Construction at Calderon (Cuarteron) Reef in the disputed Spratly Islands
( ရှိန်းထက် )
တစ်နှစ်လျှင် ကမ္ဘာ့ ကုန်သွယ်ရေး ၏ ကုန်သွယ်မှု လေးပုံတစ်ပုံ အမေရိကန် ဒေါ်လာ ၅ ဒသမ ၃ ထရီလီယံ တန်ဖိုးရှိသည့် နေရာဖြစ်သော တောင်တရုတ် ပင်လယ်ပြင် ကုန်သွယ်ရေး လမ်းကြောင်းကို တရုတ်တို့က အပိုင်စီးပြီး ကျွန်းတုများ ဆောက်လုပ်နေခြင်းကို အမေရိကန် နှင့် အာဆီယံ နိုင်ငံတချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ များက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြ သော်လည်း တရုတ်က အရေးမစိုက်ဘဲ အရှိန်မပျက် ဆက်လက် လုပ်ကိုင်လျက် ရှိသည်။
တရုတ်တို့က ပင်လယ်ပြင် အရေးပေါ် ကယ်ဆယ်ရေး၊ သဘာဝ ဘေးအန္တရာယ် သုတေသနပြုရေး နှင့် ကုန်သွယ်ရေး လမ်းကြောင်းကို ဘေးကင်း လုံခြုံစေရေး ဟု အကြောင်းပြသည်။ ထို့ပြင် တရုတ်တို့၏ One Belt and One Road စီးပွားရေး စီမံကိန်းသည် တောင်တရုတ် ပင်လယ်ပြင် ကို ဖြတ်ကျော်ရမည့် လမ်းကြောင်း ကလည်း ရှိသေးသည်ဟု ဆိုသည်။
One Belt and One Road စီးပွားရေး စီမံကိန်းသည် နိုင်ငံပေါင်း ၄ဝ ကျော်ကို ဖြတ်ကျော် ကုန်သွယ်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်တိုးတက် လာအောင် ဆောင်ရွက်ရာတွင် အထောက်အကူပြု မည်ဟု တရုတ်အစိုးရက ပြောသည်။ ယင်းစီးပွားရေး စီမံကိန်း အတွက် တရုတ်တို့က အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ကျော် ဘတ်ဂျက် သတ်မှတ်ထားသည်။ လူပေါင်း ၄ ဒသမ ၄ ဘီလီယံနှင့် ဆက်စပ် ကုန်သွယ်မည့် တရုတ်၏ မဟာဗျူဟာ စီမံကိန်းသည် စီးပွားရေး အင်ပါယာ တစ်ခု ထူထောင်ရေး ဖြစ်သည်။
One Belt and One Road တွင် ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခု ရှိသည်။ ကုန်းလမ်းကြောင်း ကုန်သွယ်ရေးနှင့် ရေလမ်းကြောင်း ကုန်သွယ်ရေး ဖြစ်သည်။ ကုန်းလမ်းကြောင်းတွင် ရထားလမ်း များနှင့် ပိုက်လိုင်းများ ဖောက်လုပ်ပြီး ကုန်သွယ်မည် ဖြစ်ပြီး ရေလမ်းကြောင်းတွင် အိန္ဒိယသမုဒ္ဒရာ နှင့် တောင်တရုတ် ပင်လယ်ပြင် တို့ကို ဖြတ်ပြီးယူရေးရှား၊ အာဖရိက နှင့် အရှေ့ အလယ်ပိုင်း အထိ ထိုမှတစ်ဆင့် ဥရောပ အရောက် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။
တရုတ်သည် ရေလမ်းကြောင်း ကုန်သွယ်ရေးတွင် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အား အကြီးဆုံးနိုင်ငံ တစ်နိုင်ငံ၏ စံနှုန်းနှင့် နှိုင်းယှဉ်လျှင် လွန်စွာအားနည်း နေသေးသည်။ လုံခြုံရေးကလည်း အပြည့်အဝ မပေးနိုင် သေးပေ။ ထို့ကြောင့် တရုတ်တို့ တောင်တရုတ် ပင်လယ်ပြင်တွင် သူတို့ရေကြောင်း ကုန်သွယ်ရေးကို အထောက်အကူ ပြုရန်နှင့် လုံခြုံရေးပေးရန် ကြံရတော့သည်။ နောက်ဆုံး ကျွန်းတုများ ဆောက်လုပ်ပြီး စစ်အခြေစိုက်စခန်း တစ်ခု တည်ထောင်ကာ ကုန်သွယ်ရေးနှင့် လုံခြုံရေးအတွက် ဟု အကြောင်းပြသည်။ တခြားကျွန်း များကို သိပံ္ပသုတေသန ဟု ခေါင်းစဉ်တပ်သည်။ ယခု တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့၏ ရေအောက် သုတေသနစခန်း တစ်ခုကို တည်ဆောက်ဦးမည် ဖြစ်သည်။ ကုန်သွယ်ရေး အတွက် လုံခြုံရေးဟု အကြောင်းပြ သော်လည်း တစ်ဖက်က စစ်ရေးအင်အားကို အလုံးအရင်းနှင့် ဖြည့်တင်းခဲ့သည်။
တရုတ်တို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဇာတ်ကွက် ခင်းလိုက်ခြင်း ဖြစ်သည်။ ပင်လယ်ပြင် ကုန်သွယ်ရေး အတွက် လုံခြုံရေး ပေးလျှင် စစ်လက်နက် ပစ္စည်းအင်အား လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် စစ်အခြေစိုက် စခန်းတစ်ခု တည်ဆောက် ရသည်ဟု တရုတ်က ပြောသည်။ တရုတ်တို့၏ ကျွန်းတု စစ်အခြေစိုက် စခန်းက သူတို့ကုန်သွယ်ရေး အတွက်လည်း ကာကွယ် ပြီးသားဖြစ်၊ အာရှ-ပစိဖိတ် ဒေသအတွက် လည်း ရေဒါစနစ် ဖြန့်ကြက်ပြီးသား ဖြစ်သွားခဲ့သည်။
လုံခြုံရေးဟု အကြောင်းပြချက် ကောင်းပေးကာ အာရှ-ပစိဖိတ် တွင် စစ်အင်အား တိုးမြှင့်ခြင်း ဖြစ်သည်။ အဓိက ရည်ရွယ်ချက် ကိုသိသော်လည်း အမေရိကန် တို့အတွက် နောက်ထပ် အပြစ်ရှာမရ လောက်အောင်
အကြောင်းပြချက်က ခိုင်မာနေသည်။ အာဆီယံနိုင်ငံ ငယ်လေးများ၏ ပင်လယ်ပြင် ပိုင်နက်ကို တရုတ်တို့က စစ်အင်အား အသုံးပြုကာ ကျွန်းတု ဆောက်လုပ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေး ပိုင်နက်ကို ထိန်းချုပ် ချင်သည်ဟု ဆိုသည့် ဟောင်းနွမ်းနေသော အကြောင်း ပြချက် ကိုသာ ဆုပ်ကိုင်ထားသည်။
ထို အကြောင်းပြချက်ဖြင့် အမေရိကန်က ဖိလစ်ပိုင်နှင့် စစ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့သည်။ ဗီယက်နမ် နှင့် စစ်ရေး သဘောတူညီချက် များယူသည်။ နောက်ဆုံးသူ၏ တတိယမြောက် တိုက်ခိုက်ရေး တပ်ဖွဲ့ကိုပင် အာရှ-ပစိဖိတ် ကို စေလွှတ်ခဲ့သည်။ အမေရိကန်တို့၏ ဖျက်သင်္ဘောများ၊ စစ်သင်္ဘောများ နှင့် အိုဘားမား၏ Air Force One အပါအဝင် တိုက်လေယာဉ် များသည် တောင်တရုတ် ပင်လယ်ပြင်ရှိ တရုတ်တို့ပိုင်နက် ဟု သတ်မှတ်ထားသည့် နေရာများကို တရုတ်တို့ အပြင်းအထန် ကန့်ကွက်နေသည့် ကြားထဲမှပင် ပျံသန်းခဲ့ ကြသည်။
ထို့ကြောင့် နှစ်နိုင်ငံ တင်းမာမှုများက ပိုမို မြင့်တက်လာခဲ့ပြီး တောင်တရုတ် ပင်လယ်ပြင်တွင် အမေရိကန်နှင့် တရုတ် ထိပ်တိုက် တွေ့ဆုံမှုကို နိုင်ငံရေးသမား များက Hot War (တဖြည်းဖြည်းနှင့် ပူလာနေသော စစ်ပွဲ) ဟု ခေါင်းစဉ်တပ် ကြသည်။ နှစ်ဖက်စလုံးက စစ်ရေး လှုပ်ရှားမှုများကို တောင်တရုတ် ပင်လယ်ပြင်တွင် ရပ်တန့်ခြင်း မရှိဘဲ တိုးမြှင့် ဆောင်ရွက် လာသည်။
ယခု အမေရိကန်၏ လေယာဉ်တင် သင်္ဘောများ ကလည်း အာရှ-ပစိဖိတ် တွင် ရောက်ရှိနေသည်။ ထို့ကြောင့် ကမ္ဘာ့စစ်ရေး ပညာရှင်များ ကြိုတင်နိမိတ် ဖတ်ထားသည့် အတိုင်း တောင်တရုတ် ပင်လယ်ပြင်ကို အနာဂတ် စစ်မြေပြင်အဖြစ် ရှုမြင်ဖို့က ရာခိုင်နှုန်း များသည်ထက် များလာသည်။ ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ကျွန်းတုများ ဆောက်လုပ် ကတည်းက အရှိန်မကျ သေးသည့် စစ်ရေး တင်းမာမှုများက အာရှဒေသတွင် ပို၍ များလာသည်။
တရုတ်ကလည်း သူ့အကြောင်း ပြချက်ကောင်း များနှင့်သူ၊ အမေရိကန် ကလည်း သူ့အကြောင်း ပြချက်နှင့်သူ ထိုကြားထဲ တရုတ်ဘက်၌ ရုရှားက တောင်တရုတ် ပင်လယ်ပြင် အရေးတွင် ထောက်ခံထား သောကြောင့် တောင်တရုတ် ပင်လယ်ပြင် ဒီရေမှာ ကျမသွား နိုင်အောင် ဖြစ်နေရသည်။ သို့သော် တရုတ်တို့ အကြောင်းပြချက် ဘယ်လောက် ကောင်းကောင်း ငြိမ်ခံနေမည် မဟုတ်သည့် အမေရိကန် ကြောင့် ခေတ်သစ် စစ်ပွဲတစ်ခုသည် အာရှတွင် အမေရိကန်နှင့် တရုတ်ကိုသာ ကိုယ်စားပြု နေပါကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment