www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 16, 2016

Pokemon Go Game ၏ သိသာမြင်သာသော အန္တရာယ်နှင့် နောက်ကွယ်မှ သတိပြုဖွယ်များ



Pokémon Go founder John Hanke 

( မင်းခေါင် )

ယခုတလော လူငယ်များ အကြားနှင့် facebook စာမျက်နှာများ၌ Pokemon Go Game အကြောင်း ကျယ်ပြန့်စွာ ပြောဆိုလာခြင်း၊ လက်တွေ့ ကစားခြင်းများ ကျယ်ပြန့်စွာ ပြုလုပ်လာလျက် ရှိသည်။ ၄င်းကစားနည်းသည် ကမ္ဘာ့တည်နေရာ ပြစနစ် (GPS- Global Positioning System) နှင့် ချိတ်ဆက်ကစား ရသော ကစားနည်းဖြစ်သည်။ ဂိမ်းကစားသူက Pokemon ကာတွန်း ကောင်ကလေး များကို မြင်တွေ့ရအောင် ပုံရိပ်ယောင် ဖန်တီး ပေးထားပြီး ဖုန်းကင်မရာဖြင့် ကြည့်ရှုကာ လိုက်လံဖမ်းဆီး ရသော ကစားနည်း ဖြစ်သည်။ ထို့ကြောင့် ဂိမ်းကစားသူသည် တစ်နေရာတည်း တွင် ထိုင်ကစား၍ မရဘဲ ဂိမ်းမှ ညွှန်ပြသော နေရာသို့ အရောက်သွားကာ Pokemon အကောင်များကို လိုက်လံဖမ်းဆီး ရကြောင်း သိရှိရသည်။

၎င်းဂိမ်းကို ဂျပန်နိုင်ငံ အခြေစိုက် Pokemon ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီ Nintendo နှင့် အမေရိကန် အခြေစိုက် Niantic အဖွဲ့အစည်း တို့မှ ပူးပေါင်းတီထွင် ခဲ့ခြင်းဖြစ်သည်။ ၄င်းဂိမ်းကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၆ ရက်တွင် စတင်ဖြန့်ချိ ခဲ့ပြီး မြန်မာနိုင်ငံ၌ သြဂုတ် ၆ ရက်မှစတင် ကစားနိုင်ခဲ့သည်။ စတင်ကစား နိုင်သည်မှ ယနေ့အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မုံရွာ စသည့်မြို့ကြီး များ၌ လူငယ်များ သဲသဲမဲမဲ ကစားနေသည့် ကစားနည်း ဖြစ်ခဲ့သည်။ iPhone ၊ iPad များနှင့် အလွယ်တကူ ကစားနိုင်သော ကစားနည်း ဖြစ်သဖြင့် ကမ္ဘာ၌လည်း ကစားသူ တစ်ဟုန်ထိုး တိုးတက်များပြား လာကြောင်း တွေ့ရသည်။ ယခုအချိန်တွင် ကမ္ဘာ၌ လူဦးရေ သန်း ၁ဝဝ ခန့်သည် Pokemon ဂိမ်းကို အသုံးပြုကစား နေကြကြောင်း သိရသည်။ အချိန်တိုအတွင်း လျင်မြန်စွာ ပျံ့နှံ့မှုကြောင့် ဂိမ်းအား စတင်ထုတ်ဝေပြီး နောက်တစ်ရက် အတွင်းမှာပင် Nintendo ၏ ရှယ်ယာများမှာ ၁ဝ ရာခိုင်နှုန်း ဈေးတက်ခဲ့ကာ ဇူလိုင် ၁၄ ရက်၌ ၅ဝ ရာခိုင်နှုန်း အထိ ထပ်မံတက်ဈေး ရရှိခဲ့ကြောင်း သိရှိရသည်။

Pokemon ဂိမ်းအား ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီများ၏ အဆိုအရမူ ၄င်းဂိမ်းကို ကစားသူသည် တစ်နေရာတည်း ထိုင်၍မရဘဲ ဂိမ်းမှ ညွှန်ပြသော နေရာများသို့ သွားရောက်ရ သဖြင့် ကျန်းမာရေး အတွက် လမ်းလျှောက် ရသလို ဖြစ်စေခြင်း၊ ဂိမ်းကစားသည့် လူများ အချင်းချင်း အတွေ့အကြုံ မျှဝေခံစားနိုင် သဖြင့် ပိုမိုရင်းနှီးမှု ရလာပြီး လူမှု ဆက်ဆံရေး နယ်ပယ် ကျယ်ပြန့် လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည် ဟု ဆိုခဲ့သည်။ သို့သော် လက်တွေ့ နယ်ပယ်၌ ကြုံတွေ့ နေရသည်မှာ ဂိမ်းကုမ္ပဏီမှ ရည်ညွှန်းထားသော ၄င်း အကျိုးကျေးဇူးများထက် အန္တရာယ်များ ကြုံတွေ့ နေရသည်ကို တွေ့ရှိရသည်။ ဂိမ်းကစားသူများ ကိုယ်တိုင် ခံစားရမည့် ပုဂ္ဂလိကပိုင်း ဆိုင်ရာ အန္တရာယ်များ၊ လူမှု ပတ်ဝန်းကျင်က ခံစားရမည့် အန္တရာယ်များ နှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်မည့် အန္တရာယ် များပင် ဖြစ်သည်။

၎င်းဂိမ်းကို ကစားရာတွင် Pokemon များကို ဖမ်းမိစေရန် မိမိ အသုံးပြုနေသော မိုဘိုင်းလ်ဖုန်းကို အဆက်မပြတ် ကြည့်ရှုနေရန် လိုအပ်သည်။ ၄င်းကဲ့သို့ ကြည့်ရှုနေသည် နှင့်တစ်ပြိုင်တည်း သွားလာ လှုပ်ရှားနေရန် လည်း လိုသည်။ Pokemon များသည် နေရာအနှံ့ ရှိနေနိုင်သည်။ ကား အသွားအလာ ထူထပ်သော လမ်းမကြီးများ၊ လူ အသွားအလာ ရှုပ်ထွေးသည့် နေရာများ၌ လည်း ရှိနေနိုင်သည်။ ခေါင်းငိုက်စိုက်ဖြင့် ဖြစ်စေ၊ ဖုန်းကို မျက်နှာအပ်၍ မလွတ်တမ်း ကြည့်ရှုရင်း ဖြစ်စေ ပစ်မှတ်ရှာဖွေ နေသည့် ဂိမ်းကစားသူ အတွက် အလွန် အန္တရာယ် များသည်။ အချိန်မရွေး ကားတိုက်ခံရ နိုင်သည်။ အချိန်မရွေး လမ်းဘေး မြောင်းထဲ လဲကျသွား နိုင်သည်။ 

ကားမောင်းရင်း ကစားလျှင်မူ အန္တရာယ် ဖြစ်နိုင်ခြေမှာ ပိုမိုများပြား လာမည်ဖြစ်သည်။ တစ်ဦးတည်း အတွက် သာမက မိမိ ပတ်ဝန်းကျင် ကိုပါ အန္တရာယ် ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်။ ဂိမ်းအပေါ် တွင်သာ အာရုံစိုက်နေ သဖြင့် ၄င်းလူမျိုးကို လုယက်မည့် သူများ၊ ခါးပိုက်နှိုက်မည့် သူများကလည်း သည်းခြေအကြိုက် ဖြစ်လာမည် ဖြစ်သည်။ ၄င်းအဖြစ် အပျက် မျိုးများ ဖြစ်ပျက် နေကြသည် ကိုလည်း တွေ့ရှိရသည်။ ပို၍ဆိုးသည်က ဂိမ်းမှ ပေးထားသော Pokemon ပုံရိပ်များသည် လူစည်ကားသော နေရာများတွင် ပို၍တည်ရှိ နေခြင်းသည် ၄င်းအဖြစ်အပျက် မျိုးများဖြစ်ရန် တစ်ဖက်တစ်လမ်း က အားပေးနေခြင်း လားဟု သံသယရှိဖွယ် ဖြစ်ရသည်။ ထို့အပြင် ၄င်း ကစားနည်း ကစားပါက အင်တာနက်ကို အချိန်ပြည့် ဖွင့်ထားရသည် ဖြစ်၍ ကုန်ကျစရိတ် များလည်း ရှိလာမည် ဖြစ်သည်။ ပို၍နှမြောစရာ ကောင်းသည်မှာ အချိန်ပင် ဖြစ်သည်။ လူငယ်များ၏ ဘဝတိုးတက်ရာ တိုးတက်ကြောင်း လေ့လာရမည့် အချိန်၊ သင်ယူရမည့် အချိန်၊ အလုပ်လုပ်ရမည့် အချိန်များကို ၄င်းဂိမ်းက ဝါးမျိုပစ်သည်။ ထို့ကြောင့် ပညာရှင်တချို့က ၄င်းဂိမ်းသည် စိတ်ဓာတ် စစ်ဆင်ရေး လုပ်ခြင်းတစ်မျိုး ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စဉ်းစား ထောက်ပြလျက် ရှိကြောင်း တွေ့ရှိရသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လုံခြုံရေးအရ ဓာတ်ပုံမရိုက်ရန် ကန့်သတ်ထားသော နေရာ အများအပြား ရှိသည်။ Pokemon ဂိမ်းကို ကစားရာတွင် GPS အား အချိန်ပြည့် ဖွင့်ထားရန် လိုအပ်သလို ကင်မရာကိုလည်း အသုံးပြုရသည်။ ထို့ကြောင့် မိမိ၏ တည်နေရာနှင့် ပတ်ဝန်းကျင် မြင်ကွင်းပုံကို ဂိမ်းထိန်းချုပ်သူ များက သိရှိနေမည် ဖြစ်သည်။ ၄င်းမှတစ်ဆင့် လုံခြုံရေးအရ ဓာတ်ပုံမရိုက်ရ ကန့်သတ်ထားသော နေရာများ၏ အချက်
အလက်များ၊ တည်နေပုံများ၊ လုံခြုံရေး အစီအမံများ ပေါက်ကြားသွား နိုင်သည်။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကင်မရာ အသုံးပြု၍ Pokemon အား ကြည့်ရှုဖမ်းယူ လိုက်သည်နှင့် ပတ်ဝန်းကျင်အား မှတ်တမ်းတင်ပြီး ဖြစ်သလို တည်နေရာ ကိုပါ အတိအကျ ဖော်ပြပြီး ဖြစ်မည်။ ၄င်း အတွက်ကြောင့်လည်း Pokemon ဂိမ်းကို ပိတ်ပင်ထားသည့် နိုင်ငံများ၊ မေးခွန်းထုတ် နေသည့် ပညာရှင်များ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။

အတည်ပြုဆဲ သတင်းများအရ ဂိမ်းကို စတင် တည်ထောင်သူ John Hanke သည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အမျိုးသား ပထဝီဝင်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ (NGA- National Geospatical- Intelligence Agency) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန တို့နှင့် ဆက်စပ်မှုရှိသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ကြောင့် ၄င်းကစားနည်းအား ကမ္ဘာ့နိုင်ငံ အများစု၌ ပိတ်ပင်ထားဆဲ ဖြစ်ပြီး နိုင်ငံ ၈ဝ ခန့်တွင်သာ တရားဝင် ခွင့်ပြု ထားကြောင်း သိရှိရသည်။ ခွင့်ပြုထားသော နိုင်ငံများ၌လည်း ကစားရန် အတွက် ကန့်သတ်ချက် အများအပြား ထုတ်ပြန် ထားကြောင်း သိရှိရသည်။

၎င်း ကစားနည်း၌ အထူး သတိပြုရမည့် အချက်မှာ မိမိ ဖမ်းဆီးရမည့် Pokemon များကို ဂိမ်းကသာ ဖန်တီးပေးခြင်း၊ လမ်းညွှန်ပေးခြင်း ဖြစ်သည်။ မိမိကဲ့သို့ ကစားသူ အများအပြားကို နေရာ တစ်နေရာတည်း သို့ ဦးတည်စေခြင်း၊ လူစုဝေးခြင်းကို ဖြစ်ပေါ် စေနိုင်သည်။ လူစုလူဝေး၌ ဂိမ်းကို အသုံးပြု၍ အကြမ်းဖက် လှုပ်ရှားမှု ပြုလိုသူများ ပါမလာပါဟု ကံသေကံမ ပြော၍ မရကြောင်း တွေ့ရှိနိုင်သည်။ ဂိမ်းဖန်တီး သူများ၏ မူလ
အကြောင်းပြချက် ဖြစ်သော လူမှု ဆက်ဆံရေး နယ်ပယ် ကျယ်ပြန့် စေခြင်းထက် အကျိုးယုတ်မှုများ ပိုမိုဖြစ်ပေါ် လာနိုင်သည်။ ကစားသူ များပြားလာခြင်း၊ ယခင် ကတည်းက သွားလာမှု ရှုပ်ထွေး၍ လူစည်ကားသော နေရာ များ၌ ပစ်မှတ်ပုံရိပ်များ ဖန်တီးပေး ထားခြင်းတို့သည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ် စေနိုင်သည်။ နောက်ထပ် ကြားသိရသော သတင်းများအရ သက်ဆိုင်ရာ နိုင်ငံများက တရားဝင် ကန့်ကွက် သို့မဟုတ် မေတ္တာ ရပ်ခံလျှင် ဂိမ်းကုမ္ပဏီမှ Pokemon ပုံရိပ်များကို ကန့်သတ်ထား လိုသော နေရာများမှ ဖယ်ရှား/ ရွှေ့ပြောင်း ပေးသည်ဟု သိရသည်။ အကောင်းဘက်က ရှုမြင်ကြည့်လျှင် သက်ဆိုင်ရာ အာဏာပိုင် များ၏ ဆန္ဒကို လိုက်လျောသည် ဟု ထင်မြင်ယူဆ နိုင်ဖွယ်ရှိ သော်လည်း စေ့စေ့စပ်စပ် တွေးကြည့်လျှင်မူ အစိုးရ တစ်ရပ်၏ အချုပ်အခြာ အာဏာနှင့် လုပ်ပိုင်ခွင့် ကိုပင် သွယ်ဝိုက် ထိန်းချုပ် နိုင်ကြောင်း ပြသခြင်းဟု ယူဆရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အတွင်း တပ်မတော် အနေဖြင့်လည်း ၄င်းဂိမ်းအား စစ်သည် အဆင့်အတန်း အားလုံး ကစားခြင်း မပြုရန်နှင့် တပ်ဧရိယာ အနီးတစ်ဝိုက် ၌လည်း တခြားသူများ လာရောက် ကစားမှု မပြုစေရေး ကန့်သတ်ထား ကြောင်း သိရှိရသည်။

ထောက်လှမ်းရေး လောက၌ ထင်ရှားသော စကားတစ်ရပ် ရှိသည်။ ''ထောက်လှမ်းရေး နယ်ပယ်တွင် တိုက်ဆိုင်မှု ဟူ၍မရှိ '' ဆိုသောစကား ဖြစ်သည်။ လုံခြုံရေး နယ်ပယ်၌လည်း တိုက်ဆိုင်မှု ဟူ၍မရှိပါ။ တိုက်ဆိုင်မှု ရှိလာလျှင်  ၄င်းတိုက်ဆိုင် မှုသည် ဖန်တီးထားမှုသာ ဖြစ်သည်။ တွေ့ရှိရသော သတင်း အချက်အလက် များအရ Pokemon ဂိမ်းသည် လူအများအပြား ထံမှ သတင်း အချက်အလက် များစွာကို ရယူ စုဆောင်းနိုင်သည်။ ဂိမ်းကစားသူ များမှ သတိမပြုမိဘဲ လုံခြုံရေး ချိုးဖောက်မှုကို ကိုယ်တိုင်ပြုလုပ် လာမိအောင် ဆွဲဆောင် ထားနိုင်သည်။ လူထုအား လိုသလို ဖန်တီးနိုင်သော မြှုပ်ကွက် များလည်း ရှိသည်။ သတိဟူသည် ပိုသည်မရှိပါ။ Pokemon ဂိမ်းဖန်တီးသူ တို့တွင် ရည်ရွယ်ချက် ကောင်းများ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် ၄င်းဂိမ်း၌ သိသာသည့် အန္တရာယ်များ ရှိသလို နောက်ကွယ် ၌လည်း သတိပြုဖွယ်များ ရှိနေပါကြောင်း မီးမောင်းထိုး ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger