( ရှိန်းထက် )
ဇွန် ၂ဝ ရက်က အင်ဒိုနီးရှား ရေတပ်သည် တရုတ်ငါးဖမ်းလှေ များကို ထပ်မံပစ်မြှုပ် လိုက်ပြန်သည်။ ယခုတစ်ကြိမ် နှင့်ဆိုလျှင် အင်ဒိုနီးရှားတို့ တရုတ်ငါးဖမ်း လှေများကို ပစ်မြှုပ်သည်မှာ သုံးကြိမ်မြောက် ရှိသွားပြီ ဖြစ်သည်။၂ဝ၁၄ ခုနှစ် ကတည်းက တရုတ်နှင့် အင်ဒိုနီးရှား တို့ ငါးခိုးဖမ်းသည့် ကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ စတင်လာခဲ့ပြီး ယခုတွင် အင်ဒိုနီးရှားတို့ စစ်အင်အားကို စတင်အသုံးပြု လာပြီဖြစ်သည်။
နာတူနာကျွန်းစု များသည် ငါးသယံဇာတ ပေါကြွယ်ဝသော နေရာများ ဖြစ်ပြီး အင်ဒိုနီးရှား အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းရာနှင့်ချီ ရရှိအောင် အကျိုးပြု နေသော ရေသယံဇာတ ပေါများရာ နေရာများ ဖြစ်သည်။ သို့သော် တရုတ်တို့၏ ငါးခိုးဖမ်းမှုများ ကို အင်ဒိုနီးရှားတို့ နှစ်စဉ်တွေ့ကြုံ ခဲ့ရသည်။ နှစ်နိုင်ငံ စီးပွားရေးနှင့် သံတမန် ဆက်ဆံရေးတို့ကို ထိခိုက်မည် စိုးရိမ်သည့် အတွက် အင်ဒိုနီးရှား အစိုးရက တရုတ် ငါးဖမ်းလှေများကို သတိပေးရုံက လွဲပြီး မည်သည့် ဆောင်ရွက်မှုမျိုး ကိုမျှ မပြုလုပ်ဘဲ နေခဲ့သည်။
ယခုတော့ အင်ဒိုနီးရှားတို့ နိုင်ငံရေးရော စီးပွားရေးပါ ထည့်မတွက် တော့ဘဲ တရုတ်ကို ပြတ်ပြတ်သားသားပင် ကိုင်တွယ်တော့သည်။ သူ့ပိုင်နက်ထဲသို့ ဝင်လာသည့် ငါးဖမ်းစက်လှေ မှန်သမျှကို ပစ်မြှုပ်သည်။ သင်္ဘောသား များကို ဖမ်းသည်။ ယင်းကဲ့သို့ တရားမဝင် ငါးဖမ်းလှေ မှန်သမျှကို ရေတပ်က ပြတ်ပြတ်သားသား ကိုင်တွယ်မည့် အစီအစဉ်ကို အဓိက အမိန့်ပေးသူမှာ အင်ဒိုနီးရှား ပင်လယ် ပြင်နှင့် ငါးလုပ်ငန်းဝန်ကြီး ဆူဆီပတ်ဂျီယပ် စတူတီ ဖြစ်သည်။
သူမ၏ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ထောက်ခံသူမှာ သမ္မတ ဂျိုကိုဝီဒိုဒို ဖြစ်သည်။ စတူတီက ''နိုင်ငံတစ်နိုင်ငံ ရဲ့ ပိုင်နက်ထဲက ငါးခိုးဖမ်းတယ် ဆိုတာလည်း ပြစ်မှုတစ်ခု ပါပဲ။ ဘယ်ပုံဘယ်နည်းနဲ့ ကိုင်တွယ်တယ် ဆိုတာတော့ သက်ဆိုင်ရာ အစိုးရနဲ့ပဲ ဆိုင်သွားပြီ။ အခုလည်း အင်ဒိုနီးရှား အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ပဲ ငါးခိုးဖမ်းတဲ့ ဘယ်နိုင်ငံက သင်္ဘောကိုမဆို ပြတ်ပြတ်သားသား ဆက်လက်ကိုင်တွယ် သွားပါမယ်'' ဟု ဆိုခဲ့သည်။ သမ္မတ ဝီဒိုဒို ကတော့ သူ့နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်လာသည့် မည်သူ့ကိုမဆို လက်မတွန့်ဘဲ ကိုင်တွယ်မည် ဟု ဆိုခဲ့ပြီး တရုတ်နှင့် အင်ဒိုနီးရှားတို့ ရာစုသစ်တွင် ပထမဆုံး ထိပ်တိုက် တွေ့ဆုံမှု ဖြစ်သည်။
တရုတ်သည် အာဆီယံ နိုင်ငံလေးနိုင်ငံ နှင့် တောင်တရုတ် ပင်လယ်ပြင်တွင် အငြင်းပွား နေပြီး ယခု အင်ဒိုနီးရှား နှင့်ပါ အငြင်းပွားရန် ဇာတ်လမ်းက စလာခဲ့ပြန်သည်။ ယခု ပစ်မြှုပ်လိုက် သည့် တရုတ်ငါးဖမ်း သမားတို့ ဖမ်းနေသည့် နာတူနာကျွန်းစု များကို တရုတ်တို့က သူ့ပိုင်နက်ဟု ဆိုလာ ပြန်သည်။ တရုတ်အစိုးရ သတင်းအေဂျင်စီ CCTV ၏ အဆိုအရ ထိုနေရာသည် တရုတ်တို့၏ ရိုးရာငါးဖမ်း နေရာ ဟု ဆိုသည်။
နာတူနာကျွန်းစု များသည် အင်ဒိုနီးရှား အစိုးရက ခေတ်အဆက်ဆက် ထိန်းချုပ်ထားသည့် ပိုင်နက်ဖြစ်ပြီး အဓိက စီးပွားရေးဇုန် အဖြစ် ကြေညာထားသည့် နေရာလည်း ဖြစ်သည်။ ယခု တရုတ်တို့က ထိုနေရာကို သူတို့ပိုင်နက် အဖြစ် တောင်းဆို နေပြန်သည်။ ထို့ကြောင့် တောင်တရုတ် ပင်လယ်ပြင် အရေးတွင် အင်ဒိုနီးရှား သည် ငါးနိုင်ငံမြောက် တရုတ်နှင့် အာဆီယံ အငြင်းပွားနိုင်ငံ ဖြစ်လာသည်။ တောင်တရုတ် ပင်လယ်ပြင်ရှိ စပရတ်တလီ ကျွန်းစု အငြင်းပွားမှု တွင် လေးနိုင်ငံ နှင့် နာတူနာကျွန်းစု များအရေးတွင် အင်ဒိုနီးရှား တို့ဖြစ်သည်။
အာဆီယံ အသိုက်အဝန်း သည် တရုတ်အတွက် မရှိမဖြစ် အရေးပါသည့် ကုန်သွယ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ဥရောပသမဂ္ဂ နှင့် အမေရိကန် ပြည်ထောင်စု ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် ကုန်သွယ်မှု အများဆုံး အဖွဲ့အစည်း ဖြစ်သည်။ အာဆီယံ နှင့် တရုတ် ကုန်သွယ်မှု တန်ဖိုးသည် ၅ဝဝ ဘီလီယံ ကျော်အထိ ရှိသည်။ နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးများ ကိုလည်း ပိုမိုတိုးတက် နိုင်ရန် ရည်မှန်းထား ချိန်တွင် တရုတ်က အာဆီယံ နိုင်ငံတချို့နှင့် ပြဿနာ တစ်ခုပြီးတစ်ခု တက်လျက် ရှိသည်။
အင်ဒိုနီးရှားနှင့် ဆိုလျှင် နှစ်စဉ် ကုန်သွယ်မှု တန်ဖိုး အမြင့်မားဆုံး အနေအထား အထိ ရောက်ရှိအောင်စွမ်းဆောင်ထား နိုင်ပြီး ၂ဝ၁၃ ခုနှစ်က ကုန်သွယ်မှု တန်ဖိုးကပင် အမေရိကန် ဒေါ်လာ ၅၂ ဒသမ ၄ ဘီလီယံ အထိရှိ သည်။ ထို့ပြင် တရုတ်သည် အင်ဒိုနီးရှား ကို သူ၏ အာဆီယံ ဒေသတွင်း အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်စေရန် အားအထားဆုံး ဖြစ်သည်။ အင်ဒိုနီးရှား ၏ ဘီလီယံနှင့် ချီသော အမြန်ရထား စီမံကိန်းနှင့် စွမ်းအင်ကဏ္ဍ တို့သည် တရုတ်တို့ ရင်းနှီးမြှုပ်နှံ ရန် မျက်စိအကျဆုံး စီမံကိန်းများ ဖြစ်သည်။
ယခု ယင်းစီမံကိန်း များအတွက် နှစ်နိုင်ငံ အဆင်သင့် ဖြစ်နေချိန်တွင် တင်းမာမှုများက ထွက်ပေါ်လာသည်။ ယခင်က အဘက်ဘက် ကိုစဉ်းစားပြီး မပြုလုပ်ခဲ့သော လုပ်ရပ်များ ကို အင်ဒိုနီးရှား တို့က လုပ်ဆောင် လာသည်။ သူ့ပိုင်နက်ကို ဝင်လာသည့် တရုတ် ငါးဖမ်းလှေ မှန်သမျှကို ဖမ်းသည်။ ဖမ်းမရသည့် လှေများကို ပစ်မြှုပ်သည်။ ထို့ကြောင့် အင်ဒိုနီးရှား သည် အရှေ့တောင် အာရှတွင် တရုတ်ငါးဖမ်း သင်္ဘောများကို ပစ်မြှုပ်သည့် ပထမဆုံး နိုင်ငံ ဖြစ်လာသည်။ ကျန် အာဆီယံ နိုင်ငံများ အတွက်လည်း အင်ဒိုနီးရှား သည် ရှေ့ဆောင်လမ်းပြ ပြုလုပ်ပြ လိုက်ခြင်း ဖြစ်သည်။
တရုတ်တို့သည် အာဆီယံနိုင်ငံ များ၏ ရေပိုင်နက် အတွင်း ငါးခိုးဖမ်းခြင်းနှင့် ရေနံတူးခြင်း များကို ဆောင်ရွက်လေ့ ရှိသည်။ ၂ဝ၁၄ ခုနှစ်က ဗီယက်နမ် ရေပိုင်နက်တွင် ရေနံတူးစင်ကို သွားချခဲ့ သေးသည်။ ထို့ကြောင့် ဗီယက်နမ် နှင့် အကြီးအကျယ် ပြဿနာ ဖြစ်ပြီး ဗီယက်နမ် ပြည်သူများ တရုတ်တို့ ဗီယက်နမ်နိုင်ငံ ထဲက ထွက်သွားရန် အထိပင် ဆန့်ကျင် ဆန္ဒပြခဲ့ ကြသည်။
ယင်းကဲ့သို့ တရုတ်တို့၏ ငါးဖမ်းလှေများ ၊ ရေနံတူးစင် များနှင့် တခြား သွေးတိုးစမ်းသည့် လုပ်ရပ်များ၏ နောက်ကွယ်တွင် တရုတ် အစိုးရက တိတ်တဆိတ် အားပေး အားမြှောက် ပြုလုပ်နေသည် ဟုလည်း ဝေဖန်မှုများ ရှိနေသည်။ အမေရိကန်ကို ဆိုက်ဘာ တိုက်ခိုက်သည့် နောက်ကွယ်က တရုတ် ဟက်ကာ အဖွဲ့များကို တရုတ်အစိုးရက ထောက်ပံ့ပေး သကဲ့သို့ ပုံစံမျိုးဖြစ်သည်။
တရုတ်သည် အာဆီယံနိုင်ငံ များက သူ့ကို စီးပွားရေးအရ ပစ်ပယ်၍ မရနိုင်မှန်း သိသည်။ စစ်ရေးအရလည်း မည်သို့မျှ ယှဉ်၍ မရနိုင်မှန်း သိသည်။ ထို့ကြောင့် အာဆီယံနိုင်ငံ များကို သွေးတိုးစမ်းသည့် လုပ်ရပ်များ မကြာခဏ ပြုလုပ်နေခြင်း ဖြစ်သည်။ အာဆီယံက တရုတ်ကို ပစ်ပယ်၍ မရနိုင်သကဲ့သို့ တရုတ်ကလည်း အာဆီယံကို မည်သည့်နည်း နှင့်မျှ ပစ်ပယ်၍ မရပေ။ ယခုကဲ့သို့ တရုတ်၏ စီးပွားရေး ကျဆင်းနေချိန် တွင် ပို၍ပင် ပစ်ပယ်၍ မရသော အနေအထား ဖြစ်သည်။
အာဆီယံ အနေဖြင့် ထိုအခြေအနေ ကို နားလည် သဘောပေါက် လာနေပြီဖြစ်သည်။ ထို့ကြောင့် တရုတ်ကို လိုအပ်သည်ထက် ပိုပြီး အလျှော့ပေးမှုများ ပြုလုပ်နေမှုကို ပြန်လည် တင်းကျပ်နေပြီ ဖြစ်သည်။ နောက်ထပ် တရုတ်တို့ အာဆီယံနိုင်ငံ များ၏ ပိုင်နက်ထဲ သို့ ကျူးကျော်လာလျှင် အင်ဒိုနီးရှား ကဲ့သို့ တခြားနိုင်ငံများ ကလည်း လုပ်ဆောင်ရန် ရာခိုင်နှုန်းအရ ပိုများနေပြီ ဖြစ်သည်။ အာဆီယံအတွက် တရုတ် မရှိလျှင် အစားထိုး နိုင်သည့် ဒုတိယနိုင်ငံ အိန္ဒိယ ကလည်း ရောက်ရှိလာပြီ ဖြစ်သည်။ အိန္ဒိယနှင့် အာဆီယံ ကုန်သွယ်မှု တန်ဖိုးကလည်း ၂ဝဝ ဘီလီယံ အထိ ရောက်ရှိလာသည်။ တိုက်ဆိုင်စွာ အိန္ဒိယသည် အာဆီယံနှင့် စီးပွားရေး တိုးမြှင့်ရန် စိတ်အား ထက်သန်လျက် ရှိသည်။
ထို့ကြောင့် တရုတ်တို့ အာဆီယံနိုင်ငံ များက အိန္ဒိယကို နေရာမပေးနိုင်ရန် ကြိုးစားရမည့် အစား အာဆီယံနိုင်ငံ များနှင့် ပြဿနာဖြစ် နေခြင်းသည် ကျဆင်းနေသည့် သူ့ စီးပွားရေး ကို သူကိုယ်တိုင် ထပ်၍ ဆွဲချ နေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် အာဆီယံ အနေဖြင့် တရုတ်ကို ယခင်က ကဲ့သို့ ပျော့ပျောင်းလွန်း လှသည့် ဆက်ဆံရေး များထက် အင်ဒိုနီးရှား ကဲ့သို့ နိုင်ငံ၏ အချုပ်အခြာနှင့် ပတ်သက်လာလျှင် ပြတ်ပြတ်သားသား ဆက်ဆံရေး လမ်းစဉ်ကို ကျင့်သုံးရန် အနာဂတ် လမ်းစများအား မြင်တွေ့ နေရပါကြောင်း ရေးသား လိုက်ရ ပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment