www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 25, 2016

ချောက်မြို့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ရှား ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ ငလျင်ဒဏ်ခံရမှုကို တွေ့ရစဉ်

ရေနံချောင်းမြို့နယ် ရှားပင်ရိုးကျေးရွာတွင် ကမ်းပါးပြိုကျမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၆

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်ေ တာင်ဘက် ၁၂၃ မိုင်ခန့်အကွာ ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အား  ပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်း ဘုရားစေတီ ၁၈၅ ဆူခန့် ထီးတော် ယိုင်ခြင်း၊ စိန်ဖူးတော် မြေခခြင်း၊ ဖောင်းရစ်များ အက်ကွဲခြင်း တို့ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ထို့အတူ စလေဒေသရှိ ဘုရားစေတီ ကိုးဆူ ၊ မြောက်ဦးဒေသ တွင် စေတီပုထိုး သုံးဆူ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် စေတီပုထိုး ခုနစ်ဆူတို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ကောက်ခံရရှိသော စာရင်းများအရ သိရသည်။

ထို့ပြင် မကွေးတိုင်း ဒေသကြီး ရေနံချောင်း မြို့နယ် မြို့မဈေးကြီး၏ အရှေ့ဘက် ကြမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်း စေတီတော် ပြိုကျခြင်း၊ ရှားပင်ရိုး ကျေးရွာတွင် လူနှစ်ဦး သေဆုံးခြင်း၊ မင်းဘူးမြို့ နဂါးပွက်တောင် တွင် ရွှံ့ရေပူ လျှံကျလာခြင်း နှင့် အဆောက်အအုံ အချို့ ပျက်စီးခြင်း၊ ပခုက္ကူမြို့နယ် ၌ ပုဂ္ဂလိက ဆေးပေါင်းရုံ ပြိုကျ၍ လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခြင်း ၊ ကွမ်းရွာတွင် လူတစ်ဦး သေဆုံးခြင်း၊ မင်းလှမြို့နယ်တွင် ဘုရားစေတီ တစ်ဆူ စိန်ဖူးတော် မြေခခြင်း၊ အိမ်အချို့ ပြိုကျ ပျက်စီးခြင်း၊ ချောက်မြို့နယ် တွင် အဆောက်အအုံနှင့် နေအိမ်အချို့ ပျက်စီးခြင်း၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရတနာ့ မာန်အောင် စေတီတော် ပြိုကျခြင်း၊ စစ်တွေမြို့နယ် တွင် ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် ငလျင်သတင်း ရလျှင်ရချင်း အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း ၊ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းများ အတွက် ကြိုတင် စုဖွဲ့ထားခြင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပညာရှင်အဖွဲ့များဖြစ်သော မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ကဲ့သို့သော အဖွဲ့အစည်းများ၊ ပြည်ပ အဖွဲ့အစည်းများ ဖြစ်သော USGS, TMD အဖွဲ့အစည်း များမှလည်း သတင်းများ အဆက်မပြတ် ချိတ်ဆက် ရယူခြင်းများ ဆောင်ရွက်လျက် ရှိသည်။

အလားတူ ငလျင်ဒဏ် ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နယ်မြေ ဒေသများတွင် နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သား များက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငလျင်ကြီး ဖြစ်ပွားပြီး ချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ် နိုင်သည့် အတွက်လည်း ပြည်သူလူထု အနေဖြင့် သတိပြုနေထိုင် သင့်ကြောင်း၊ ပြည်သူလူထု အနေဖြင့် သဘာဝ ဘေးအန္တရာယ် များနှင့် ပတ်သက် သော သတင်း အချက်အလက် များကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နှာ (Relief and Resettlement Department-Myanmar) တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပြီး ယခုငလျင်ဘေး အန္တရာယ်သည် မြေအောက် အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ လမှစ၍ ယခုလှုပ်ခတ် ခဲ့သည့် ငလျင်အထိ ငလျင် ၂၆ ကြိမ် လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် အင်အား အပြင်းထန်ဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး ဧပြီ ၁၃ ရက်က ကလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်မှာ ဒုတိယ အင်အား အပြင်းဆုံး ငလျင် ဖြစ်ကြောင်း သိရသည်။

ညွန့်ဇော်အောင် ၊ အောင်လင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger