www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, August 7, 2016

တရုတ်နိုင်ငံမှ စက်ဖြင့်ပြုလုပ်သော ရွှေဆိုင်းများ ပြည်တွင်းဈေးကွက်အတွင်း ၀င်ရောက်လာခြင်းကြောင့် မြန်မာ့ရိုးရာရွှေဆိုင်း လုပ်ငန်းများ အရှုံးပေါ်



မန္တလေး ၊ ၇-၈-၂၀၁၆

ရွှေဈေးမြင့်တက်ခြင်း အပြင် တရုတ်နိုင်ငံမှ စက်ဖြင့် ပြုလုပ်သော ရွှေဆိုင်းများ ပြည်တွင်းဈေးကွက် အတွင်း ထိုးဖောက် ဝင်ရောက် လာခြင်းကြောင့် မြန်မာ့ရိုးရာ ရွှေဆိုင်း လုပ်ငန်းများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း မန္တလေး အခြေစိုက် ရွှေဆိုင်း လုပ်ငန်းရှင် များက ပြောသည်။

ရွှေဈေးကွက်၌ တစ်ကျပ်သား လျှင် ငွေကျပ် ရှစ်သိန်းကျော် အထိ မြင့်တက်ခဲ့ခြင်း ကလည်း ရွှေဆိုင်း လုပ်ငန်းရှင်များ အတွက် အရှုံးပေါ် စေခဲ့သည်။ ရွှေဆိုင်း လုပ်ငန်း၏ အဓိက ဈေးကွက်သည် နိုင်ငံ တစ်ဝန်းလုံးရှိ ဘုရား၊ စေတီ၊ ပုထိုးများဖြစ်ပြီး ဂေါပက အဖွဲ့များက လေလံစနစ်ဖြင့် တင်ဒါခေါ်ယူကာ လိုအပ်သည့် ရွှေဆိုင်းများကို ဝယ်ယူကြခြင်း ဖြစ်သည်။ တင်ဒါခေါ်ယူ ရာတွင် သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် နှင့် တစ်နှစ်တစ်ကြိမ် ခေါ်ယူလေ့ရှိပြီး ရွှေဆိုင်း ထုတ်လုပ်သူ အများစုက တင်ဒါ ခေါ်ယူစဉ် ရွှေပေါက်ဈေး နှင့် တင်ဒါပြီးဆုံးမည့် ကာလ ဖြစ်ပေါ် လာနိုင်မည့် ရွှေဈေးကို ခန့်မှန်း တွက်ချက်၍ လက်ခံလေ့ ရှိကြသော်လည်း ရွှေဈေး မြင့်တက်သွား သဖြင့် အရှုံးပေါ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရွှေဈေးမြင့်တက် ခြင်းအပြင် တရုတ်နိုင်ငံမှ စက်ဖြင့် ပြုလုပ်သော ရွှေဆိုင်းများ ဈေးကွက်အတွင်း ထိုးဖောက် ဝင်ရောက် လာခြင်းသည် လက်မှုရွှေဆိုင်း ထုတ်လုပ် သူများအတွက် ထိခိုက်မှု တစ်ခု ဖြစ်ကြောင်း သိရသည်။

''အခု ဘုရားစေတီ ပုထိုး တော်တော်များများ မှာ တရုတ်နိုင်ငံက စက်နဲ့ ပြုလုပ်တဲ့ ရွှေဆိုင်းတွေကို ပြည်တွင်း လုပ်ငန်းရှင်တွေ မပေးနိုင်တဲ့ ဈေးမျိုးနဲ့ လေလံပေး လိုက်တာမျိုး ကလည်း ရွှေဆိုင်းလုပ်ငန်း လုပ်ကိုင်သူ တွေကို ထိခိုက် နစ်နာမှု ရှိခဲ့တယ်'' ဟု မျက်ပါးရပ် အတွင်းမှ တစ်ပိုင်တစ်နိုင် ရွှေဆိုင်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

''ရွှေဆိုင်း လုပ်ငန်းရှင်တွေ ဘက်ကလည်း ပုံမှန်သတ်မှတ် ထားတဲ့ စံနှုန်းထက် လျှော့ခတ် တာမျိုးတွေ ပြုလုပ်လာတဲ့ အတွက် ရွှေဆိုင်းတွေပါးပြီး မှုန့်ကြေတာမျိုး တွေ ရှိလာတယ်။ သတ်မှတ်ထား တာက ရွှေဆိုင်းတစ်ခုမှာ နှစ်လက်မ ပတ်လည် သတ်မှတ် ထားတာကို နှစ်လက်မ မတ်တင်းတို့၊ တစ်လက်မ ခြောက်မူးတို့ အထိ ဆိုဒ်တွေကို လျှော့ပြီး တင်သွင်းတာ မျိုးတွေ လုပ်တာရှိတယ်။ ဒါကြောင့် စက်နဲ့ခတ်တဲ့ တရုတ်ရွှေပါးကို သုံးတာလည်း  ဖြစ်နိုင်တယ်'' ဟု ရန်ကုန်မြို့ ဆူးလေ စေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ရွှေဆိုင်း လုပ်ငန်းကို မန္တလေးမြို့ရှိ မျက်ပါးရပ်မှသာ ထုတ်လုပ်ပြီး ရွှေဆိုင်း ထုတ်လုပ်သူ လုပ်ငန်းရှင် ၁ဝဝ ကျော်နှင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ ၅ဝ ကျော် ရှိကြောင်း သိရသည်။ မြန်မာ့ ရွှေဆိုင်းများ
ပြုလုပ်ရာတွင် ၁၆ ပဲရည် အခေါက်ရွှေကို အပြားခတ်၍ အသုံးပြုရပြီး ရွှေ တစ်ကျပ်သား လျှင် နှစ်လက်မ ပတ်လည်ဆိုဒ် ရွှေဆိုင်း ၂၂ဝဝ ခန့် ရရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger