www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 7, 2016

Contract Farming စနစ်များကို တောင်သူများအကြား တိုးတက်လာစေရန် အကောင်အထည်ဖော်မည်



ရန်ကုန် ၊ ၇-၇-၂၀၁၆

နိုင်ငံတကာနှင့် သဘောတူ ညှိနှိုင်း စာချုပ်များ  ချုပ်ဆို၍ အပြန်အလှန် တင်ပို့ ရောင်းချသည့် Contract Farming စနစ်များကို တောင်သူများ အကြား တိုးတက် လာစေရန် Info-Zone Farming Network အဖွဲ့မှ အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

Contract Farming ဆိုသည်မှာ ဝယ်ယူသည့် ကုမ္ပဏီမှ စိုက်ပျိုးသူများ လိုအပ်နေသည့် နည်းပညာများ ပေး၍ စိုက်ပျိုးစေပြီး ထွက်ရှိလာသည့် သီးနှံများကို အကုန်ရိတ်သိမ်း ယူရန် စာချုပ်ချုပ်ဆိုသည့် စနစ်ဖြစ်သည်။

အဆိုပါ Contract Farming စနစ်ကို အကောင် အထည်ဖော် နိုင်ရန်အတွက် Info-Zone Farming Network အဖွဲ့မှ ကိုယ်တိုင်စတင် ဈေးကွက်ရှာ၍ စာချုပ်များ ချုပ်ဆိုတင်ပို့ပြီး ပြည်တွင်းရှိ တောင်သူများ ထံသို့ ပြန်လည်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံ စိုက်ပျိုးရေး လောကအတွက် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ အာရုံစိုက်ပြီး လုပ်သွားမယ်။ Contract Farming စနစ်တွေကို တောင်သူတွေကြား တိုးတက် လာစေဖို့ ကြိုးစား နေပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်း ဆုံးရှုံးသွားရင် ပြဿနာ မရှိပါဘူး။ စိုက်ပျိုးပြီးမှ တောင်သူတွေ မနစ်နာ ရအောင်အတွက် ကိုယ်တိုင် အရင်စိုက်ပျိုး ထုတ်လုပ်ပြီး နည်းစနစ် တွေကို ဖြန့်ဝေ ပေးသွားမှာပါ'' ဟု Info-Zone Farming Network အဖွဲ့မှ စိုက်ပျိုးရေး နည်းပညာပိုင်း တာဝန်ခံ တစ်ဦးက ပြောသည်။

Info-Zone Farming Network အဖွဲ့သည် ဓာတုဆေးလွတ် ငရုတ်သီးကို စိုက်ပျိုးရန် ၂ဝ၁၆ ခုနှစ် မေလတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ဖြင့် စာချုပ်ချုပ်ဆို ခဲ့ပြီး ဓာတုဆေးလွတ် ဂျပန်ပိန်းဥ စိုက်ပျိုးရန် အတွက် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားသည့် ဂျပန်ပိန်းဥ စက်ရုံဖြင့်လည်း စာချုပ်ချုပ်ဆို ထားသည်။

''အခု လောလောဆယ် ဂျပန်ပိန်းဥ စာချုပ်က နေပြည်တော်နဲ့ ရှမ်းပြည်နယ် ဘက်ကို ချုပ်ထားတယ်။ ပုံမှန်ပြည်တွင်း စီးဆင်းမှုက Contract မရှိဘူး။ Contract Farming လုပ်တဲ့အတွက် အကျိုးအမြတ်လည်း ပိုရှိတဲ့အပြင် တခြားနိုင်ငံ တွေရဲ့ လိုအပ်ချက်တွေ ကို သိရတယ်။ Customer လိုအပ်ချက်ကို လိုက်လုပ်ရင်း နည်းပညာပိုင်း မှာလည်း သင်ယူခွင့် ရသွားပါတယ်'' ဟု Info-Zone Farming Network အဖွဲ့မှ စိုက်ပျိုး ထုတ်လုပ်သူ ကိုမျိုးဇော် က ပြောသည်။

Contract Farming စနစ်များသည် တောင်သူများအကြား တိုးတက်လာပါက ပြည်တွင်းဈေးကွက် လိုအပ်ချက်များ အပြင် နိုင်ငံတကာ ဈေးကွက် လိုအပ်ချက်များ ကိုပါ သိရှိနိုင်မည် ဖြစ်ပြီး ပြည်ပ စိုက်ပျိုးနည်း စနစ်နှင့် မတူကွဲပြားသည့် နည်းပညာသစ် များကိုပါ သင်ယူခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Info-Zone Farming Network အဖွဲ့သည် ဒေသအသီးသီးမှ အပင်စိုက်ပျိုး သူများ၊ မြေသြဇာပိုင်း၊ ဈေးကွက်နှင့် နည်းပညာပိုင်း ကျွမ်းကျင်သူ၊ ရင်းနှီးမြှုပ်နှံ မည့်သူများ စုပေါင်း၍ Online မှ အပြန်အလှန် ချိတ်ဆက်ဖွဲ့စည်း ထားသည့်အဖွဲ့ တစ်ခုဖြစ်ပြီး တန်ဖိုးနည်း လယ်ယာသုံး စက်ပစ္စည်းများ ကိုတီထွင်ကာ တောင်သူများ အတွက် ဈေးနည်း အချိန် သက်သာစွာ ဖြန့်ချိပေး နေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger