www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 5, 2016

ကချင်ပြည်နယ်အတွင်း တရားမ၀င် တူးဖော်လျက်ရှိသည့် ရွှေဖောင်များ ၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ သိမ်းဆည်းရမိ ၊ KIA လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွား


သိမ်းဆည်းရမိ ယာဉ်ယန္တရားများကို တွေ့ရစဉ်


သိမ်းဆည်းရမ် ရွှေဖောင်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၅-၈-၂၀၁၆

တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များအပြင် နိုင်ငံတော်၏ ရေ၊ မြေ သယံဇာတ များအား တရားမဝင် နည်းလမ်းများဖြင့် မိမိတို့၏ ကိုယ်ကျိုးအတွက် ထုတ်ယူသုံးစွဲနေမှု များအား စောင့်ရှောက် ကာကွယ်လျက် ရှိရာ ကချင်ပြည်နယ် အတွင်းရှိ ဒွန်ဘန်-ရှဒူဇွပ် နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် တရားမဝင် တူးဖော်လျက် ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်မှာ ကာမိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာ အနီး ပတ်ဝန်းကျင်၌ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ဇူလိုင် ၂၈ ရက်တွင် တရားမဝင် ရွှေတူးဖော် ရာတွင် အသုံးပြုသော ဘက်ဟိုးယာဉ် ၁၃ စီး၊ ၂၂ ဘီးတွဲယာဉ် ၃ စီး၊ ၁ဝ ဘီးယာဉ် တစ်စီး၊ ရွှေဖောင်နှစ်ခု နှင့် တစ်ဖက်နိုင်ငံသား လေးဦး တို့အား လည်းကောင်း၊ ဇူလိုင် ၃ဝ ရက်တွင် ဘက်ဟိုးယာဉ် နှစ်စီး၊ ခြောက်ဘီးယာဉ် သုံးစီး၊ ရွှေဖောင်နှစ်ခု အားလည်းကောင်း၊ ဇူလိုင် ၃၁ ရက်တွင် ရွှေဖောင်ငါးခု အားလည်းကောင်း၊ သြဂုတ် ၁ ရက်တွင် ဘက်ဟိုးယာဉ် နှစ်စီးနှင့် ရွှေဖောင် လေးခု အားလည်းကောင်း၊ သြဂုတ် ၂ ရက်တွင် ၁ဝ ဘီးယာဉ်နှစ်စီး အားလည်းကောင်း စုစုပေါင်း တရားမဝင် ရွှေတူးဖော်ခြင်း လုပ်ငန်းများတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် ၁၇ စီး၊ ၂၂ ဘီးတွဲယာဉ် သုံးစီး၊ ၁ဝ ဘီးယာဉ် သုံးစီး၊ ခြောက်ဘီးယာဉ် သုံးစီး၊ ရွှေဖောင် ၁၃ ခု တို့အား သိမ်းဆည်းရမိ ခဲ့ပြီး တရားမဝင် ရွှေတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေသည့် တစ်ဖက်နိုင်ငံသား ရှစ်ဦးတို့အား ဖမ်းဆီးရမိ ခဲ့သည်။

ထိုသို့ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ဆက်လက် ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် ရှဒူဇွပ် ကျေးရွာ၏ အနောက် မြောက်ဘက် ၅ မိုင်ခန့်အကွာ တရားမဝင် ရွှေတူးဖော်မှုများ ပြုလုပ် နေသည့် ပတ်ဝန်းကျင်၌ KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်၊ အင်အား ၅ဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး တပ်မတော် စစ်ကြောင်း များ၏ ပြန်လည်တိုက်ခိုက် ချေမှုန်းမှု များကြောင့် ပြန်လည်ဆုတ်ခွာ သွားခဲ့ကာ KIA လက်နက်ကိုင် အဖွဲ့ထံမှ လက်ပစ်ဗုံးများ နှင့် အမ်-၂၂ ကျည်များ သိမ်းဆည်းရမိ ခဲ့သည်။

ထို့အတူ ညနေပိုင်းတွင် ဒွန်ဘန်ကျေးရွာ နှင့် ရှဒူဇွပ်ကျေးရွာ အကြား လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် တပ်မတော် စစ်ကြောင်းအား KIA လက်နက်ကိုင် အဖွဲ့မှ အင်အားသုံးဦး ခန့်က ဆွဲမိုင်း လေးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အရှေ့မြောက် ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းတွင်လည်း ကာမိုင်းမြို့နယ်၊ လဝါးကျေးရွာ၏ မြောက်ဘက် အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည့် တပ်မတော် စစ်ကြောင်းများအား KIA လက်နက်ကိုင် အဖွဲ့ငယ် များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ငယ် များဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း၊ လက်နက်ကြီး များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခြင်း ကြောင့် ထိမိတိုက်ပွဲ ဖြစ်ပွားမှု သုံးကြိမ် ဖြစ်ပွားပြီး ယင်းအဖွဲ့များ အရှေ့ဘက် သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

အထက်ပါ တရားမဝင် ရွှေတူးဖော်မှု များကြောင့် နိုင်ငံတော်ပိုင် အဖိုးတန် သယံဇာတ များ နစ်နာဆုံးရှုံး ရသည့်အပြင် စက်ယန္တရားများ အသုံးပြု ရွှေတူးဖော်မှု ကြောင့် မိုးကောင်းချောင်း ပါတိမ်ကော၍ သဘာဝ ပတ်ဝန်းကျင် အား ထိခိုက်ပျက်စီးခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံး ခြင်းများ ဖြစ်ပေါ် နေကြောင်း သိရှိရသည်။ တပ်မတော် စစ်ကြောင်းများ အနေဖြင့် ၄င်းနယ်မြေ အတွင်းရှိ တရားမဝင် ရွှေတူးဖော်မှုများ၊ ယင်းအဖွဲ့ များကို စောင့်ရှောက်  အကာအကွယ် ပေးနေမှု များအား ဆက်လက် ရှင်းလင်းလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger