www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 12, 2016

အိုလံပစ်အားကစားသမား များ၏ ခန္ဓာကိုယ်ပေါ်က အနီရောင်အ၀ိုင်းကွက်များ


အိုလံပစ်အားကစားသမား များ၏ ခန္ဓာကိုယ်ပေါ်က အနီရောင်အ၀ိုင်းကွက်များ



၂ဝ၁၆ ခုနှစ် ရီယိုအိုလံပစ် အားကစား ပွဲတော်ကို ကြည့်ရင်းနဲ့ ထူးခြားတာလေး တစ်ခုကို သတိထားမိ ပါတယ်။ အဲဒါကတော့ အားကစားသမား တွေရဲ့ကိုယ်ပေါ်က အနီရောင် အဝိုင်းကွက်ကြီး တွေပေါ့။ မိုက်ကယ်ဖဲလ် လို အိုလံပစ် ရွှေတံဆိပ် အများဆုံးဆု ပိုင်ရှင်မှာပါ ဒီ အနီရောင် အဝိုင်းကွက် တွေကိုတွေ့ရတော့ အံ့သြပြီး စိတ်ဝင်စား မိပါတယ်။ ဒါ ဘာလဲပေါ့။ မိုက်ကယ်ဖဲလ် ရဲ့ကိုယ်ပေါ်မှာ တွေ့လို့ အခြား အားကစား သမားတွေကိုပါ ဂရုစိုက်ကြည့် လိုက်မှ ၂ဝ၁၆ ရီယိုအိုလံပစ်အားကစား ပွဲတော်ရဲ့ အမှတ်လက္ခဏာ ပါလို့ ပြောရလောက် အောင်ကို ရေကူး အားကစားသမား ပြောမလား၊ ကျွမ်းဘား အားကစားသမား ပြောမလား၊ အားကစား သမားတိုင်း နီးပါးရဲ့ ကိုယ်ပေါ်မှာ ဒီအနီရောင် အဝိုင်းကွက်တွေကို တွေ့မြင်နေရတာ ပါလားဆိုတာ သတိထား လိုက်မိပါတယ်။ ဆက်ပြီး လေ့လာကြည့် တော့မှ ဒါဟာ အင်္ဂလိပ်လို Cupping လို့ခေါ်တဲ့ ရှေးဟောင်း စုပ်ခွက်နည်း ဆိုတာ သိလိုက်ရ ပါတယ်။

တရုတ် အပ်စိုက်နည်း လိုပဲ အကျိုးသက်ရောက် ပေမယ့် အပ်ကိုမသုံးဘဲ ဖန်နဲ့ပြုလုပ် ထားတဲ့ စုပ်ခွက်လေး တွေကို အသုံးပြုပါတယ်။ အရင်ဆုံး စုပ်ခွက်ထဲကို မီးတောက်လောင် လွယ်တဲ့ အရည်တစ်မျိုး ထည့်ရပါတယ်။ ဥပမာ အရက်ပြန်ပေါ့။ အရက်ပြန်ကို မီးတို့ပြီး စုပ်ခွက်ကို စုပ်ချင်တဲ့ အရေပြားနေရာ အပေါ်မှာ မှောက်ပြီး ဖိထားရပါတယ်။ အဲဒီလို ဖိလိုက်တော့ လေမရတော့တဲ့ အတွက် စုပ်ခွက်ထဲက မီးငြိမ်းသွားပါတယ်။ မီးငြိမ်းသွားတော့ စုပ်ခွက်ထဲမှာ အပူချိန် တဖြည်းဖြည်း ပြန်ကျလာ ပါတယ်။ အပူချိန်ပြန်ကျ တာကြောင့် စုပ်အား ဖြစ်ပါတယ်။ အဲဒီစုပ်အား က အရေပြား အပေါ်ကို ဆွဲမပေးသလို ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ အဲဒီနေရာ တစ်ဝိုက် သွေးစီးဆင်း အားကို ပိုပြီးကောင်းမွန် စေပါတယ်။ ဥပမာ ကြွက်သားနာတယ် ဆိုတာ ကြွက်သားထဲ သွေးအပြင့်အ၀ မစီးဆင်းလို့ ဖြစ်တာပါ။ သွေးစီးဆင်း သွားရင် အနာသက်သာ ပါတယ်။ အဲဒါကို လုပ်တာပါပဲ။ စုပ်ခွက်ကို တစ်ကြိမ် သုံးလိုက်ရင် သုံးရက်လောက် ကတော့ စုပ်ခွက်ရာက နီရဲပြီး ကျန်နေပါတယ်။ အားကစားသမား တွေက တစ်ကြိမ်ကို စုပ်ခွက်တွေ အလုံးရေ ၃ဝ လောက်နဲ့ အစုပ်ခံရင် ခံကြတဲ့အတွက် သူတို့ရဲ့ကိုယ်ပေါ်မှာ အဲဒီစုပ်ခွက်ရာ တွေကိုအပြည့် နီးပါးမြင်တွေ့ ရခြင်း ဖြစ်ပါတယ်။

အိုလံပစ် အားကစားသမားတွေ ဖြစ်ပြီး ဒီနည်းကို သုံးကြတာလား ဆိုရင်တော့ ဟုတ်ပါတယ်လို့ ဖြေရမှာပါပဲ။ နာကျင်ကိုက်ခဲမှု တွေကို သက်သာစေ ပါတယ်။ အားသွန်ခွန်စိုက် ပြင်းပြင်းထန်ထန် လေ့ကျင့်ယှဉ်ပြိုင် ပြီးမှ ဖြစ်ပေါ် လာတဲ့ ဒဏ်ရာမျိုးစုံကို ဖြေဖျောက်ရာမှာ စုပ်ခွက်နည်းက အတော် အသုံးတည့် တယ်လို့ ဆိုကြပါတယ်။ တခြားနည်းတွေလဲ ရှိတာပေါ့။ အားကစား နှိပ်နည်း၊ အပူခန်းမှာ ချွေးထုတ်နည်း၊ ရေခဲရေနဲ့ ရေချိုးနည်း၊ တစ်ကိုယ်လုံးကို ဖိနှိပ်ပေးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့နည်း စသဖြင့် အမျိုးမျိုးရှိ ပေမယ့် စွပ်ခွက်နည်းဟာ အကုန်အကျ နည်းသလောက် ထိရောက်မှု အားကောင်း တဲ့အတွက် အိုလံပစ် အားကစားသမား အများစုရဲ့ အကြိုက်ဖြစ်နေတယ် လို့ သိရပါတယ်။

တစ်နှစ်လုံး ကျွန်တော့်ကြွက်သား နာကျင်မှုတွေကို စုပ်ခွက်နည်းနဲ့ပဲ သက်သာပျောက်ကင်း စေပါတယ်။ စုပ်ခွက်ရဲ့ ကျေးဇူးကြောင့် ကျွန်တော့် နာကျင်မှုတွေ ၉ဝ ရာခိုင်နှုန်းလောက် လျော့ပါးသက်သာ ခဲ့ရပါတယ်လို့ အမေရိကန် ကျွမ်းဘား အားကစားသမား အဲလက်စ်နဒေါ က ပြောပါတယ်။ သူ့ဆီမှာ သူတို့ကိုယ်တိုင် ဖန်တီးပြုလုပ်ထားတဲ့ စုပ်ခွက်တွေတောင် ရှိပါတယ်။ မီးတောက်ကို မသုံးဘဲ လေကိုပန့်ရိုက်သွင်းပြီး သုံးရတဲ့ စုပ်ခွက်တွေ ဖြစ်ပါတယ်။ 

တစ်နေရာ နာနေရင် အခန်းထဲက လူတစ်ယောက်ကို စုပ်ခွက်လေး ပစ်ပေးပြီးတော့ နာတဲ့နေရာကို ပြလိုက်ရုံပါပဲ။ သူက အဲဒီစုပ်ခွက်ကို လာကပ်ပေး လိုက်တယ်။ သက်သာပြီ ပေါ့လို့ သူက ဆက်ပြောပြ ပါတယ်။

ဒီတော့ အိုလံပစ်အားကစား သမားတွေ ဘာကြောင့် စုပ်ခွက်သုံးကြတယ် ဆိုတာကို သိပြီးတဲ့နောက် တခြားဘယ်လို လူတွေကများ ဒီစုပ်ခွက်တွေကို သုံးကြသလဲ ဆိုတာကို ဆက်လက်လေ့လာ ကြည့်လိုက်တဲ့အခါ ကမ္ဘာပေါ်က အကျော်အမော် အတော်များများက အသုံးပြုဖူးကြတဲ့ သာဓကတွေကို သွားတွေ့ပါတယ်။ ၂ဝဝ၄ ခုနှစ်က ဟောလိဝုဒ် အကျော်အမော် တစ်ဦးဖြစ်သူ Gwyneth Paltrow[ ဟာ ရုပ်ရှင်ပွဲတော် အခမ်းအနားတစ်ခုကို တက်ရောက်ရာမှာ သူမရဲ့စွဲမက်ဖွယ်ကျောပြင်ထက်မှာ စုပ်ခွက်ရာတွေ တွေ့ခဲ့ရပါတယ်။ ဂျပ်စတင်ဘီဘာ ၊ ဗစ်တိုးရီးယုး ဘက်ခမ်း ၊ ဂျယ်နီဖာ အယ်နစ္စတန် တို့ အားလုံးကို ကျောပေါ်မှာ စုပ်ခွက်ရာတွေနဲ့ တွေ့ခဲ့ရဖူး ပါတယ်။ 

အခုဆိုရင် စုပ်ခွက်နည်းကို အလှပြင်ခန်းမတွေ၊ ချွေးထုတ်ခန်းတွေ၊ တရုတ် တိုင်းရင်းဆေးဆိုင် တွေမှာ လူတိုင်းနီးပါးခံယူ နေကြတာကို တွေ့ရပါတယ်။

နာသလားဆိုတော့ နာပါတယ်။ နာလွန်းလို့ ရယ်လိုက် မဲ့လိုက် ဖြစ်နေတာကို တွေ့ရပါတယ်။  ဒီထက်ပိုပြီး တိတိကျကျ သိချင်တယ် ဆိုရင်တော့ ကိုယ်တိုင်ပဲ လက်တွေ့စမ်းသပ် ကြည့်လိုက်ပါလို့ လေ့လာရေးသား လိုက်ရပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger