www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 20, 2016

အငြင်းပွားရေပိုင်နက်တွင် စစ်ရေးလေ့ကျင့် တော့မည့်တရုတ်


Chinese ships putting out a fire on a mock cargo vessel during an emergency drill in the South China Sea.

Helicopter rescues crew members practising rescue techniques during an emergency drill.

( ရှိန်းထက် )

တရုတ်က တောင်တရုတ် ပင်လယ်ပြင် အငြင်းပွား ရေပိုင်နက် အတွင်း၌ စစ်ရေး လေ့ကျင့်မှုများ စတင်ပြုလုပ် တော့မည်ဟု ဇူလိုင် ၁၈ ရက်က ကြေညာ လိုက်ပြီဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်း အနီးက ရေပိုင်နက် များကို တရုတ်စစ်တပ် က ရက်အတန် ကြာအောင် ပိတ်ထားမည် ဖြစ်သည်။

နိုင်ငံတကာခုံရုံး The Hague ၏ ဆုံးဖြတ်ချက်ကို တရုတ်က အပြတ်သားဆုံး ဆန့်ကျင်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် စပရက်တလီ ကျွန်းစုများ ကိုလည်း တရုတ်လေတပ် က ဗုံးများ တပ်ဆင်ထားသော ဂျက်တိုက် လေယာဉ်များဖြင့် အချိန်ပြည့် ကင်းလှည့်မှု စတင် နေပြီဖြစ်သည်။ တောင်တရုတ် ပင်လယ်ပြင် ကို ၉ဝ ရာခိုင်နှုန်း ပိုင်သည်ဟု တရုတ်၏ တောင်းဆိုချက် ကို The Hague က အဓိပ္ပာယ် မရှိသည့် တောင်းဆိုမှုဟု ခေါင်းစဉ်တပ်ပြီး ပယ်ချမှုကို တရုတ်က ပြင်းပြင် ထန်ထန် ကန့်ကွက်ပြီးသည့် နောက်ပိုင်းတွင် တရုတ်၏ ပထမဆုံး စစ်ရေး လှုပ်ရှားမှု ဖြစ်သည်။

ထို့ကြောင့် တရုတ်နှင့် အမေရိကန် ဦးဆောင်သော အနောက်အုပ်စု တို့ ထိပ်တိုက် တွေ့ဆုံပွဲတွင် ကုလသမဂ္ဂပါ ပါဝင်လာရပြီ ဖြစ်သည်။ ကုလသမဂ္ဂက ဘယ်လို ဆက်လက်ကိုင်တွယ် မလဲ။ အမေရိကန်နှင့် အနောက်အုပ်စု ကရော ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ။ ယခုအချိန် ထိတော့ တရုတ်၏ စစ်ရေး လှုပ်ရှားမှုများကို မည်သူကမျှ တုံ့ပြန်ခြင်း မရှိသေးဘဲ အားလုံးက ငြိမ်ချက်သား ကောင်းနေသည်။ လှုပ်လျှင်လည်း စစ်ရေးအရ ကျိန်းသေ ထိပ်တိုက် တွေ့တော့မည် ဖြစ်သည်။

The Hague က ဖိလစ်ပိုင်ကို အနိုင်ပေး လိုက်သည်နှင့် ချက်ချင်း ဆိုသလို တရုတ် (တိုင်ပေ)၊ ဖိလစ်ပိုင် တို့က စစ်သင်္ဘော များကို တောင်တရုတ် ပင်လယ်ပြင်သို့ စေလွှတ်လိုက်ပြီး တရုတ်တို့ တောင်းဆို နေသော နတူနန် စီးပွားရေးဇုန် နေရာတွင် အင်ဒိုနီးရှား ရေတပ် အခြေစိုက် စခန်းတစ်ခုကို ၂ဝ၁၇ ခုနှစ် မတိုင်မီ အပြီး တည်ဆောက် တော့မည် ဖြစ်သည်။

တရုတ်၏ မဟာမိတ် ရုရှားက လတ်တလော အခြေအနေတွင် ဖိလစ်ပိုင် ဘက်တွင် အလေးသာနေ သကဲ့သို့ သဘောထား များကို ထုတ်ပြန်ထားပြီး ၂ဝ၁၆ ခုနှစ် အစပိုင်းတွင်တော့ တောင်တရုတ် ပင်လယ်ပြင်ကို တရုတ်ဘက်မှ အားပေး အားမြှောက် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် တရုတ်အတွက် ရုရှားကို သူ၏ သွေးရင်း မဟာမိတ်အဖြစ် လက်ခံရန် ၅ဝ/၅ဝ ရာခိုင်နှုန်း အနေအထားသာ ဖြစ်သည်။

ရုရှားက ကျဆင်းလာ နေသော သူ့စီးပွားရေးကို ပြန်လည် မြှင့်တင်ရန် တရုတ် တစ်နိုင်ငံတည်း နှင့် စီးပွားရေးအရ ဆက်ဆံမှု မလုံလောက် သောကြောင့် အာဆီယံ အပါအဝင် အာရှရှိ တခြားနိုင်ငံ များနှင့်ပါ ဆက်ဆံရေး တိုးမြှင့်လာ နေသည့် အချိန်ဖြစ်သည်။ တရုတ် ၏ သမိုင်းဝင် ရန်သူတော် ဂျပန်နှင့်ပင် ကုန်သွယ်ရေးများ တိုးမြှင့်နေပြီး စစ်ရေး အရလည်း အနီးကပ်ဆုံး ဆက်ဆံရေး တစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းနေသည့် အချိန် ဖြစ်သည်။ ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှု ပြုလုပ်ခြင်း ထပ်မံ ရင်ဆိုင်နေရ သည့် ရုရှားအတွက် တရုတ်ကို တစ်ကမ္ဘာလုံးက ကန့်ကွက်နေ သည့်အချိန်တွင် အားပေး အားမြှောက်ပြု လုပ်လိုက်ပါက သူ့ စီးပွားရေးကို သူအောက်ခြေကို တွန်းချ နေသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ရုရှားက တောင်တရုတ် ပင်လယ်ပြင် အရေးတွင် တရုတ်ဘက်လည်း မလိုက် အငြင်းပွားနိုင်ငံ များဘက်လည်း မလိုက်ဘဲ ကြားနေလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း တရုတ်ကတော့ ပြောင်ပြောင် တင်းတင်းပင် သူ့လုပ်ရပ် များကို ရှေ့ဆက်နေသည်။  

နိုင်ငံတစ်နိုင်ငံ၏ ရေပိုင်နက်သည် ၂ဝဝ ကီလိုမီတာခန့် ပျမ်းမျှရှိသည်။ သို့သော်လည်း တရုတ်က ဖိလစ်ပိုင်နှင့် အငြင်းပွား နေသော နေရာကို ဖိလစ်ပိုင် ရေပိုင်နက် ၂ဝဝ ကီလိုမီတာ အတွင်းတွင် သွားတောင်း ခဲ့သည်။ စကားဗိုရော့ ကျောက်တန်း များတွင် သူ့စစ်တပ်ပင် သွားရောက် ချထားခဲ့ သေးသည်။ ဗီယက်နမ်တွင်လည်း ထိုနည်းတူစွာ ဗီယက်နမ် ကမ်းရိုးတန်း၌ သူတို့ ရေနံတူးစင် ပြောင်ပြောင် တင်းတင်း သွားချထားခဲ့ သည်။ ထို့ကြောင့် တရုတ် မန်နေဂျာတစ်ဦး သေဆုံးခဲ့သည် အထိပင် ဗီယက်နမ်၌ တရုတ် ဆန့်ကျင်ရေးများ ပွက်လောရိုက် သွားခဲ့သည်။ ယခုလည်း ဗီယက်နမ်၌ တရုတ် ဆန့်ကျင်ရေးများ စတင်နေပြန်ပြီ ဖြစ်သည်။

ထိုနည်းတူစွာ တရုတ်(တိုင်ပေ) တွင်လည်း တရုတ် ဆန့်ကျင်ရေး များက ပိုမိုထင်ဟပ် လာပြီဖြစ်သည်။ ယခင် တရုတ် (တိုင်ပေ) အာဏာပိုင် အဆက်ဆက် က တရုတ်ထိပ်တန်း အသိုင်းအဝိုင်း နှင့် မရှင်းလင်းသည့်
ဆက်ဆံရေးများ ရှိခဲ့သောကြောင့် ပညာတတ် အသိုင်းအဝိုင်း အပါအဝင် ကျောင်းသားများ နှင့် ထိပ်တိုက်ေ တွ့ခဲ့သည်။ တရုတ်(တိုင်ပေ) ၏ အမျိုးသမီး သမ္မတသစ်သ ည် တရုတ်တို့ မလိုလားသော သမ္မတဖြစ်သည်။ ယခုလည်း တရုတ်(တိုင်ပေ) က တရုတ်ရန်ကို ကာကွယ်ရန် အမေရိကန် ဆီမှ ဒေါ်လာ ဘီလီယံနှင့် ချီသည့် စစ်လက်နက် များကို ဝယ်ထားသည်။ ယခင် တရုတ်(တိုင်ပေ) အစိုးရများက တရုတ်နှင့် ဆက်ဆံရေး တင်းမာမည် စိုးသောကြောင့် ကာကွယ်ရေး အတွက် စစ်လက်နက်ပင် ပြောင်ပြောင် တင်းတင်း မဝယ်ရဲခဲ့သည့် အခြေအနေ ဖြစ်ခဲ့သည်။ ယခု သမ္မတသစ် ဆိုင်းယင်းဝမ် လက်ထက်တွင် အခြေအနေမှာ အပြောင်းလဲကြီး ပြောင်းလဲသွား ခဲ့သည်။ တရုတ်ကို ပြောင်ပြောင် တင်းတင်းပင် ဆက်ဆံသည်။ ကာကွယ်ရေး အတွက် အသုံးစရိတ် များကို မြှင့်တင်သည်။

မကြာသေးမီက တရုတ်ဘက်ကို မှားယွင်း ပစ်ခတ်ခဲ့ မိသော ဒုံးပျံကိစ္စ တွင်လည်း တရုတ်ဘက်က တောင်းပန်စေချင် ခဲ့သည့်တိုင် အောင် တရုတ်(တိုင်ပေ) တို့ နှုတ်ဆိတ် နေခဲ့သည်။ ထို့ကြောင့်လည်း တရုတ် အာဏာပိုင်တို့ ဒေါသပိုထွက်ခဲ့ ရသည်။ ယခုတရုတ်နှင့် အငြင်းပွား နိုင်ငံများ ဆက်ဆံရေး သည် ပြောင်းပြန် ဖြစ်လာနေသည်။ ယခင်က ငြိမ်ခံနေခဲ့သော နိုင်ငံငယ်လေး များသည် စစ်ရေးအရ ပြောင်ပြောင် တင်းတင်းပင် ဆက်ဆံ လာသည်။ အင်ဒိုနီးရှား ဆိုလျှင် တရုတ် ငါးဖမ်းလှေ များကို ပစ်မြှုပ်သည် အထိ စစ်ရေးအရ ဖြေရှင်းပြီး ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။ ထိုအရာများ အားလုံးသည် နောက်ကွယ်က အမေရိကန် ကြောင့်ဟု တရုတ်တို့ က ယုံကြည်သည်။ 

တရုတ်က စစ်ရေးအသုံး စရိတ် ၁ဝ ရာခိုင်နှုန်း ကျော်ကို နှစ်စဉ်မြှင့် တင်သည်။ ၂ဝ၁၆ ခုနှစ်အတွက် ကိုတော့ ၈ ရာခိုင်နှုန်း အထိ လျာထားသည်။ ယခု တရုတ်၏ စစ်ရေး အသုံးစရိတ် သည် အမေရိကန် ဒေါ်လာ ၁၅ဝ ဘီလီယံအ ထိ ရှိလာသည်။ ထို့ကြောင့် အမေရိကန် ကလည်း သူ၏ စစ်ရေး အသုံးစရိတ်ကို လိုက်တိုး လာနေရသည်။ ၂ဝ၂ဝ ပြည့်နှစ် အရောက် တွင် အာရှ-ပစိဖိတ်ကို အမေရိကန် အင်အားထက်ဝက် ချထားရန် အင်တိုက် အားတိုက် လုပ်နေရသည်။ အမေရိကန် အတွက် ပထမဆုံး ရင်ဆိုင်ရန် ရန်သူသည် ရုရှားထက် တရုတ် ဖြစ်လာဖို့က ရာခိုင်နှုန်း ပိုများ လာနေသည်။

ရုရှားက ယခုကဲ့သို့ ထိပ်တိုက် တွေ့ဆုံမှုများ ကို ရှောင်သည်။ တရုတ်ကတော့ တည့်တိုးသည်။ ထို့ကြောင့် ယခုလို တရုတ် ပင်လယ်ပြင်တွင် နိုင်ငံတကာ ကန့်ကွက် နေသည့်ကြား ထဲမှ တရုတ်၏ စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်နှင့် အငြင်းပွား နိုင်ငံငယ်လေး များကို သွေးတိုးစမ်း စိန်ခေါ်နေသည့် သဘော သက်ရောက် နေပါကြောင်း ရေးသားလိုက်ရ ပါသည်။ 

China to hold military drills in South China Sea
Beijing To Close Access To Part Of South China Sea For Military Drills

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger