www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 8, 2016

အရှေ့တရုတ်ပင်လယ်ပြင် တွင် ထိပ်တိုက်တွေ့ဆုံမှု စတင်နေပြီဖြစ်သည့် ဂျပန်နှင့်တရုတ်


အရှေ့တရုတ်ပင်လယ်ပြင် တွင် ထိပ်တိုက်တွေ့ဆုံမှု စတင်နေပြီဖြစ်သည့် ဂျပန်နှင့်တရုတ်

( ရှိန်းထက် )

၂၀၁၄ ခုနှစ်တွင် တောင်တရုတ် ပင်လယ်ပြင်၌ ကျွန်းတုများ ဆောက် ကတည်းက ငြိမ်သက်သွား ခဲ့သော တရုတ်၏ အရှေ့တရုတ် ပင်လယ်ပြင်မှ စစ်ရေး လှုပ်ရှားမှု များသည် ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြန်လည် အသက်ဝင်လာ ခဲ့သည်။ တစ်လနီးပါး အတွင်းမှာပင် ဂျပန်နှင့်တရုတ် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ဂျက် တိုက်လေယာဉ် များ ထိပ်တိုက် တွေ့ဆုံမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

နှစ်ကြိမ်စလုံးပင် အရှေ့တရုတ် ပင်လယ်ပြင် ဝေဟင်၌ တိုက်လေယာဉ် များမှာ မျဉ်းပြိုင် အနေအထားဖြင့် အပြိုင်ပျံသန်း ခဲ့ကြသည်။ ဇွန် ၁၇ ရက်က တစ်ကြိမ်၊ ဇူလိုင် ၅ ရက်က တစ်ကြိမ် နှစ်ကြိမ်တိုင် နှစ်နိုင်ငံက ဂျက် တိုက်လေယာဉ် များ အပြိုင်ပျံသန်း ခဲ့ကြခြင်း ဖြစ်သည်။ တရုတ်၏ ထိုလေကြောင်း ကျူးကျော်မှုကြောင့် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ စစ်လက်နက် ပစ္စည်း တင်ဒါစာရင်း ချက်ချင်း ထွက်လာခဲ့သည်။ ဂျက် တိုက်လေယာဉ် အစင်း ၁ဝဝ ဝယ်ယူမည့် အမေရိကန် ဒေါ်လာ ၄ဝ ဘီလီယံ တန် တင်ဒါစာရင်း ဖြစ်သည်။ တင်ဒါကို ဇူလိုင် လလယ်ပိုင်းတွင် ခေါ်ယူမည် ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်၏ ဂျပန်စစ်အသုံးစရိတ် ဘတ်ဂျက် သည်လည်း စံချိန်တင် တော့မည် ဖြစ်သည်။

ဂျပန်သည် ဖျက်သင်္ဘောများ၊ ရေငုပ် သင်္ဘောများ၊ လေယာဉ်တင် သင်္ဘောများ နှင့် ကင်းလှည့် လေယာဉ် များကိုလည်း တည်ဆောက် နေပြီး ကာကွယ်ရေးကို အရှိန် အမြင့်ဆုံး သို့ တိုးမြှင့်လျက် ရှိသည်။ အရှေ့တရုတ် ပင်လယ်ပြင် အတွက် စစ်ရေး ကြိုတင် ပြင်ဆင်မှုများ ဖြစ်သည်။

ထို့ပြင် ဂျပန်သည် အမေရိကန်နှင့် ပူးပေါင်း၍ F-35 ဂျက် တိုက်လေယာဉ် များကို ထုတ်လုပ်နေပြီး အစင်း ၄ဝ ဝယ်ယူထားသည့် F-35 ပထမဆုံး အုပ်စုမှာလည်း ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရောက်ရှိမည် ဖြစ်သည်။

ဂျပန်နှင့်တရုတ် တို့ အရှေ့တရုတ် ပင်လယ်ပြင်၌ ထိပ်တိုက် တွေ့ဆုံမှု အများဆုံးသည် လေကြောင်းမှ ဖြစ်သည်။ ဝေဟင်တွင် မကြာခဏ တိုက်လေယာဉ် စွမ်းရည်များ ပြိုင်ကြသည်။ နှစ်နိုင်ငံ စလုံးသည် လေကြောင်းပိုင်း ကို ပထမ အားဖြည့်ကြပြီး ဒုတိယ အင်အား ဖြည့်တင်းမှု အများဆုံး သည် ရေကြောင်းပိုင်း ဖြစ်သည်။ ဂျပန်က လေကြောင်း ပိုင်းကို ယခု ဂျက် တိုက်လေယာဉ် အစင်း ၁ဝဝ ဖြင့် ထပ်မံ ဖြည့်တင်းမည် ဖြစ်သည်။ ထို့ပြင် သူ၏ ပြည်တွင်းဖြစ်မျိုးဆက်သစ် ဂျက် တိုက်လေယာဉ် များဖြင့်လည်း ဂျပန် တပ်မတော် တွင် မကြာမီ အသုံးပြု နိုင်တော့မည်။

တရုတ်က သူ၏ အကောင်းဆုံး ဖိုက်တာ "J" မျိုးဆက်ကို ဆက်လက် အသက်သွင်းပြီး စွမ်းဆောင်ရည် တိုးမြှင့်သည်။ ၂ဝ၁၆ ခုနှစ် နှစ်စပိုင်း လောက်က တရုတ်တို့ အမေရိကန် ၏ F-22 မျိုးဆက် ဂျက် တိုက်လေယာဉ် နည်းပညာကိုပင် ခိုးယူခဲ့ကြ သေးသည်။ လေကြောင်းပိုင်းကို တရုတ်တို့ ထိုမျှအထိ ဖြစ်သည့်နည်းဖြင့် အပြည့်စုံဆုံး ဖြစ်စေရန် အားဖြည့် နေကြခြင်း ဖြစ်သည်။ ဂျပန်က ရေငုပ်သင်္ဘော၊ လေယာဉ်တင် သင်္ဘောနှင့် ဖျက်သင်္ဘော ကို တည်ဆောက်သည်။ တရုတ်ကလည်း လေယာဉ်တင် သင်္ဘော နှစ်စင်းကို ထပ်မံ တည်ဆောက် နေသည်။

နှစ်နိုင်ငံစလုံးက စစ်ရေး အသုံးစရိတ် များကို တစိုက်မတ်မတ် တိုးမြှင့်နေပြီး တရုတ်က အနိုင်ရသူဟု ဆိုနိုင်သည်။ ဂျပန်နှင့် အငြင်းပွား နေသော ကျွန်းစုများ ကိုလည်း သူတို့ ထိန်းချုပ်နိုင်ရန် အရှေ့တရုတ ပင်လယ်ပြင်တွင် အားကောင်း လှသော ရေဒါစနစ်များ ကိုတပ်ဆင်ပြီး လေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင် ခဲ့သည်။ တောင်တရုတ် ပင်လယ်ပြင် တွင်လည်း ကျွန်းတုများကို တည်ဆောက်နေပြီး ထိုနေရာကို မည်သူမျှ ဝင်မရအောင် စစ်သင်္ဘော များဖြင့် လုံခြုံရေး အပြည့်အဝ ပေးထားသည်။

ယခုအခါ တရုတ်တို့က အရှေ့တရုတ် ပင်လယ်ပြင် ကဲ့သို့ တောင်တရုတ် ပင်လယ်ပြင်တွင် လေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင် တော့မည်ဟု ဆိုသည်။ ထိုနှစ်နေရာ စလုံးသည် တရုတ်အတွက် ထိုးစစ်ရော ခံစစ်အတွက်ပါ အကောင်းဆုံး မဟာဗျူဟာ နေရာများ ဖြစ်သည်။ အကယ်၍ ဂျပန်ဘက်က တရုတ်ကို တိုက်မည်ဆိုလျှင် အရှေ့တရုတ် ပင်လယ်ပြင်ကို မဖြစ်မနေ ဖြတ်ရမည်။ ထိုအခါ အရှေ့တရုတ် ပင်လယ်ပြင် တွင် တရုတ်တို့ ရှိနေသည့် အတွက် ဂျပန်တို့ ဝင်လာသည် နှင့် ချက်ချင်း သိနိုင်သည်။ ထို့ပြင် တရုတ်၏ လေကြောင်း ကာကွယ်ရေး စနစ်များ ကလည်း ဝင်လာသမျှ ဂျပန် တိုက်လေယာဉ် များကို ဦးစွာပစ်ချ နိုင်တော့မည် ဖြစ်သည်။ ထို့အတူ စစ်သင်္ဘောများ ဝင်လာလျှင်လည်း တရုတ်၏ ဂျက်တိုက် လေယာဉ် များက ချက်ချင်း ရောက်ရှိလာမည် ဖြစ်သည်။

အလားတူ တောင်တရုတ် ပင်လယ်ပြင် တွင်လည်း ဖိလစ်ပိုင်ရှိ အမေရိကန် စစ်အခြေစိုက်စခန်း အပါအဝင် အာဆီယံရှိ အမေရိကန်၏ မဟာမိတ် အားလုံးသည် တရုတ်ကို ထိုးစစ်ဆင်ပါက တောင်တရုတ် ပင်လယ်ပြင်ကို မဖြစ်မနေ ဖြတ်ရဦးမည် ဖြစ်သည်။ ထိုအခါ စပရတ်တလီ ကျွန်းစုရှိ လူလုပ် စစ်အခြေစိုက် ကျွန်းတုမှ တရုတ်၏ ဂျက်တိုက်လေယာဉ် ရော ဒုံးပျံများပါ တဖွဲဖွဲ ရောက်ရှိ လာတော့မည် ဖြစ်သည်။ ခံစစ် အတွက် အဆင်ပြေရုံ သာမက ထိုးစစ် အတွက်လည်း အချိန်တို အတွင်း အရှေ့တရုတ် ပင်လယ်ပြင် ကိုဖြတ်ပြီး ဂျပန်သို့ လည်းကောင်း၊ တောင်တရုတ် ပင်လယ်ပြင် ကိုဖြတ်ပြီး အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ များမှ အမေရိကန် စစ်အခြေစိုက် စခန်းများ သို့လည်းကောင်း တိုက်ခိုက်ရန် စစ်အင်အား အရ လုံးဝ အဆင်ပြေ နေသည့် ထိုးစစ်အတွက် ရော ခံစစ်အတွက်ပါ တရုတ်၏ မဟာဗျူဟာ ဖြစ်သည်။

ထို့ကြောင့်လည်း တောင်တရုတ် ပင်လယ်ပြင်က တရုတ်တို့ လူလုပ်ကျွန်း များ တည်ဆောက် နေခြင်းနှင့် အရှေ့တရုတ် ပင်လယ်ပြင်က ရှင်ကာကူ ကျွန်းစုများ ပိုင်ဆိုင်ရေးတောင်းဆို နေခြင်းကို တရုတ်တို့ မရပ်နိုင် လောက်အောင် လောဘတကြီး ဖြစ်နေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်က အရှေ့တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့ ကျူးကျော်မှု ရပ်တန့်သွား ရခြင်းမှာ တောင်တရုတ် ပင်လယ်ပြင်တွင် ကျွန်းတုများ ဆောက်လုပ် နေသောကြောင့် ဖြစ်သည်။

ကျွန်းတုများ တောင်တရုတ် ပင်လယ်ပြင် တွင် တရုတ်တို့ ဆောက်နေသည် ကို အမေရိကန် စစ်ဘက်ကပင် မသိခဲ့ဘဲ လူမှုမီဒီယာ အေဂျင်စီ တစ်ခုက ဂြိုဟ်တု ဓာတ်ပုံများကို ချပြလိုက်ခြင်း ကြောင့်သာ အမေရိကန် ရော ကမ္ဘာကပါ သိခွင့် ရလိုက်ခြင်း ဖြစ်သည်။

တရုတ်တို့ အရှေ့တရုတ် ပင်လယ်ပြင် တွင် ၂ဝ၁၄ ခုနှစ်က ကျူးကျော်မှု ရပ်တန့် သွားခဲ့သည် ဆိုသော်လည်း အနိုင်နှင့် ပိုင်းကာ ရပ်တန့်သွား ခဲ့ခြင်းဖြစ်သည်။ သူတို့စိတ်ချ ရအောင် အရှေ့တရုတ် ပင်လယ်ပြင်ကို
စောင့်ကြည့်၍ ရမည့် အင်အား ကောင်းသော ရေဒါစနစ်နှင့် လေကြောင်းရန် ကာကွယ်ရေးဇုန် ထူထောင်ပြီး မှသာ ရပ်တန့်သွား ခဲ့ခြင်းဖြစ်သည်။ ယခု အရှေ့တရုတ် ပင်လယ်ပြင် ဘက်ကို တရုတ်တို့ ဦးပြန်လှည့် လာနေသည်။

တောင်တရုတ် ပင်လယ်ပြင်တွင် စိတ်ချရသည့် အတိုင်းအတာ တစ်ခုအထိ တရုတ်တို့ ရောက်ရှိနေခြင်း ကြောင့် စစ်မျက်နှာ နှစ်ခု ဖွင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ် တရုတ်တို့ အရှေ့တရုတ် ပင်လယ်ပြင် ကို ပြန်လည် ရောက်ရှိ လာခြင်းသည် ကျူးကျော်မှု ပိုမိုပြင်းထန်သည့် ဒုတိယလှိုင်း တစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ထားသည့် အရိပ်အယောင် များဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ငြိမ်သက်နေသော တောင်တရုတ် ပင်လယ်ပြင် အရေးထက် ယခု အရှေ့တရုတ် ပင်လယ်ပြင်က တရုတ်နှင့် ဂျပန်၏ ထိပ်တိုက် တွေ့ဆုံမှု များသည် နိုင်ငံတကာကို အရှေ့တရုတ် ပင်လယ်ဘက် က တရုတ်နှင့်ဂျပန် စစ်ရေး ပြင်ဆင်မှုကို အလေးထား စောင့်ကြည့် နေစေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger