www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 9, 2016

အအေးပတ်၍ဖြစ်သော နောက်ဆက်တွဲ ရောဂါများ



ကြည်လွင်မြင့် (မုဒြာ)

အအေးပတ်ခြင်းကို လွယ်လွယ်နှင့် ပြီးသွားမည်ထင် ကြသည်။ ထိုသို့မဟုတ်ပါ။ အအေးပတ် ခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများစွာ ရှိသည်။ အခန့်မသင့်လျှင် တစ်ကြိမ် အအေးပတ် (အအေးမိ)ရုံဖြင့် အသက်ပါသွားသော ဝေဒနာများလည်း ရှိပါသည်။

စာရေးသူ၏ ဘေးခန်းသို့ လေဖြတ်ပြီး ခန္ဓာကိုယ်၏ ညာဘက် တစ်ခြမ်းလုံး မလှုပ်နိုင်သူတစ်ဦး ရောက်လာပါသည်။ စကားလည်း ပီသအောင် မပြောနိုင်တော့ပါ။ ထိုသူသည် အသက် ၅ဝ ကျော်မျှ ရှိသေးသဖြင့် အသက် ကြီးပြီဟု မဆိုသာပါ။ ညက အပေါင်းအသင်း ဟောင်းများနှင့် တွေ့ပြီး စကားစမြည် ပြောရင်း ဘီယာဆိုင် ထိုင်ခဲ့သည်ဟု ဆိုသည်။ ဘီယာ၏ သတ္တိကြောင့် ညက သုံးကြိမ်ခန့် ဆီးထသွားရသည်။ နံနက် ၃ နာရီခွဲခန့်တွင် နောက်ဆုံးအကြိမ် ဆီးထသွားပြီးနောက် အိမ်သာအဆင်း တွင်လဲကျ နေခဲ့ကြောင်းနှင့် လဲပြီး တစ်နာရီခန့်ကြာမှ အိမ်သားများ နိုးလာပြီး သိရှိကြကြောင်း ပြောပါသည်။

လေဖြတ်သူချင်း အတူတူ ဘယ်ခြမ်း လေဖြတ်ခြင်း နှင့် ညာခြမ်း လေဖြတ်ခြင်း မတူပါ။ လူအများစုမှာ ညာသန်များ ဖြစ်ကြသည်။ ညာသန်သူ ညာခြမ်း လေဖြတ်လျှင် စကားပြောသော လျှာပါးစောင်ရွဲ့ သွားသဖြင့် စကားမပီ ဖြစ်သည်။ အနောက်တိုင်း ဆေးပညာရှင် များ၏ အယူအဆမှာ ဦးနှောက်ဘယ်ခြမ်း ရှိ စကားပြောဆိုမှု ထိန်းချုပ်ထားသော ဧရိယာ (Speak Centre) ကို သွေးထောက်ပံ့မှု မရတော့သဖြင့် စကားမပီခြင်း၊ မပြောနိုင် တော့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အတူပင် ဘယ်သန်သောသူ (ဘယ်သန်) ၌ ဘယ်ဘက်ခြမ်း လေဖြတ်လျှင်လည်း စကားမပီ ဖြစ်သည်ကို တွေ့ရပါသည်။ သတိပြုကြရန် တင်ပြအပ်ပါသည်။ တစ်ရေးနိုး အပေါ့သွား တတ်သည့် အကျင့်ရှိလျှင် မိမိအိပ်ရာ အနီးတွင် အိုးထားပြီးသွားလျှင် အဆင်ပြေ နိုင်ပါသည်။

မန္တလေးမြို့တွင် အအေးပတ်ပြီး ဖျားသူ၊ နှာစေး ချောင်းဆိုးဖြစ်သူ၊ ခေါင်းအုံခေါင်းကိုက် ဖြစ်သူများမှာ ဆိုင်ကယ်စီးသူများ ဖြစ်ကြသည်။ နံနက်စောစော ဦးထုပ်မပါဘဲ ဆိုင်ကယ်စီးပြီး ပါးရွဲ့သူ မိန်းကလေး အတော် များများကို ကုသပေးရဖူး သည်။ သာမန်အေးသော အချိန်တွင်ပင် ဆိုင်ကယ်စီးလျှင် လေတိုးပြီး အအေးပတ်နိုင် သည်ကို သတိပြုဖို့ လိုသည်။ ယခုအခါ မြန်မာပြည် တစ်ဝန်း မြို့ရော၊ တောပါ ဆိုင်ကယ်စီးသူ သိန်းချီတိုးပွား လာသဖြင့် အအေးပတ် ရောဂါရသူလည်း ရှေးကထက် ပို၍များကြောင်း တွေ့ရသည်။

ဆိုင်ကယ်စီးလျှင် ရှေ့ရင်ဘတ်ကို ကာကွယ်သည့် အင်္ကျီမျိုး ဝတ်သင့်သည်။ အလွန်အေးလျှင် လည်စည်း၊ မာဖလာ စသည်များ ပတ်ထားသင့်သည်။ မျက်နှာကို လေကာပါသည့် ဆိုင်ကယ်ဦးထုပ် ကို ဆောင်းသင့်သည်။ လက်များ အအေးမိပြီး ကျဉ်လျှင် ဆိုင်ကယ်ကို မထိန်းနိုင် ဖြစ်လေ့ရှိသဖြင့် လက်အိတ် ဝတ်ဆင်ခြင်းသည် ပို၍ စိတ်ချရသည်။ အအေးမိပြီး လက်များ ကျဉ်လာရာမှ ဆိုင်ကယ် မထိန်းနိုင်ဘဲ တိမ်းမှောက်သူ၊ တိုက်ခိုက်မိသူ များလည်း တွေ့ရဖူးပါသည်။

ပါးရွဲ့ရောဂါ သည် လေဖြတ်ရောဂါ နှင့်တွဲဖြစ်ခြင်း ရှိသကဲ့သို့ လေမဖြတ်ဘဲ မျက်နှာ အအေးပတ်ရာမှ ပါးရွဲ့ခြင်းလည်း ရှိပါသည်။ အသက်ကြီးသူ များတွင် လေဖြတ်ရောဂါ ဖြစ်သကဲ့သို့ အသက်ငယ်ရွယ် သူများမှာ ပါးရွဲ့ရောဂါ ဖြစ်လေ့ရှိသည်။ မိန်းကလေးများ ပို၍ အဖြစ်များသော ရောဂါဖြစ်သည်။ သွေးပေါ်နေချိန် ခေါင်းလျှော်သူ၊ ခေါင်းလျှော်ပြီး ဆိုင်ကယ်စီးသူ၊ ကားမှန်တစ်ခြမ်း ဖွင့်စီးသူများတွင် ပို၍ဖြစ်နိုင် ပါသည်။ အအေးပတ်ခြင်း ၏ နောက်ဆက်တွဲ ရောဂါတွင် ပါးရွဲ့ခြင်းမှာ အဆိုးဆုံး ဖြစ်လေသည်။ မျက်နှာတစ်ခြမ်း ရွဲ့ပြီး မျက်စိတစ်ဖက်ပိတ် မရသဖြင့် အလွန်ကြည့် ရဆိုးသည်။

အအေးပတ် ခြင်းကြောင့်ဖြစ်သော အစာမကြေ ရောဂါလည်း ရှိသေးသည်။ ခြေဖျားလက်ဖျား အေးနေသော သူများ အစာမကြေရောဂါ ဖြစ်လေ့ရှိသည်။ အိမ်အပြင်ထွက်ပြီး အအေးပတ် လာခဲ့လျှင် ပူနွေးသော အစာကိုသာ စားသင့်သည်။ အေးသောအစာ ထမင်းအေး၊ ဟင်းအေး၊ ငှက်ပျောသီး၊ ပန်းသီး စသည်များ စားမိလျှင် အစာမခြေ နိုင်သဖြင့် ချက်ချင်း ခြေဖျားလက်ဖျား အေးစက်လာပြီး နေမကောင်း ဖြစ်နိုင်သည်။ အအေးပတ်ထား သူများ ထမင်းစားလျှင် အလွယ်တကူ ပြုလုပ်နိုင်သော ဟင်းချိုမှာ ရှောက်ရွက်ဟင်းချို ဖြစ်သည်။ ရေနွေးဆူဆူ ကို ကြွေပန်းကန် လုံးတွင် ထည့်ပါ။ ချင်း လက်တစ်ဆစ်ခန့် ထုခြေပြီးထည့်ပါ။ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ ခုနစ်မြွှာခန့် ကိုလည်း ဓားပြားရိုက် ပြီးထည့်ပါ။ ထို့နောက် ရှောက်ရွက် အနည်းငယ်ကို ကတ်ကြေးဖြင့် ပါးပါးကိုက် ထည့်ပြီး အုပ်ထားလိုက်ပါ။ အငွေ့လုံအောင် အုပ်ထားလျှင် ဖွင့်လိုက်သော အခါ ရှောက်ရွက်နံ့ မွှန်နေသော ပူနွေးသည့် ဟင်းချိုတစ်ခွက် ရပါလိမ့်မည်။ အအေးမိ ကာကွယ်ပြီး အစာကြေမှု အတွက် အထောက်အကူ လည်းဖြစ်၊ အလွယ်တကူ ပြုလုပ်နိုင်သော ရှောက်ရွက်ဟင်းချို တစ်ခွက် ဖြစ်ပါသည်။

အဆုတ်ပွရောဂါ၊ အဆုတ်အအေး မိရောဂါဖြစ်သူ များ၏ အဆုတ်ကို ဓာတ်မှန်ရိုက်ကြည့် သောအခါ အဆုတ် အတွင်းတွင် ရေငွေ့များ ရောက်နေသည်ကို တွေ့ရသည်။ ရေငွေ့ကြောင့် အဆုတ်တွင် ပြင်ပမှ ရှူသွင်းသော လေအပြည့် မဝင်နိုင်တော့ သဖြင့် မောပြီး အသက်ရှူကျပ်သော ဝေဒနာကို ခံစားရလေသည်။ ရင်ဘတ်ကို အအေးမိသူများမှာ အဆုတ်ရောင် ရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါများပါ ဖြစ်နိုင်သည်။ အဲယားကွန်းနှင့် အိပ်သူများတွင် ရင်ဘတ် အအေးပတ်ခြင်း၊ အဆုတ်ပွခြင်း ရောဂါများ ဖြစ်လေ့ရှိသဖြင့် အလွန်အကဲ အေးအောင် မဖွင့်သင့်ပေ။

''ခြေဖျားအေးမူ၊ နဖူးပူ၊ ထိုလူဖျားမည်မှတ်'' ဟု ရှေးက ဗိန္ဒောဆရာကြီး များပြောသည့် လင်္ကာရှိသည်။ ရေစပ်စပ်၊ သမံတလင်း၊ ကျောက်ပြား စသည့် အေးသော နေရာတွင် ကြာကြာရပ်ပြီး အလုပ်လုပ်ရသူ၊ လမ်းလျှောက်ရသူ များသည် ဖျားချင်သလို ဖြစ်ပြီဟု ထင်သောအခါ နဖူးကို စမ်းကြည့်လေ့ ရှိသည်။ နဖူးပူပြီး ခြေဖျားအေးနေလျှင် ဖျားတော့မည်။ ဆေးကြိုတင် သောက်ဖို့လိုပြီဟု ဆိုသည်။

ချင်း၊ ထန်းလျက်ပြုတ်ရည် သည် ရှေးကတည်းက မြန်မာလူမျိုးတို့ အသုံးပြုခဲ့သော အအေးပတ် အဖျား ကာကွယ်ဆေး  ဖြစ်သည်။ ငန်းဆေးခေါ် ဆေးပူ တစ်မျိုးမျိုးကို ကွမ်းရွက်ပြုတ်ရည် ဖြင့်သောက်သည့် အလေ့အထ လည်းရှိသည်။ ကွမ်းရွက်သည် အခိုးပွင့် စေသော အရွက်မျိုး ဖြစ်သည်။ ခြေဖျားအေးသော သူကို ဝမ်းမနုတ်ရ၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီးမှည့် စသော အအေးစာများ မကျွေးရ၊ ဝမ်းနူးစေသည့် ပဲဟင်း၊ ချဉ်ရည်ဟင်း၊ မန်ကျည်းဖျော်ရည်၊ သံပရာရည် စသည်တို့ကို မပေးရဟု ရှေးဆရာကြီးများက မိန့်မှာလေ့ရှိသည်။ ခြေဖျားအေးသူ ဝမ်းပျက်လျှင် ထိန်းမရဘဲ အထက်လှန် အောက်လျှော ရောဂါ ဖြစ်တတ်သည်။

အအေးပတ်သူသည် ဆန်ပြုတ်၊ စွပ်ပြုတ်ပူပူ သောက်ပြီး စောင်ဖြင့် နွေးထွေးစေသော အခန်း၊ လေလုံသော အခန်းတွင် တစ်ရက်ခန့် အနားယူသင့်သည်။ ခြေဖျားနွေးမှ ထမင်းစား သင့်သည်။ လေတိုက်တွင် နေခြင်း၊ ရေအေးချိုးခြင်း တို့ကို ခေတ္တ ရှောင်ကြဉ် ခြင်းဖြင့် ပြန်လည် နေကောင်းအောင် နေထိုင်သင့်ကြောင်း တင်ပြအပ် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger