www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 15, 2016

ဝိတ်ချချင်သူတိုင်း အတွက် အလေ့အကျင့်ကောင်းများ


ဝိတ်ချချင်သူတိုင်း အတွက် အလေ့အကျင့်ကောင်းများ

ဒေါက်တာ အေးမင်းထူး

၂၀၁၀ ပြည့်နှစ်တုန်းက မစားခင်ရေသောက် တာက ၀ိတ်ချရာမှာ ဘယ်လောက် အတိုင်းအတာထိ အသုံးဝင်သလဲ ဆိုတာ စမ်းသပ်ခဲ့တယ်။ အသက် ၅၅-၇၅ နှစ် အတွင်းရှိတဲ့ အ၀လွန်လူကြီး တွေကို အုပ်စုနှစ်စုခွဲပြီး စမ်းသပ်တယ်။ တစ်စုကို ဒီအတိုင်း အစားရှောင်ခိုင်းပြီး နောက်အုပ်စု တစ်စုကိုတော့ မစားခင် နာရီဝက် အလိုမှာ ရေ ၅၀၀ မီလီလီတာ (ရေသန့်တစ်ဘူးခွဲ) လောက်သောက်ခိုင်းပြီး စမ်းသပ်တယ်။ သုံးလကြာတဲ့ အခါမှာ အဲဒီ အုပ်စုနှစ်စုကို နှိုင်းယှဉ်ကြည့်တဲ့ အခါ မစားခင် ရေသောက်တဲ့ အုပ်စုက ပျမ်းမျှ နှစ်ကီလိုလောက် ၀ိတ်ကျတာ တွေ့ရတယ်။ ဒါကြောင့် ၀ိတ်ချချင်သူတိုင်း မစားခင် နာရီဝက် အလိုမှာ ရေဖန်ခွက် နှစ်ခွက် ၅၀၀ မီလီလီတာ သောက်ရင် ၀ိတ်ချရာမှာ အထောက်အကူ ပြုမှာဖြစ်တယ်။

ခြေထောက်ကိုပဲ သုံးပါ

ယေဘုယျအားဖြင့် နေ့စဉ် နာရီဝတ်လောက် ကိုယ်လက် လှုပ်ရှားတာဟာ ၀ိတ်တက် မလာအောင် ထိန်းပေးနိုင်တယ်။ လေ့ကျင့်ခန်းကို အနည်းဆုံး တစ်ပတ်ငါးကြိမ် လုပ်ဖို့လိုတယ်။ ဒါပေမယ့် ၀ိတ်မြန်မြန် ကျချင်တယ် ဆိုရင်တော့ အနည်းဆုံး ၄၅ မိနစ်လောက် လုပ်ဖို့လိုတယ်။ ဒါမှသာ သိမ်းဆည်းထားတဲ့ ကယ်လိုရီ တွေ မြန်မြန် လောင်ကျွမ်းပြီး ၀ိတ်မြန်မြန်ကျမှာ ဖြစ်တယ်။ အလယ်အလတ် တော်သင့်ရုံ လေ့ကျင့်ခန်း ဆိုတာ လမ်းလျှောက်တာ ၊ ရေကူးတာ ၊ အကလေ့ကျင့်တာ ၊ တင်းနစ် ၊ ကြက်တောင် ကစားတာမျိုး ကို ဆိုလိုပါတယ်။ ကြားထဲမှာ ကြုံရင်ကြုံသလို လှေကားတက်တာ ၊ အလုပ်ကို ခြေကျင်သွားတာမျိုး လုပ်စေချင်တယ်။ ၀ိတ်ချတဲ့အခါ အရေးကြီးဆုံး စိတ်က ကိုယ့်ရာထူး ၊ အဆင့်အတန်း တွေကို ဘေးချပြီး သာမန်လူတွေလို သွားလာ လှုပ်ရှားရမှာ ဖြစ်တယ်။ တီဗွီ ၊ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာ ထိုင်တာမျိုး လုံးဝ မလုပ်သင့်ပါ။ အဓိကကတော့ ၀ိတ်ချခါစ ပထမလ အတွင်းမှာ ဖြစ်တယ်။ လမ်းလျှောက်ဖို့ အချိန်မပေးနိုင် ရင်တောင် အနီးအနား သွားတဲ့အခါ ကိုယ့်ခြေထောက် ကို သုံးပြီးသွားပါ။ ဒီအချက်ကို ခေါင်းထဲ သံမှိုစွဲသလို ထည့်ထားပါ။

စားသမျှကို ချရေးပါ

ဒီအလေ့အကျင့်ကို လုံးဝ အထင်မသေးပါနဲ့။ တစ်နေ့တာ စားသမျှ ၊ သောက်သမျှကို ချရေးတာဟာ ၀င်သွားတဲ့ ကယ်လိုရီကို ယေဘုယျ တွက်ချက်နိုင်မှာ ဖြစ်သလို နောက်ရက် အစားအသောက် ရွေးချယ် စားသုံးရာမှာလဲ အထောက်အကူ ဖြစ်မှာဖြစ်တယ်။ ကောင်းတာက ပိုစားမိရင်လဲ သတိပြု ဆင်ခြင်နိုင်တယ်။ ပြင်ဆင်နိုင်တယ်။ ဒါကြောင့် ၀ိတ်ချချင်သူတိုင်းကို စာအုပ်လွှတ် တစ်အုပ် သီးသန့် ဆောင်ထားဖို့ အလေးအနက် အကြံပြုပါတယ်။ အဲဒီစာအုပ်ထဲမှာ တစ်နေ့တာ စားသမျှ အစားအသောက် ၊ လှုပ်ရှား သွားလာမှုနဲ့ ကိုယ်အလေးချိန် စတာတွေကို စနစ်တကျ မှတ်တမ်းတင် ထားရမှာ ဖြစ်တယ်။ ပြီးရင် ညရောက်တိုင်း ပြန်လည် သုံးသပ်ပြီး နောက်ရက်အတွက် ကြိုတင် ပြင်ဆင်စေချင်တယ်။ ကိုယ် အလေးချိန် ကိုတော့ နေ့စဉ်မချိန်ဘဲ နှစ်ရက် (ဒါမှမဟုတ်) သုံးရက်တစ်ခါ သာ ချိန်စေချင်တယ်။

သတိပြုစရာတစ်ချက်

ဝိတ်ချတဲ့အခါ အရှေ့ပိုင်း ရက်တွေမှာ ၀ိတ်ကျတာ မြန်လိမ့်မယ်။ ဒါဟာ ထုံးစံပဲ။ ဘာကြောင့်လဲ ဆိုတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်တွေက အရင်ဆုံး ရှုံးသွားလို့ ဖြစ်တယ်။ နောက်ပိုင်းမှ ခန္ဓာကိုယ်တွင်း အဆီတွေ ဆုံးရှုံးလိမ့်မယ်။ ဒါကြောင့် ၀ိတ်ချခါစ ပထမလတွေမှာ သိသိသာသာ ၀ိတ်ကျတာကို မြင်တွေ့ရမှာ ဖြစ်ပြီး နောက်လတွေမှာတော့ ဖြည်းဖြည်းချင်းသာ ကျလိမ့်မယ်။ ဆိုလိုချင် တာက ငါဝိတ်ကျတယ် ဆိုပြီး အစာကို ၀မ်းသာအားရ ပိုမစားမိဖို့ပါ။ ဒါကို အထူးသတိချပ် စေချင်တယ်။ စားရေးသူ မကြာခဏ ပြောသလို အ၀လွန်သူတွေ ၀ိတ်ကျဖို့ဆိုရင် အချိန်တော့ အနည်းငယ် ပေးရလိမ့်မယ်။ အချိန်ရယ် ၊ ၀ိတ်ကျရမယ် ဆိုတဲ့ စိတ်အား ထက်သန်မှုရယ် ပေါင်းစပ်လိုက်ရင် ကိုယ်လိုချင်တဲ့ ၀ိတ်အတိုင်းအတာ တစ်ခုကို သေချာ ပေါက်ရောက်မယ် ဆိုတာ သေချာနေပါတယ်။

ဝိတ်ချပေးမယ့် ပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးပါ

ဒီအချက်ကလဲ တောင်တော် အရေးကြီးတယ်။ ၀ိတ်ချချင်သူတွေဟာ ၀ိတ်ချခါစရက် တွေမှာတော့ စိတ်အား ထက်သန်ကြ ပေမယ့် အချိန် အနည်းငယ် ကြာလာတဲ့အခါ မှာတော့ စိတ်ကို မထိန်းနိုင်ဘဲ စားချင်တာ ပြန်စားပြီး ၀လာကြတယ်။ ဒါဟာ စားရေးသူ ၀ိတ်ချပေးနေတဲ့ သူတွေမှာ အမြဲတွေ့ရတဲ့ လက္ခဏာတစ်ခုပါ။ လူတစ်ရာ ရှိရင် ၉၀ ရာခိုင်နှုန်း က စိတ်ပျက်ချင်တယ်။ ငါ တော်တော်လေး လုပ်ပြီးပြီပဲ။ ငါ့ ခန္ဓာကိုယ်လေး သနားပါတယ်။ 

တော်ပါပြီလေ။ မလုပ်တော့ပါဘူး ဆိုတာမျိုး လူအများစု ဖြစ်ကြတယ်။ တကယ်က ကိုယ့်ကိုယ်ကိုယ် ညှာတာတဲ့ သဘောမျိုးပါ။ အဲဒီလို မဖြစ်အောင် ၀ိတ်ချပေးမယ့် ပညာရှင် ၊ ဆရာဝန် တစ်ယောက်ယောက် နဲ့ ဆွေးနွေးဖို့ လိုတယ်။ ဆေးခန်းမှာ ဆိုရင်တော့ သုံးရက်ခြား တစ်ခါတွေ့ပြီး ဆောင်ဖို့ ၊ ရှောင်ဖို့တွေ ပြောပြီး အားပေးရတယ်။ အမေရိကား မှာတော့ ၀ိတ်ချချင်သူတွေ အချင်းချင်း တွေ့ဆုံပြီး အားပေးကြ ၊ Group တွေဖွဲ့ပြီး အတွေ့အကြုံ တွေ ဖလှယ်ကြတယ်။ ဒီလိုလုပ်တာက ၀ိတ်ချရာမှာ တကယ်လဲ အထောက်အကူ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ၀ိတ်ချပြီး ပင်ပန်းနေတာ ကိုယ် တစ်ယောက်ထည်း မဟုတ်ဘူး ဆိုတာ နားလည်သွားလို့ ဖြစ်တယ်။ အဲဒီ နောက်မှာ ကြိုးစားချင်စိတ် တွေလဲ ပိုရှိလာတယ်။

ပိန်ဆေးချည်း အားမကိုးကြနဲ့

ဝိတ်ချရာမှာ တချို့ ဆေးအကူအညီ လိုတယ်။ ဒါပေမယ့် ပိန်ဆေး ဆိုတာနဲ့ အများစု ထင်နေသလို ပဉ္စလက် ဆန်ဆန် ၀ိတ်ကျသွားမှာမျိုး မဟုတ်ဘူး။ သူက ၀ိတ်ကျအောင် တစ်နည်းတစ်ဖုံ အထောက်အကူ ပြုမှာဖြစ်တယ်။ လက်တွေ့မှာ ပိန်ဆေးတွေရဲ့ အကျိုး သက်ရောက်မှုက ၂၀ ရာခိုင်နှုန်း ထက် လုံးဝမပိုဘူး။ ၀ိတ်ကျဖို့က ကိုယ့်ဘာသာ ကြိုးစားမှပဲ ရတယ်။ အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရမယ်။ ပိန်ဆေးတွေက လုံးဝ အသုံးမ၀င်ပါ။ ကဲဆိုးရင် လူ့ ကျန်းမာရေး ကိုတောင် ထိခိုက်စေတယ်။ လူနာတွေထဲမှာ ပိန်ဆေးတွေ သောက်ပြီး အစာအိမ် သွေးကြောပေါက်တာ ၊ အစားအသောက် ပျက်တာမျိုး မကြာခဏ တွေ့ရတယ်။ တချို့ဆေး တွေဆို တားမြစ်ထားမှန်း မသိဘဲ သုံးနေကြတာ ပိုဆိုးတယ်။ အရင်ခေတ်က လူငယ်တွေကြား နေပန်းစားတဲ့ Sibutramine နဲ့ Rimonabant လိုဆေးတွေ ကိုတော့ လုံးဝ တားမြစ်လိုက်ပါပြီ။ နှလုံးနဲ့ ဦးနှောက်ကို ထိခိုက်စေလို့ ဖြစ်တယ်။ ဒီနေ့ခေတ်မှာ အွန်လိုင်းဆေးတွေ ပို သတိထားရမယ်။ စာရေးသူ အနေနဲ့ အထူး အကြံပေးချင် တာက အဲဒီဆေးမျိုး ဆရာဝန် ခွင့်ပြုချက် မရှိဘဲ လုံးဝ(လုံးဝ) မသုံးသင့် ပါဘူး။ စနစ်တကျ ၀ိတ်ချရင် မကြာခင် သိသိသာသာ ၀ိတ်ကျတာ တွေ့ရပါလိမ့်မယ်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger