www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 12, 2016

ကက်ရှ်မီးယား ကို မထိန်းချုပ်နိုင်သေးသည့် အိန္ဒိယ




( ရှိန်းထက် )

အိန္ဒိယမှ အင်္ဂလိပ်တို့ ထွက်ခွာ သွားသည့် ၁၉၄၇ ခုနှစ် ကတည်းက ကက်ရှ်မီးယားကို ပါကစ္စတန် နှင့် အိန္ဒိယတို့ အပြိုင်လုခဲ့ ကြသည်။ ပါကစ္စတန်က စစ်တပ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်သည်။ အိန္ဒိယကလည်း သိန်းနှင့် ချီသော စစ်သားများကို အသုံးပြုပြီး ခုခံခဲ့သည်။

ယင်းမှာ မပြီးဆုံးနိုင်သော သံသရာလည် နေသည့် စစ်ပွဲတစ်ခု ဖြစ်နေသောကြောင့် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်း ပေးခဲ့ရသည်။ ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်တွင် ကက်ရှ်မီးယားကို ပါကစ္စတန်၏ သဘောတူညီ မှုဖြင့် အိန္ဒိယက ရရှိခဲ့သည်။ သို့သော်လည်း ပါကစ္စတန် နှင့် အိန္ဒိယကြားက ယင်းပြဿနာ သည် ပြီးဆုံးခြင်း မရှိဘဲ ကက်ရှ်မီးယားတွင် နေထိုင်သော မွတ်စလင် အများစုကို ပါကစ္စတန်တို့ လွယ်ကူစွာ သွေးထိုး နိုင်ခဲ့သည်။

ထို့ကြောင့် ကက်ရှ်မီးယား ၌ အကြမ်းဖက် အုပ်စုများ ပေါ်ပေါက် လာခဲ့သည်။ အထူးသဖြင့် ယင်း အကြမ်းဖက် သမားများသည် အိန္ဒိယစစ်တပ်ကိုသာ တိုက်ခိုက်ပြီး ပြည်သူများအပေါ် ကူညီသူများ အဖြစ် ကက်ရှ်မီးယား ၌ ကျော်ကြားသည်။ ထို့ကြောင့်လည်း အကြမ်းဖက် သမားများ သေဆုံးလျှင် လူပေါင်း ထောင်ချီသော ကက်ရှ်မီးယား ပြည်သူတို့က ဈာပန အခမ်းအနား ကျင်းပကြသည်။ အိန္ဒိယစစ်သားများ သေဆုံးပါက ဟန်ဆောင် ဝမ်းနည်းခြင်းပင် မပြုကြပေ။ အိန္ဒိယ စစ်သားများသည် နယူးဒေလီ ၏ တိုက်ရိုက် အုပ်ချုပ်မှုမှ ကင်းကွာ သောကြောင့် စည်းလွတ် ဝါးလွတ်ဖြင့် ကက်ရှ်မီးယား ပြည်သူများကို အဓမ္မပြုကျင့်ခြင်း၊ တရားမဲ့ သတ်ဖြတ်ပစ်ခြင်း တို့ကို လုပ်ဆောင်ခဲ့ ကြသည်။

ထို့ပြင် အိန္ဒိယစစ်သား များသည် ကက်ရှ်မီးယား၌ အာဏာရှိကြသည်။ ၄င်းတို့၏ ဆုံးဖြတ်ချက်ဖြင့် အကြမ်းဖက် သမားဟု သံသယရှိသူကို သတ်ဖြတ်ပစ်ခြင်း နှင့် ဖမ်းဆီးထောင်ချခြင်း တို့ပြုလုပ်ခွင့် ရှိသည်။ ထို့ကြောင့် ကက်ရှ်မီးယား ၌ စစ်သားနှင့် အကြမ်းဖက်သမား တို့မှာ ပြောင်းပြန်ဖြစ် နေခဲ့ကြသည်။ ထို့ပြင် ဆန္ဒပြသူများကို လက်နက်အားသုံးပြီး ဖြိုခွဲခြင်းသည် ကက်ရှ်မီးယား ၌ အိန္ဒိယတို့၏ မဟာအမှား ပင် ဖြစ်သည်။

၂၀၁၆ ဇွန်လ နောက်ဆုံးပတ်က ကက်ရှ်မီးယား သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့သည်။ ယင်းမှာ လူငယ်များနှင့် အိန္ဒိယ စစ်သားတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။ အိန္ဒိယတို့ ကလည်း ထုံးစံအတိုင်း လက်နက်ဖြင့် ဖြိုခွဲခဲ့သည်။ ဇူလိုင် ၁ဝ ရက်က ကက်ရှ်မီးယား ဆန္ဒပြမှုတွင် အိန္ဒိယစစ်သားများ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူပေါင်း ဆယ်နှင့်ချီ၍ သေဆုံးခဲ့ကြ ရသည်။ အကြမ်းဖက် ဖြိုခွဲလေ အသေခံဆန္ဒပြ မှုများက ပိုမို ဖြစ်ပေါ်လာလေ ဖြစ်နေသည်။ ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွဲသောကြောင့် ဒေါသထွက် နေကြသော ကက်ရှ်မီးယား လူထုသည် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် ရဲစခန်းလေးခုကို အကြမ်းဖက် မီးရှို့ဖျက်ဆီး ခဲ့ကြသည်။ 

ကက်ရှ်မီးယား ဒေသရှိ အစိုးရရုံးပေါင်း ၄ဝ ကို တိုက်ခိုက်ခဲ့ ကြသည့်အပြင် ရဲအရာရှိ တစ်ဦးကို ကားထဲ၌ ရှိနေစဉ် တောင်ပိုင်းရှိ ဂျယ်လန်မြစ် ထဲသို့ ကားရောလူပါ ပစ်ချခဲ့သည်။

ယခု ဆန္ဒပြမှုသည် ကက်ရှ်မီးယားလူထုက လေးစားရသော လူငယ် မွတ်စလင် ခေါင်းဆောင် ဘာဟန်ဝါနီကို အိန္ဒိယရဲ တို့က အကြမ်းဖက်သမားဟု ဆိုကာ သတ်ပစ် လိုက်သောကြောင့် ဖြစ်သည်။ အသက် ၂၂ နှစ်ကျော် လူငယ်ခေါင်းဆောင် ကိုသတ်ပစ်သော ပြဿနာကနေ လူဆယ်နှင့် ချီသေဆုံးသော အကြမ်းဖက်ဖြိုခွဲမှု ထပ်မံဖြစ်ပွား ခဲ့ရသည်။ ယခုအခါ ခွဲထွက်ရေး ခေါင်းဆောင် ဆာယက်အလီဂီလာနီ ၏ စကားကြောင့် ဆန္ဒပြသူများက ရဲစခန်းများကို တိုက်ခိုက်ခြင်း မပြုလုပ်ကြ တော့ပေ။ သို့သော် ဆန္ဒပြမှုများ ကတော့ ပိုမိုကြီးမား လာနေသည်။

ကက်ရှ်မီးယားရှိ ခရိုင် ၁ဝ ခုစလုံး၌ ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး ဘုရားဖူး ဧည့်သည် ဦးရေ  ၅ဝဝဝ ခန့် ကက်ရှ်မီးယား၌ ပိတ်မိနေ ရသည်။ မကြာမီက ဖြစ်ပွားခဲ့သော ဆန္ဒပြမှု များကြောင့် ၂၁ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၃ဝဝ ကျော် အကြမ်းဖက် ဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိ ခဲ့သည်။ သို့သော်လည်း ဆန္ဒပြမှုများသည် ယခုအချိန်ထိ မရပ်တန့်ဘဲ ရှိနေကြသည်။ ကက်ရှ်မီးယား ရှိ အဓိကခွဲထွက် သူများကို ထောက်ခံသူသည် ပါကစ္စတန်ဖြစ်ပြီး အကြမ်းဖက် သမားများကို ထောက်ပံ့ပေး နေသူများလည်း ပါကစ္စတန် ပင်ဖြစ်သည်။ လက်ရှိတွင် ကက်ရှ်မီးယား ၌ အင်တာနက် ဝန်ဆောင်မှု များနှင့် ရထားပြေးဆွဲခြင်း ကိုပါ ပိတ်ထားရပြီး စာမေးပွဲ များကိုလည်း အကန့်အသတ် မရှိ ဆိုင်းငံ့ထား လိုက်ပြီဖြစ်သည်။

ကက်ရှ်မီးယား ပြည်သူများ၏ ဆန္ဒမှာ အိန္ဒိယတို့ ကက်ရှ်မီးယားမှ ထွက်ခွာသွားရန် ဖြစ်ပြီး ၄င်းတို့က ပါကစ္စတန်နှင့် ပူးပေါင်းရေး ဖြစ်သည်။ ယခင်က အလုပ်ဖြစ်ခဲ့သော ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွဲမှုသည် ယခုအခါ အလုပ်မဖြစ် တော့ဘဲ ထိုအရာကပင် ကက်ရှ်မီးယားကို လက်လွှတ်ရအောင် တွန်းအားပေး နေသကဲ့သို့ ဖြစ်နေသည်။ ကက်ရှ်မီးယား ကို အကြောက်တရား နှင့် အိန္ဒိယတို့ ထိန်းချုပ်၍ မရနိုင်တော့ပေ။ အိန္ဒိယအစိုးရ တိုင်းသည် ကက်ရှ်မီးယား ကို လျစ်လျူရှုထား ခဲ့ပြီး လူ့အခွင့်အရေးများ ချိုးဖောက် ခဲ့ကြသည်။ ကုလသမဂ္ဂ၏ သတိပေးမှုများ ကိုလည်း မသိကျိုးကျွန် ပြုထားခဲ့သည်။ နိုင်ငံတကာ စာမျက်နှာများ ပေါ်တွင်လည်း ကက်ရှ်မီးယား၌ အိန္ဒိယတို့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုများကို သိပ်မတွေ့ရချေ။ ထို့ကြောင့် ကက်ရှ်မီးယားကို လူတိုင်းက မေ့ပျောက်ထား ခဲ့ကြရပြီး သတိထား စောင့်ကြည့်ခြင်းလည်း မရှိသလောက် ဖြစ်ခဲ့သည်။

ကက်ရှ်မီးယား အရေးမှာ တစ်နေ့ထက် တစ်နေ့ အခြေအနေဆိုးရွား လာနေသည်။ ခရိုင် ၁ဝ ခုရှိသည့် ကက်ရှ်မီးယား ချိုင့်ဝှမ်းဒေသ၌ နေရာအနှံ့ ဆန္ဒပြနေကြသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအားလုံး ကိုလည်း ပိတ်ထားရပြီး လွတ်လပ်ရေး အတွက် အသည်းအသန် အော်ဟစ် နေကြသည်။ ကိုင်တွယ်ရန် ကြိုးစားနေသည့် အိန္ဒိယအစိုးရ ကလည်း မထိန်းချုပ်နိုင်ရုံ သာမက ပို၍ပင်ဆိုးရွား လာနေသည်။ ထို့ကြောင့် ထိန်းချုပ်မှု အောက်က လွတ်ထွက်သွားပြီလား ဟူ၍ပင် မေးခွန်းထုတ် စရာ ဖြစ်လာသည်။ ဆန္ဒပြင်းပြ နေသော လူအုပ်ကြီးကို အိန္ဒိယတို့ စိတ်ကျေနပ်မှု ရရှိစေရန် မည်သို့လုပ်ပေး ရမည်ကို အဖြေရှာမရ ဖြစ်နေရသည်။ အပြစ်မရှိဘဲ ပစ်သတ်ခံခဲ့ရ သောဆန္ဒပြသူများ ကိစ္စသည် အထူးသဖြင့် အိန္ဒိယအစိုးရ အတွက် ဖြေရှင်းမရအောင် ဖြစ်နေသည်။ ထို့ကြောင့် အိန္ဒိယတို့ ကက်ရှ်မီးယားကို ဆုံးရှုံးရမည့်အရေး တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

ကက်ရှ်မီးယား ကလည်း အိန္ဒိယ လက်အောက်က ရုန်းထွက်လိုသည်။ လုံလောက်သည့် လူထုအင်အား ကလည်း ကက်ရှ်မီးယား ပြည်သူများ ဘက်တွင် ရှိနေသည်။ ယခုအခါ အိန္ဒိယအစိုးရ အတွက် ခေါင်းအခဲရဆုံး ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ ထိုထက်ပို၍ အကြမ်းဖက်လျှင်လည်း ဆန္ဒပြပြည်သူ တစ်ရပ်လုံးက လက်နက်ကိုင် လာတော့မည်။ ပြည်သူများ၏ နောက်တွင် လိုအပ်သမျှ ဖြည့်ဆည်းပေးမည့် ပါကစ္စတန်ကလည်း အသင့် ရှိနေသည်။ ထို့ကြောင့် အိန္ဒိယအတွက် ကက်ရှ်မီးယား သည် ၁၉၄၈ ခုနှစ်နောက်ပိုင်း ဘေးကျပ်နံကျပ် အခြေအနေ တစ်ခုကို နောက်တစ်ကြိမ် ဖန်တီးလာနေ ပါကြောင်း ရေးသားလိုက် ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page