www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 19, 2016

အာဇာနည် အမှာစကား အလေးထားလိုက်နာ


အာဇာနည် အမှာစကား အလေးထားလိုက်နာ

ယနေ့ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၉ ရက်သည် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည်။

နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရှေ့နေကြီး ဦးဖာနှင့် ဒေါ်စု တို့က မွေးဖွားခဲ့သော မောင်ထိန်လင်း သည် သူ့ကျွန်မခံ တော်လှန်ခဲ့သော မြန်မာမျိုးချစ် သူရဲကောင်း ဦးမင်းရောင် ၏ မြေးဖြစ်သည်။ ဇာတိသွေး ဇာတိမာန် ထက်သန်သော မျိုးရိုးက ဆင်းသက် လာသော မောင်ထိန်လင်း သည် မြန်မာပြည် လွတ်လပ်ရေး အတွက် သခင် အောင်ဆန်း၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ်အောင်ဆန်း ဟူသော မျိုးချစ် အာဇာနည် ပုဂ္ဂိုလ် တစ်ဦးအဖြစ် ပြည်သူ အပေါင်းက လေးစားကြည်ညို ကြသည်မှာ ယနေ့တိုင် ဖြစ်သည်။ နှစ်လရှည်ကြာ ၍ ကမ္ဘာဆုံးတိုင် မေ့နိုင်ကြမည် မဟုတ်ပေ။

မောင်ထိန်လင်း သည် ရေနံချောင်းမြို့မှ အထက်တန်း ကျောင်းသို့ တက်ရောက် ပညာသင်ကြား နေစဉ်မှာပင် ရေနံမြေ လုပ်သားတို့ ဘဝကို မြင်တွေ့ရသော် ကိုလိုနီနိုင်ငံသား ဖြစ်နေသရွေ့ ဝမ်းမဝ၊ ခါးမလှ နုံချာသော ဘဝမှ လွတ်မြောက်အောင် ကြိုးစားရမည် ဆိုသော အသိကို သွေးက စကားပြော လာသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားဘဝ ရောက်သောအချိန် သခင်အောင်ဆန်း အမည် ခံယူပြီး တစ်မျိုးသားလုံး လွတ်လပ်ရေး နှင့် ကြီးပွားရေး အတွက် အသက်စွန့် ကြိုးပမ်း ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချထားသည့် အတိုင်း ကြိုးပမ်းခဲ့သည်။

ရန်ကုန် တက္ကသိုလ် ဒုတိယ ကျောင်းသား သပိတ် (၁၉၃၆) နှင့် ၁၃ဝဝ ပြည့် အရေးတော်ပုံ ၁၉၃၈ တို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် သခင်အောင်ဆန်း ဦးဆောင်သော မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ် တို့သည် ဂျပန်ပြည်သို့ သွားရောက် စစ်ပညာ သင်ကြားခဲ့ ကြပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကိုဖွဲ့စည်း၍ ဂျပန် တပ်မတော် နှင့်အတူ မြန်မာပြည် အတွင်းရှိ ဗြိတိသျှ တို့ကို တိုက်ထုတ် ခဲ့သည်။

ဗြိတိသျှတပ်များ မြန်မာပြည်မှ အပြီးဆုတ်ခွာ သွားပြီးနောက် ဂျပန်တို့က ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ ကာကွယ်ရေး တပ်မတော် ဟူသော အမည်သို့ ပြောင်းလိုက် သည်။ ထိုမှတစ်ဖန် မျိုးချစ် ဗမာ့ တပ်မတော် အမည်သို့ ပြောင်းသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်မတော် သည် အမည်နာမ မည်သို့ပင် ပြောင်းလဲ စေကာမူ တစ်မျိုးသားလုံး လွတ်မြောက်ရေး ပန်းတိုင်ကို မျက်ခြည်မပြတ် စေဘဲ ဆက်လက် လျှောက်လှမ်း ခဲ့ရာ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်နေ့မှ စတင်၍ တပ်မတော်နှင့် ပြည်သူတို့၏ ညီညွတ်သော အင်အားဖြင့် ဖက်ဆစ်ဂျပန် တော်လှန်ရေး ကြီးကို အောင်မြင်စွာ ဆင်နွှဲ နိုင်ခဲ့သည်။

ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ် ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ပြန်လည် ဝင်ရောက် လာသော ဗြိတိသျှ တို့သည် မြန်မာပြည် အုပ်ချုပ်ရေးကို စက္ကူဖြူ စာတမ်းဖြင့် ကြေညာခဲ့သည်။ ဗြိတိသျှတို့ ကြေညာသော စက္ကူဖြူ စာတမ်းသည် မြန်မာ တစ်မျိုးသားလုံး၏ ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး လွတ်လပ်ရေး ပေးရန် အချိန်ဆွဲ သည့် အုပ်ချုပ်ရေး စနစ်သာ ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ်ကြီး များ၏ ကြိုးပမ်းမှုကြောင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၏ သမိုင်း မှတ်တိုင် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆို နိုင်ခဲ့သည်။

ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ အဖွဲ့ကြီးက တစ်နှစ်အတွင်း လွတ်လပ်ရေး ရရန် ဆက်လက် ကြိုးပမ်းကြသည်။ ဗြိတိသျှအစိုးရ ကလည်း မြန်မာပြည် အုပ်ချုပ်ရေး ကိစ္စရပ်များ အတွက် ဘုရင့် အမှုဆောင် ကောင်စီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလကိုသာ လွှဲအပ်ထားသည်။ တစ်ဖက်ကလည်း မြန်မာနိုင်ငံကို လွတ်လပ်ရေး မပေးမီ ဖဆပလ အစိုးရ အဖွဲ့အား ဖြုတ်ချ၍ ဒိုမီနီယံ အတွင်း ဆက်ထားရန် အလိုတော်ရိများ မွေးမြူ ထောက်ပံ့ ထားသည်။ ဤသို့ဖြင့် ဗြိတိသျှတို့ စနက်ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံး၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ် ဂဠုန်ဦးစော ၏ တပည့်များက မောင်းပြန် သေနတ်များ ကိုင်ဆောင်ကာ ဝင်ရောက် ပစ်ခတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် တခြား အာဇာနည် ပုဂ္ဂိုလ်ရှစ်ဦး ကျဆုံး သွားကြသည်။

ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီး များသည် လွတ်လပ်သော မြန်မာပြည်ကို မြင်မသွား ရှာကြပေ။ လွတ်လပ်ရေး အတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြ သူများသည် လည်း လွတ်လပ်သော မြန်မာပြည်ကို မမြင်နိုင် ကြတော့။ လွတ်လပ်သော မြန်မာပြည်တွင် သက်ရှိထင်ရှား ရှိသူများက လွတ်လပ်ရေးကို ကာကွယ်နိုင်ရန် စည်းကမ်း ရှိရှိဖြင့် ညီညီ ညွတ်ညွတ် ထူထောင်ကြ မှသာ လွတ်လပ်ရေး တည်တံ့ခိုင်မြဲ နိုင်ပေမည်။

ရန်ကုန်မြို့တော် ခန်းမကြီး၌ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့ အစည်းအဝေး ကြီးသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ''လွတ်လပ်ရေး အရသာကို ခံစားစံစား ချင်တယ်ဆိုရင် အလုပ်လုပ် ကြဖို့၊ စည်းကမ်းရှိ ကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုး တွေ၊ အကျင့်ဟောင်း တွေ၊ သောက်ကျင့် တွေကိုပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်'' ဆိုသော အမှာစကား အလေးထား လိုက်နာခြင်းဖြင့် အာဇာနည် ပုဂ္ဂိုလ်ကြီး များ၏ ကျေးဇူး သိတတ်ရာ ရောက်မည် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger