www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 22, 2016

ISIS တို့၏ နိဂုံးချုပ်သည် မကြာမီမှာ လာတော့မည်လား




( ရှိန်းထက် )

ဆီးရီးယားနှင့် အီရတ်တို့တွင် ISIS တို့၏ အဓိက နယ်မြေများ ဆုံးရှုံး နေသလောက် လစ်ဗျားတွင်တော့ ဆန့်ကျင်စွာပင် ISIS တို့က နယ်မြေများကို ပိုင်ဆိုင် လာနေသည် ဟူ၍ နာမည်ကြီး ခဲ့သည်။ ယခုအခါ လစ်ဗျားတွင် သုံးပတ်ကြာ ထိုးစစ်များနှင့် အတူ အဓိကကျသည့် နေရာများကို လစ်ဗျား အစိုးရက ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

လစ်ဗျားတွင် ISIS တို့ အခိုင်အမာ တပ်စွဲထားသော ISIS မြို့တော်သည် ဆာတီမြို့ ဖြစ်သည်။ ISIS တို့သည် ဆာတီ ကိုမပေးရရေး အတွက် အင်အား အလုံးအရင်းနှင့် ထိုနေရာ မှပင် တိုက်ခိုက် နေသည်။ လစ်ဗျားအစိုးရ တပ်များက ခြေလျင်တပ်များ သာမက ရေတပ်ကိုပါ ကမ်းရိုးတန်း မြို့တော် ဆာတီကို ဝင်တိုက်ဖို့ စီစဉ်ထားပြီးပြီ ဖြစ်သည်။ အမေရိကန်တို့ ဖွဲ့စည်းပေး ထားခဲ့သော တိုက်ခိုက်ရေး အဖွဲ့က အင်အား ၆ဝဝဝ ကျော်ရှိပြီး လစ်ဗျားတို့ အဓိက အားထားရသော တပ်ဖွဲ့ ဖြစ်သည်။

လစ်ဗျားအစိုးရ က မကြာမီ ISIS တို့ ထိန်းချုပ်ထားသော နေရာအားလုံးကို ပြန်လည် သိမ်းပိုက် နိုင်တော့မည်ဟု ဆိုထားပြီး ISIS ကို လစ်ဗျားမြေထဲမှ မောင်းထုတ် နိုင်တော့မည် ဟု ယုံကြည် နေသည်။ ISIS တို့သည် အဓိက နေရာများ ဖြစ်သော ဆီးရီးယား နှင့်အီရတ် တို့တွင် နယ်မြေများ အကြီးအကျယ် ဆုံးရှုံးနေပြီး ပြေးသမျှ နေရာတိုင်း ကိုလည်း အမေရိကန် နှင့်ပြင်သစ် တို့က ဗုံးများ လိုက်လံကြဲ နေသည်။

ရုရှား၊ အမေရိကန်နှင့် ပြင်သစ်တို့၏ ISIS တိုက်ခိုက်ရေး ပုံစံသည် ယခုမှ အကောင်အထည် ပေါ်လာသည်။ ယခု ပြင်သစ်စစ်ဘက် ထိပ်ပိုင်းဆိုင်ရာ အရာရှိကြီးများ ဝါရှင်တန်ကို ရောက်နေသည်။ ISIS ကိုအမြစ်ပြတ် ချေမှုန်းဖို့ အတွက် အကြီးအကျယ် ဆွေးနွေးနေသည်။ လေကြောင်း အင်အားကို နှစ်ဆတိုးမည်။ မြေပြင် အထူးတပ်ဖွဲ့ များကို တိုးမြှင့် စေလွှတ်မည်။ အီရတ်ရှိ မိုဆူးကို ပထမဆုံး တိုက်မည်။ ထို့ပြင် တစ်ပြိုင်နက် တည်းတွင် ဆီးရီးယားရှိ ISIS ဌာနချုပ် တည်ရှိရာ ရက်ကာမြို့ ကို တိုက်ခိုက်မည်။ ယခုလည်း ပြင်သစ်နှင့် ISIS တို့သည် ရက်ကာကို တစ်နေ့ ဗုံးဆယ်နှင့်ချီ ကြဲနေသည်။

အမေရိကန် ကျောထောက် နောက်ခံ ဆီးရီးယားသူပုန် များကလည်း တူရကီ နယ်စပ်က ISIS တို့ကို အဓိက ချေမှုန်းနေသည်။ ရုရှား ကျောထောက် နောက်ခံ ပေးထားသော အာဆတ်အစိုးရ စစ်သည်များ နှင့် ရုရှားကလည်း လေကြောင်းကနေ အလက်ပိုမြို့ ကိုဗုံးကြဲနေပြီး ဆက်လက် တိုက်ခိုက် နေပြန်သည်။ ISIS တို့သည် ပြေးစရာနေရာ မရှိတော့ လောက်အောင် ဖြစ်နေရသည်။ ထို့ကြောင့် ISIS စီးပွားရေးသည် မည်မည်ရရ ပြစရာပင် မရှိတော့ဘဲ သူ့အဖွဲ့သား များဆီကပင် ဒဏ်ငွေပြန်ဆောင် ခိုင်းပြီး ရန်ပုံငွေ ပြန်စု နေရသည်။ ယခင်က ရေနံတင်ပို့ပြီး တစ်နေ့ ဒေါ်လာသန်းချီ ဝင်ခဲ့သော ISIS သည် သောင်းချီပင် ဝင်ဖို့ ခက်ခဲသွား တော့သည်။ နယ်စပ်ဒေသ များကို ထိန်းချုပ်ပြီး ဆက်ကြေး တောင်းသည့် အစီအစဉ်လည်း အစိုးရတပ် များက နယ်စပ်စည်းမျဉ်းများကို ဖြတ်တိုက် နေသောကြောင့် တစ်ပြားမှ မရ ဖြစ်နေသည်။

ထို့ကြောင့် ISIS တို့ ရှင်သန် ရပ်တည်ရေး အတွက် အနာဂတ်သည် မှေးမှိန်လာရ တော့သည်။ ပြည်ပ တိုက်ခိုက်ရေး ဘက်တွင်လည်း ISIS သည် ယခင်ကလို ဗုံးများ၊ လက်နက်များ၊ စစ်သင်တန်း များကို မပေးနိုင် တော့ဘဲ ကြုံရာကျပန်း အရာများကို အသုံးချပြီး အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်ခိုင်း နေရသည်။ ယခင်က ISIS တို့နှင့် သွားရောက် ပူးပေါင်းသူ များခဲ့သောကြောင့် ထိန်းချုပ်ရ ခက်ခဲသော ပြည်နယ်များသည် ယခုပြန်လည် တည်ငြိမ်နေပြီး ပြည်ဝင်ခွင့် များနှင့် သံသယရှိသူ အကြမ်းဖက်သမား များကို ခြေရာ ခံနိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း အကြမ်းဖက် ဝါဒ အခြေခံ ရှိနေသော ပြည်တွင်း အစွန်းရောက် များကိုတော့ ISIS တို့က သူ့နည်းသူ့ဟန် ဖြင့် ဝါဒဖြန့်နေနိင် သေးသည်။ သို့သော်လည်း ရာခိုင်နှုန်း အားဖြင့် လွန်စွာအားနည်း သွားပြီဖြစ်သည်။ ISIS တို့ လက်မထောင် ခဲ့သော ခေတ်ကုန်ဆုံးဖို့ နီးကပ်လာနေပြီ ဖြစ်သည်။ ယခင်က အမျိုးသမီး များကို ဈေးသတ်မှတ်ပြီး ရောင်းသော ISIS ဈေးကွက်လည်း ယခု လုံလုံ လောက်လောက် မပေးနိုင်တော့ သောကြောင့် အလိုအလျောက် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ISIS တို့၏ ယခုနောက်ပိုင်း ပစ်မှတ်များကိုလည်း ခန့်မှန်းနေနိုင်ပြီ ဖြစ်သည်။ လူစည်ကားသော ပွဲတော်များနှင့် ကမ္ဘာလှည့် ခရီးသွားများပင် ဖြစ်သည်။ လူတိုင်း၏ ရင်ထဲကို အကြောက်တရား ရိုက်ထည့် ပေးချင်သော ISIS တို့၏ ရည်ရွယ်ချက် ကိုလည်း သိနေပြီဖြစ် သောကြောင့် ကြိုတင်ပြင်ဆင်မှု များကို ယခင်ကထက် ပိုမိုပြုလုပ်ထား နိုင်ပြီဖြစ်သည်။ ယခုတော့ အာရှ အလယ်ပိုင်းသည် ISIS တို့၏ ပစ်မှတ်သစ် ဖြစ်လာနိုင် နေသည်။ ISIS သည်အစီအစဉ် အလှည့်ကျနှင့် အနောက်ပိုင်းနှင့် အရှေ့ပိုင်းကို အကြမ်းဖက်လေ့ ရှိသည်။ ပြင်သစ်၊ အမေရိကန် နှင့် ဂျာမနီတို့၌ အကြမ်းဖက် ပြီးနောက် ယခု အရှေ့အာရှ အလယ်ပိုင်းသည် ပုံသေနည်းအရ ပစ်မှတ် ဖြစ်လာနေသည်။ ထို့ကြောင့် အမေရိကန်၊ ပြင်သစ် နှင့် ဂျာမနီတို့က အရှေ့အာရှ အလယ်ပိုင်းကို သတိပေးမှုများ ပြုလုပ်ထားပြီ ဖြစ်သည်။ ISIS တို့၏ ဂျာမနီမြေ၌ သွေးမြေကျအောင် လုပ်ခဲ့မှု များကြောင့် ဂျာမနီ၏ စစ်အင်အားလည်း အရှေ့အလယ်ပိုင်း ကို ရောက်လာဖို့ ခြေလှမ်းများ ကလည်း အစပျိုးနေပြီ ဖြစ်သည်။ ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံများ၏ ထိုးစစ်ကို ခံနေရသဖြင့် ISIS အတွက် အခြေအနေက မလှတော့ပြီ။ ယခုပင် ISIS သည် နေရာတိုင်းတွင် မရှုမလှခံနေရပြီ ဖြစ်သည်။ ရေကြည်ရာ မြက်နုရာရှာရင်း ဌာနချုပ်ကိုပင် နေရာပြောင်းဖို့ စီစဉ် နေရသည်။ ဌာနချုပ်ဟု ဆိုသော ဆီးရီးယား၏ မြို့တော်တစ်ခု ဖြစ်သော ရက်ကာမြို့ သည် ဗုံးဆန်များကြောင့် မြို့ပျက်ကြီးတစ်ခု ဖြစ်လျက်ရှိသည်။ 

ယခင်က တူရကီဆီ က ရေနံနှင့် လက်နက် အလဲအလှယ် လုပ်သော ဈေးကွက်လည်း ပျက်စီးသွားပြီး အီရတ် အစိုးရ၏ မြို့သိမ်း တိုက်ပွဲများကြောင့် လက်နက်များ ကိုပင် မသယ်နိုင်ဘဲ ထွက်ပြေးခဲ့ ရသော ISIS တို့သည် လက်နက် အင်အားလည်း ချို့တဲ့နေပြီ ဖြစ်သည်။ အသစ်ထပ်မံ ရရှိပြီးသား လက်နက် များလည်း ဆုံးရှုံး နေသောကြောင့် ISIS ၏ အနာဂတ်သည် ပုံသေ သတ်မှတ်ဖို့ ခက်ခဲ သွားတော့သည်။ ထို့ပြင် ယခုပြင်သစ်နှင့် အမေရိကန် တို့၏ နှစ်ဆတိုး တိုက်ခိုက်မည့် အစီအစဉ် များနှင့် ဂျာမနီ က ဝင်လာဖို့ လမ်းစများ နေသောကြောင့် ISIS တို့၏ နိဂုံးချုပ်သည် မကြာမီ ရောက်လာ တော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger