www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 5, 2016

ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အတွက် UAB နှင့် ADB တို့ အကျိုးတူပူးပေါင်း


ရန်ကုန် ၊ ၅-၈-၂၀၁၆

ယူနိုက်တက် အမရဘဏ် UAB နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းအထိ ADB ဘဏ်၏ အာမခံချက်ဖြင့် ပံ့ပိုးကူညီ ခွင့်ပြုမည့် ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး သဘောတူ စာချုပ်ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ ကမ္ဘာအေး ဘုရားလမ်းရှိ ဆိုဒိုးနား ဟိုတယ်၌ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ် အရ ယူနိုက်တက် အမရဘဏ်မှ ထုတ်ပေးသည့် ငွေလွှဲစာတမ်း (Letters of Credit) များအား အာမခံပေးသည့် Trade Guarantee Facility ကို အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

'' L/C စနစ်ကို သြဂုတ် ၁၅ ရက်မှာစတင် ပြီးတော့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ သဘောတူ လက်မှတ်စတင် ထိုးတဲ့နေ့က နေစပြီးတော့ အကျုံးဝင် ပါတယ်။ ဒီစနစ်ကို Customer တွေအကုန်လုံး အသုံးပြုလို့ ရပါတယ်'' ဟု UAB ၏ အကြီးတန်း စီးပွားရေးအရာရှိ ဒေါ်ကျော့ကေခိုင် က ပြောသည်။

အဆိုပါ သဘောတူ စာချုပ်သည် ကမ္ဘာတစ်လွှားရှိ ဘဏ်ပေါင်း ၂ဝဝ ကျော်နှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်နေသော ADB ဘဏ်၏ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး အစီအစဉ် Trade Finance Program (TFP) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး UAB ဘဏ်အနေဖြင့် ADB ဘဏ်၏ အကြွေးပေးရန် စိတ်ချရမှု အကဲဖြတ်ချက် ADB's AAA Credit Rating ကို ကောင်းစွာ အသုံးပြုခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

''ဘဏ်လုပ်ငန်း ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ငွေရေးကြေးရေး လုံခြုံစိတ်ချရမှု အမြင့်ဆုံး အဆင့်တွေ ပေါင်းစပ်ထားတဲ့ ခိုင်မာတဲ့ ဖြေရှင်းနည်း တွေကို ပံ့ပိုးပေးခြင်းဖြင့် ကျွန်တော်တို့ UAB ရဲ့ ဘဏ် ဝန်ဆောင်မှုတွေ ပိုမိုတိုးတက် လာအောင် ကြိုးပမ်း သွားမှာပါ။ အခုဘဏ္ဍာ နှစ်ကုန်မှာ ဘဏ်ခွဲပေါင်း ၇၅ ခုအထိ ရှိလာအောင် တိုးချဲ့မယ့် အစီအစဉ်မျိုး တွေက အခြေခံ အဆောက်အအုံ Infrastructure ကတစ်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်'' ဟု UAB ဘဏ်၏ CEO ဦးသိန်းလွင် က ပြောသည်။

ဖွံ့ဖြိုးတိုးတက်သော အာရှဒေသတွင်း ၌ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ကို ပိုမိုအားကောင်း လာစေခြင်းနှင့် အတူ ကုန်သွယ်မှု ကဏ္ဍအား ပံ့ပိုးပေးနိုင်စွမ်းကို တိုးမြှင့်နိုင်ရန် ADB ၏ TFP အစီအစဉ်က နိုင်ငံတကာ အဆင့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်း များနှင့် ဖြစ်နိုင်စွမ်းသော ဆုံးရှုံးမှုများ အတွက် မျှဝေတာဝန် ခံထားသည်။

''ကုန်သွယ်မှုကို အားပေးခြင်းကြောင့် မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်ပြီးတော့ နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်'' ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ၏ မြန်မာနိုင်ငံ အခြေစိုက်ဌာနေ ကိုယ်စားလှယ် Mr.Winfried F.Wicklein ကပြောသည်။

ကမ္ဘာ့ ထပ်ဆင့် အာမခံကုမ္ပဏီကြီး ဖြစ်သော Swiss Re-Insurance နှင့် စင်ကာပူ ကုမ္ပဏီများ တိုးတက်လာရေး အတွက် ဆောင်ရွက်ပေး နေသော အစိုးရအေဂျင်စီ ဖြစ်သည့် International Enterprise Singapore တို့က မြန်မာနိုင်ငံ၌ UAB အတွက် TFP အာမခံပေးမှု များကို ပံ့ပိုးပေး သွားမည် ဖြစ်သည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger