကို အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အမေရိက အထိပါ အရောက်လှမ်း နေပြီး အာရှ စာမျက်နှာသစ်ကို Made in India ဟူသော ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ရန် ကြိုးစားနေ ပါကြောင်း ရေးသား လိုက်ရပါသည်။ 

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger