www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 7, 2016

တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘောများကို မျက်စိကျသွားခဲ့သည့် ထိုင်း


The Royal Thai Navy will buy its first submarine from China in the coming fiscal year, 

( ရှိန်းထက် )

၂ဝ၁၄ ခုနှစ်မှ စတင်ကာ တရုတ်အစိုးရ နှင့် သွေးသောက် ညီအစ်ကိုများ ဖြစ်သွားခဲ့သော ထိုင်းအစိုးရသည် ၂ နှစ်ဆိုသည့် အချိန် အတောအတွင်း မှာပင် စစ်ရေး လေ့ကျင့်မှု များကို ပူးတွဲပြုလုပ် နိုင်ခဲ့ပြီး ဘီလီယံနှင့် ချီသည့် ရင်းနှီးမြှုပ်နှံမှု များကို ပြုလုပ်နိုင်ခဲ့သည်။

ထို ၂ နှစ်ဆိုသည့် အတောအတွင်းမှာ ထိုင်းနှင့် တရုတ် ကုန်သွယ်မှု တန်ဖိုးသည် ထိုင်းနှင့် အကြီးမားဆုံး ကုန်သွယ်ဖက် ဂျပန်ကိုပင် ၂ ရာခိုင်နှုန်း အထိ ကျော်တက်သွား ခဲ့သည်။ ၂ဝ၁၄ ခုနှစ် နောက်ပိုင်း ကာလများက တရုတ်နှင့် ထိုင်း ကုန်သွယ်ဖက် တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၄၂၈ သန်းသာ ရှိခဲ့သည်။ ထိုအချိန် ကတည်းက ထိုင်းနှင့် ဂျပန် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ပြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ၂ဝ၁၅ ခုနှစ် ကုန်သွယ်ရေး စာရင်းရှင်းတမ်း တွင် တရုတ် နှင့် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံ အထိ ဖြစ်သွားခဲ့သည်။

ယခုလည်း ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ က တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော များကို ဝယ်ယူရန် မျက်စိကျ နေသည်ဟု ဝေဖန်သံများ မဆုံးသေးမီ၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော ဝယ်ယူ တော့မည်ဟု ထိုင်းအစိုးရက အတည်ပြု ခဲ့ပြီး ဖြစ်သည်။ ဘီလီယံနှင့်ချီ တန်သည့် ရေငုပ်သင်္ဘော ဝယ်ယူရေး သဘော တူညီချက်တွင် ထိုင်းက တရုတ်တို့ထံမှ ရေငုပ်သင်္ဘော သုံးစင်း ဝယ်ယူမည် ဖြစ်သည်။ ရေငုပ်သင်္ဘော တန်ဖိုးကို ထိုင်းက ၁ဝ နှစ် အရစ်ကျဖြင့် တရုတ်အစိုးရကို ပေးဆပ်မည် ဖြစ်သည်။ ယခင်က ရေငုပ်သင်္ဘော များကို ထိုင်းက ဂျာမနီနှင့် တောင်ကိုရီးယား တို့ထံမှ ဝယ်ယူရန် စီစဉ်ထား ခဲ့သည်။ ယခု တရုတ်ဆီသို့ ပြောင်းလဲသွား ခဲ့ပြီဖြစ်သည်။

တရုတ်သည် ထိုင်းနှင့် ကုန်သွယ်ရေးတွင် အကြီးမားဆုံး ဖြစ်နေသော်လည်း တခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် လူထု အခြေပြု လုပ်ငန်းများ ကူညီရေးတွင် အဆင့် (၅) ပင်မဝင်သူ ဖြစ်သည်။ ထိုင်းနိုင်ငံအား ဖွံ့ဖြိုးရေး အထောက်အကူ အများဆုံး ပေးထားသည့် နိုင်ငံများသည် အမေရိကန်၊ ဥရောပနိုင်ငံများ၊ တောင်ကိုရီးယား နှင့် ဂျပန် တို့ဖြစ်သည်။ သို့သော် ထိုင်းသည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်းတွင် တရုတ်ဘက်သို့သာ ခြေစုံပစ်ဝင် ခဲ့သည်။ 

စစ်ဘက်တွင် သာမက စီးပွားရေး တွင်လည်း တရုတ်ကိုသာ နေရာပေးလာသည်။ ယခု ရေငုပ်သင်္ဘော ကို တရုတ်ဆီက ဝယ်လိုက်သောကြောင့် အာရှတွင် စစ်ရေး အခိုင်မာဆုံး မဟာမိတ်များ ဖြစ်ခဲ့သည့် အမေရိကန်ကို ကန်ထုတ်ချင် သောကြောင့်လား ဟူသည့် မေးခွန်းများက မေးစရာ ဖြစ်လာခဲ့သည်။

၂ဝ၁၄ ခုနှစ် အာဏာမသိမ်းမီ အချိန်ထိ ထိုင်းဘုရင့် တပ်မတော်နှင့် အမေရိကန် စစ်ဘက်တို့ စစ်ရေး လေ့ကျင့်မှုသည် တစ်နှစ်လျှင် အကြိမ် ၄ဝ ကျော်ရှိသည်။ သို့သော် ယခု ထိုင်းနှင့် အမေရိကန် ဆက်ဆံရေးမှာ ကျဲသွားခဲ့ပြီး စစ်ရေး  လေ့ကျင့်မှု များလည်း ယခင်ကလောက် မရှိတော့ပေ။ ထိုင်းအတွက် ကတော့ လျော့ကျ သွားသော အမေရိကန်နှင့် စစ်ရေး လေ့ကျင့်မှု နေရာတွင် တရုတ်နှင့် အစားထိုးဖို့ ကြံစည်နေသည်။

၂ဝ၁၄ ခုနှစ်တွင် ယခု ဝန်ကြီးချုပ် ပရာယုသ်ချန် အိုချာ ထိုင်းနိုင်ငံကို စစ်ဦးစီးချုပ် အနေဖြင့် အာဏာသိမ်း ခဲ့သည်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ နှင့် မိတ်ဖက်နိုင်ငံ အားလုံးနီးပါးက ဝိုင်းဝန်းရှုတ်ချ ကြသည်။ ထို့နောက် ထိုင်းနှင့် အမေရိကန် ဆက်ဆံရေးကို ပိုဆိုးသွား စေသည်မှာ လူကုန်ကူးမှု ကိစ္စများတွင် ထိုင်းစစ်ဘက် အရာရှိများ ကိုယ်တိုင် ပါဝင်ခြင်းနှင့် ကျွန်း ရေလုပ်သား အဓမ္မ ခိုင်းစေခြင်း တို့ကြောင့် ဖြစ်သည်။ ထိုင်းသည် ကမ္ဘာ့ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း တွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေသူ ဖြစ်သည်။

ယခု ထိုင်း ရေလုပ်ငန်းများ ကမ္ဘာ့  ဈေးကွက်သို့ အမေရိကန် ကြောင့် တင်ပို့ခွင့် ပိတ်ပင်ခံထား ရသည်။ တင်ပို့စရာ ဆို၍ တရုတ်နှင့် ရုရှား ဈေးကွက်သာ ရှိတော့သည်။ ထိုင်းတို့ တရုတ်ဘက် သို့ ပြောင်းလဲ သွားခြင်းမှာ တရုတ်အစိုးရက ထိုင်းအစိုးရ၏ အာဏာသိမ်းမှု များကို ဝေဖန်ခြင်း မပြုဘဲ မျက်ကွယ်ပြု ထားခဲ့ခြင်း ကြောင့်ဖြစ်သည်။ တရုတ် နိုင်ငံမှ ထိပ်တန်း အရာရှိများကို ထိုင်းသို့ နှစ်စဉ် အလည်အပတ် သွားရောက် စေကာ ထိုင်းအစိုးရကို တရုတ်တို့ ဘယ်လောက် အလေးထားကြောင်း ပြသသည်။ ထိုင်းမင်းသမီး သီရိဒုံ ကိုလည်း နှစ်စဉ် တရုတ် အစိုးရ၏ ထိပ်တန်း ဧည့်သည်တော် အဖြစ် နိုင်ငံတော် အခမ်းအနား များဖြင့် ကြိုဆို ဖိတ်ခေါ်သည်။ ထိုင်းလက်ရှိ အစိုးရကို ဆန့်ကျင်သော ရှပ်ဝါ ဆန္ဒပြ သမားများကို တရုတ်တို့က ရှုတ်ချ အပြစ်တင်သည်။

ထိုင်းအတွက် တရုတ်ကို ဘဝင်တွေ့သွား စေသည့် အကြောင်းရင်း နောက်တစ်ချက် မှာ၂ဝ၁၄ ခုနှစ် အာဏာသိမ်းစဉ် ကာလအတွင်း အမေရိကန် နှင့် အနောက် အုပ်စုက ထိုင်းကို စီးပွားရေး ပိတ်ပင်ပြီး စစ်ဘက် ဆက်ဆံရေး အတိုင်းအတာ တစ်ခုအထိ ဖြတ်တောက် ထားစဉ်တွင် တရုတ်က ပြည်တွင်းရေးကို ထိုင်းအစိုးရ အနေဖြင့် ငြိမ်းချမ်းစွာ ကိုင်တွယ် သင့်သည်။ လိုအပ်သည့် အကူအညီ များကို တရုတ်အစိုးရ က ထောက်ပံ့ပေးမည် ဆိုသည့်ဇာတ်ကွက် ဖြစ်သည်။

တရုတ်သည် ထိုင်းကို အမေရိကန် တို့က စီးပွားရေး အတွက် အနုတ်လက္ခဏာ ပြနေချိန်တွင် ကုန်သွယ်ရေး များကို ထိုင်းစီးပွားရေး အထိ မနစ်နာ စေရအောင်ဟု ဆိုကာ တိုးမြှင့် ပြုလုပ်ပေးသည်။ ၂ နှစ်ဆိုသည့် အချိန်အတွင်း မှာပင် ၁ ဘီလီယံကျော် အထိ ကုန်သွယ် နိုင်အောင် တရုတ်တို့ ပြုလုပ်ပေး ခဲ့သည်။ တရုတ်၏ အာဘော်နှင့် ရက်ရောသော ကုန်သွယ်မှုများကို ဘဝင်တွေ့သွား ခဲ့သော ထိုင်းအစိုးရ သည် ထိုနောက်ပိုင်းတွင် တရုတ်မှ တရုတ် ဖြစ်သွားခဲ့ တော့သည်။ တရုတ်၏ ထိုင်းကို ဆွဲဆောင်မှုက ပညာသား ပါလှသည်။ ထိုင်းပို့ကုန် ဈေးကွက် သည်လည်း ပြိုင်ဆိုင်မှု အင်အား သိပ်မရှိလှဘဲ ရခဲ့သလို အမေရိကန် ကို ထိုင်းနိုင်ငံမှ တစ်ခါတည်း ကန်ထုတ်ပြီးသား ဖြစ်အောင် လုပ်နိုင်ခဲ့၍ အဆင်ပြေ သွားစေသည့် တရုတ်၏ အကွက် ဖြစ်သည်။

ယခု နောက်ထပ် မက်လုံးများ ကလည်း ထိုင်းအတွက် သဘောတွေ့ စေပြန်သည်။ အိုဟောင်း နေသော ထိုင်းရထားလမ်း များကို အမြန်ရထားလမ်း အဖြစ် တရုတ် အစိုးရက ပြုပြင်ပေးမည်။ ထို့ပြင် ဗန်ကောက် မြေအောက် ရထားလမ်း စီမံကိန်းကိုလည်း တရုတ်က သူ့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပါဝင်သည့် စီမံကိန်းဖြင့် ပြုလုပ်ပေး ဦးမည်ဖြစ်သည်။ ထိုင်းဈေးကွက် တစ်ခုလုံးကို တရုတ်တို့ အပိုင်ရရန် ကြိုးစားနေခြင်း ဖြစ်သည်။

၁၉၉၃ ခုနှစ်မှ စတင်ကာ၂ဝ၁၄ ခုနှစ်အထိ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ခဲ့သော ဂျပန်ကိုလည်း ထိုင်းတို့အားနာ မနေနိုင်တော့။ အခြေခံ အဆောက်အအုံ စီမံကိန်းများ အားလုံးကို တရုတ်သို့ ပေးသည်။ ဘီလီယံနှင့် ချီသည့် ရင်းနှီးမြှုပ်နှံမှု များကို တရုတ်ကို ပေးသည်။ စစ်ဘက် ပူးပေါင်းမှုများ အားလုံးကိုလည်း တရုတ်နှင့် ပြုလုပ် နေပြန်သည်။ ယခု ရေငုပ်သင်္ဘော ဝယ်ယူမည့် ကိစ္စတွင်လည်း ဂျာမနီ နှင့် တောင်ကိုရီးယား မှဝယ်ရန် အစီအစဉ်ကို ချက်ချင်းပင် တရုတ်ဘက်သို့ ပြောင်းခဲ့သည်။

တရုတ်နှင့် ထိုင်းအစိုးရ ဆက်ဆံရေး မည်မျှခိုင်မာ နေသည်ကို ထို အကြောင်းအရာ များအားကြည့်ပြီး သိနိုင်သည်။ ရှေ့ဆက်မည့် အနာဂတ် ခရီးကလည်း ထိုင်းနှင့်တရုတ် ဆက်ဆံရေးတွင် သာယာ နေပြန်သည်။ ထို့ကြောင့် တရုတ်နှင့် လမ်းကြောင်း ကောင်းနေသော ထိုင်းဆက်ဆံရေး က မဝေးတော့သည့် အနာဂတ်တွင် တရုတ် တို့ကြောင့် ထိုင်းနိုင်ငံမှ အမေရိကန်တို့ အလိုအလျောက် ထွက်ခွာသွား ရမည့် အချိန်သို့ ရောက်ရှိလာ တော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

1 comment:

  1. ထိုင်းနဲ့အနေရိကန်ဆက်ဆံရေးတည်မြဲနေပါတယ်၊ ဂျပန်နဲ့ဆက်ဆံရေးလည်းလျော့မသွားခဲ့ပါ။ ထိုင်းလူမျိုးဟာ ဒိပလိုမက် ပိုင်းမှ အလွန်ပါးနပ်လိမ်မာပါတယ်။ ထိုင်း ပညာတတ်တွေ၊တွေခေါ် ပညာရှင်တွေ လက်တွဲလုပ်ကိုင်နေကြပုံရတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger