www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 13, 2016

ဝန်ကြီးချုပ်သစ်နှင့် ဗြိတိန် ဘယ်လိုခရီး ဆက်လျှောက်မှာလဲ


ဝန်ကြီးချုပ်သစ်နှင့် ဗြိတိန် ဘယ်လိုခရီး ဆက်လျှောက်မှာလဲ

( ရှိန်းထက် )

ဇွန်လက ပြည်သူများ၏ မဲအသာစီးဖြင့် EU မှခွဲထွက်ရေး အဆို အောင်မြင်ခဲ့သည့် ဗြိတိန်သည် နိုင်ငံသစ် တစ်ခုကဲ့သို့ ဖြစ်သွားခဲ့ကာ အကောင်းမွန်ဆုံး ပြန်လည် တည်ဆောက် နိုင်ဖို့အတွက် နိုင်ငံ့ဦးသျှောင် ကောင်းတစ်ဦး ကို လိုအပ်နေချိန် ဖြစ်သည်။

လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က သူ၏ EU ထဲတွင် ဆက်လက် နေထိုင်ရေးအဆို မအောင်မြင် သောကြောင့် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ဖို့ ကြေညာခဲ့သည်။ ဇူလိုင် ၁၃ ရက်တွင် ကင်မရွန်းဘာကင်ဟန် နန်းတော်သို့ သွားရောက်၍ ဘုရင်မကြီး အဲလိဇဘက် ထံသို့ ဝန်ကြီးချုပ် ရာထူးမှ တရားဝင် နုတ်ထွက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

ထို့ကြောင့် ဗြိတိန်နိုင်ငံကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖို့ ခေါင်းဆောင်ကောင်း တစ်ယောက်ကို အာဏာရ ကွန်ဆာဗေးတစ် ပါတီအနေဖြင့် ရှာဖွေ ရတော့သည်။ ဗြိတိန် နိုင်ငံရေးသည် လတ်တလောတွင် သွေးကွဲနေသည့် နိုင်ငံရေး ဖြစ်သည်။ ပြိုင်ဘက် လေဘာပါတီမှ ခေါင်းဆောင် ဂျယ်ရမီကိုဘင် ကိုလည်း သူ့ ပါတီဝင်များ က အရည်အချင်း မရှိဟုဆိုကာ အယုံအကြည် မရှိ အဆိုတင်သွင်းပြီး နုတ်ထွက်ခိုင်း နေသည်။

ထို့ကြောင့် ဗြိတိန်နိုင်ငံရေး သည် EU မှ ခွဲထွက်ရေးနှင့် အတူ လိုက်ပါကာ ပိုမိုရှုပ်ထွေး လာတော့သည်။ အာဏာရ ကွန်ဆာဗေးတစ် ပါတီ၏ သက်တမ်း ကုန်ဆုံးဖို့ နှစ်နှစ်ခန့် အချိန်ကျန်ရှိ နေသေးသည်။ ကင်မရွန်း မရှိသည့် နောက်ပိုင်း မည်သူ့ကို ဝန်ကြီးချုပ် အသစ်အဖြစ် ခန့်အပ်ပြီး ကျန်ရှိသည့် နှစ်နှစ် အချိန်ကို တာဝန်ထမ်းဆောင် သွားမည် ဆိုသည်ကို အာဏာရပါတီ ထိပ်သီး အသိုင်းအဝိုင်း တို့ မဲပေးရွေးချယ် ရတော့သည်။

ထောက်ခံမဲ အများဆုံးနှင့် ဝန်ကြီးချုပ်သစ် နေရာကို ရရှိသွားသူမှာ ထရီဆာမေ ဖြစ်သည်။ သူသည် ဗြိတိန်၏ သမိုင်းဝင်မည့် ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သည်။ သူမသည် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အရည်အချင်း ပိုင်းတွင် ထူးချွန်သူဟူ၍ နာမည်ကြီးသည်။ ၁၉၉၉ ခုနှစ်တွင် အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီ၏ ပညာရေးဌာန တာဝန်ခံ ရာထူးဖြင့် စတင်နေရာ ရလာခဲ့သူ ဖြစ်သည်။

လေဘာအစိုးရ လက်ထဲမှနေ၍ လွှဲပြောင်းကာ ကွန်ဆာဗေးတစ် ပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ချိန်တွင် သူမ၏ ရာထူးသည် ပြည်ထဲရေးဝန်ကြီး အဆင့်အထိ တိုးလာခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ပီပီ ရဲဌာနကို ကြီးကြပ်ရပြီး မှုခင်း ကျဆင်းရေး၊ ငြိမ်ဝပ်ပိပြားရေး၊ ဘာသာရေး အစွန်းရောက် ခေါင်းဆောင် များကို အရေးယူ ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် တန်ပြန် ထိုးစစ်ဆင်ရေး တို့တွင် ကောင်းမွန်စွာ ကိုင်တွယ် ထိန်းချုပ် နိုင်ခဲ့သောကြောင့် အမျိုးသမီး ဝန်ကြီးတစ်ဦး အနေဖြင့် ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝသူ ဟု လူတိုင်း က ချီးကျူးခဲ့ ကြသည်။

ထရီဆာမေ က EU ကနေထွက်ပြီ ဆိုတာနဲ့ ကိစ္စအားလုံးက ပြီးသွားပြီ။ အဲဒီနေရာ ကနေပဲ အောင်မြင် မှုတွေကို ဗြိတိန် ပြန်ရအောင် ကြိုးစား ဆောင်ရွက်ရမယ်။ ဒုတိယအနေနဲ့ ပြိုကွဲနေတဲ့ ပါတီရဲ့စည်းလုံးမှုနဲ့ တိုင်းပြည်ရဲ့ စည်းလုံးမှုကို ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားရမယ်။ တတိယ အနေနဲ့ကတော့ ဗြိတိန် ယခင်က ရရှိခဲ့တဲ့ ပြည့်စုံ ခိုင်မာမှုရှိတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ဖြစ်သည်ဟု သူမက ဆိုခဲ့သည်။ ဗြိတိန်၏ စီးပွားရေး အတွက် ပထမဆုံးခြေလှမ်း အနေဖြင့် လုပ်ဆောင်ရမည့် အရာက ဘာလဲဟူသော မေးခွန်းကို ပြန်လည် ဖြေဆိုရာတွင် ထရီဆာမေ က လွတ်လပ်စွာ ကုန်သွယ်ခွင့် ရဖို့ပဲဖြစ်တယ် ဟု ပြောသည်။ ထို့ကြောင့် မကြာမီကပင် ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီးက ကုန်သွယ်မှု သစ်များရရှိဖို့ အာရှကို ခရီးထွက် ခဲ့ခြင်းသည် အပေါင်းလက္ခဏာ ဆောင်သော ခရီးတစ်ခု ဖြစ်သွားခဲ့သည်။

ထရီဆာမေ လည်း ကုန်သွယ်မှု စာချုပ်သစ်များ ရရှိရန် ဝန်ကြီးချုပ် ရာထူးကို လက်ခံရရှိပြီး မကြာမီ ခရီးထွက် ရဦးမည် ဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမား ကတော့ ထရီဆာမေ အနေဖြင့် ဝန်ကြီးချုပ် ရာထူးကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင် နိုင်မည်ဟု သူမ၏ အရည်အချင်း များကို ထောက်ပြကာ ကြိုဆိုခဲ့သည်။ အမေရိကန် အနေဖြင့် သူ၏ မဟာမိတ်ဗြိတိန် နှင့် အမြဲတမ်း အတူတကွ ရှိနေမည်ဟုလည်း ကတိပေးခဲ့ သေးသည်။

EU ကနေ ဗြိတိန်ထွက်ခွာ သွားသောကြောင့် ယခု EU အဖွဲ့ဝင်နိုင်ငံ၂၇ နိုင်ငံတည်း ကျန်ခဲ့တော့မည် ဖြစ်ပြီး ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ် အပါအဝင် တခြား EU အဖွဲ့ဝင် နိုင်ငံများကတော့ ဗြိတိန်ကို EU မှ ခွဲမထွက်စေချင်ပေ။ EU တွင် ခိုင်မာသည့် ငွေကြေးဈေးကွက်၊ လွတ်လပ်သည့် ကုန်သွယ်မှု၊ လိုအပ်သည့် ဝန်ဆောင်မှု အားလုံးကို ရနိုင်သည်။ ဗြိတိန် EU မှခွဲထွက် သွားသောကြောင့် ခိုင်မာနေသည့် သူ၏စီးပွားရေးနှင့် ငွေကြေး ဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်စေနိုင်သည်။ သို့သော်လည်း အလျင်အမြန် တိုးတက်နေသော အိန္ဒိယဈေးကွက် နှင့် တရုတ်ဈေးကွက် တို့က အတိုင်းအတာ တစ်ခုအထိ ဗြိတိန်ကို ကျားကန်ပေးထား နိုင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောသည်။

တရုတ်က EU မှ ဗြိတိန်ထွက်ခြင်းသည် သူ၏ စီးပွားရေးအတွက် အဆင်ပြေ သွားခဲ့သည်ဟု ပြောသည်။ ကုန်သွယ်မှု လွတ်လပ်ခွင့် စာချုပ်များကို တခြားနေရာ၌ သွားရှာနေစရာ မလိုတော့ဘဲ သူ့ဆီသို့ ဗြိတိန် ပြေးလာမည်ကို သိသောကြောင့် ဖြစ်သည်။ ဗြိတိန်အတွက် ထိန်းချုပ်စရာ နောက်တစ်ခု ကလည်း ကျန်နေသေးသည်။ နိုင်ငံတစ်နိုင်ငံ အတွက် အရေးကြီးဆုံး တစ်ခုဖြစ်သည့် ငွေကြေး ဖောင်းပွမှု ဖြစ်သည်ဟု Focus Economic's က ထောက်ပြခဲ့သည်။

ခွဲထွက်ချင်သူများ၏ စိတ်ကူးယဉ်မှု များက ဘယ်လောက်အထိ ဗြိတိန်စီးပွားရေးကို အောင်မြင်လာစေ မလဲဟူသည့် မေးခွန်းများက စိတ်ဝင်စားစရာ ကောင်းနေသည်။ EU ထဲတွင်ရှိစဉ်က စီးပွားရေး တိုးတက်မှုနှုန်း များများစားစား မရှိသော်လည်း ဗြိတိန်အဖို့ တည်ငြိမ်သည့် စီးပွားရေး ရှိခဲ့သည်။ ဗြိတိန်ပြည်သူ အများစုက ၂ဝ၁၅ ခုနှစ်တုန်း က ဗြိတိန်စီးပွားရေး တိုးတက်မှုနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်း ရှိနေခဲ့သည်ကို မကျေနပ် နိုင်ကြဘဲ EU မှ ထွက်မှသာ သူတို့နိုင်ငံ စီးပွားရေး လျင်မြန်စွာ ပြန်လည်တိုးတက် မည်ဟု ထင်နေ ကြခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့စိတ်ကူးယဉ် အိပ်မက်များမှာ အမျိုးသမီး ဝန်ကြီးချုပ်သစ် ထရီဆာမေ ၏ စီးပွားရေး လမ်းကြောင်းသစ် များနှင့် လက်တွေ့ အမှန်တကယ် တိုးတက်  လာမလား ဟူသည်ကို မကြာမီ သိလာရတော့မည် ဖြစ်သည်။ 

ထရီဆာမေ မတိုင်မီက ဗြိတိန်၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် မာဂရက်သက်ချာ ကတော့ ၁၉၇၉ ခုနှစ်ကနေ ၁၉၉ဝ ပြည့်နှစ်များ အထိ ၂ဝ ရာစု၏ အရှည်လျားဆုံး တာဝန်ထမ်းဆောင် ရသည့် ဝန်ကြီးချုပ် တစ်ဦးအဖြစ် ဗြိတိန်သမိုင်းတွင် မှတ်တမ်းဝင် ခဲ့ပြီး Iron Lady ဟု ကမ္ဘာကျော်ခဲ့ကာ ဗြိတိန်ကို အကောင်းဆုံး ပုံဖော်ပေး နိုင်ခဲ့သည်။

ယခုလည်း ထရီဆာမေကို ဗြိတိန်နိုင်ငံကို အကောင်းဆုံး ပုံဖော်ပေးရင်း ဒုတိယ မာဂရက်သက်ချာ ဖြစ်လာလေမလား ဟူ၍ ဗြိတိန်နိုင်ငံ သားတို့က စိတ်ကူးယဉ် နေကြပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger