www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 7, 2016

တောင်တရုတ်ပင်လယ်ပြင်တွင် လေကြောင်းရန် ကာကွယ်ရေးစနစ် တပ်ဆင်တော့မည့် တရုတ်




( ရှိန်းထက် )

၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလက တရုတ်တို့ တောင်တရုတ် ပင်လယ်ပြင် စပရတ်တလီ ကျွန်းစုထဲ၌ ပါဝင်သည့် ကွာတာနိုကျွန်း ပေါ်၌ အဆင့်မြင့် ရေဒါစနစ် တစ်ခု၊ မီးပြတိုက် တစ်ခု၊ ရဟတ်ယာဉ်ကွင်း တစ်ခု၊ မြေအောက် ကတုတ်ကျင်း များနှင့် တခြား ဆက်သွယ်ရေး ပစ္စည်း ကိရိယာများကို တပ်ဆင်ခဲ့သည်။

ယင်း ရေဒါစနစ်သည် တောင်တရုတ် ပင်လယ်ပြင်၏ မြောက်ဘက် ရေပြင်၊ ဝေဟင် နှင့် မြေပြင် အသွားအလာများ အားလုံးကို စောင့်ကြည့်နိုင်မည် ဖြစ်ပြီး တောင်တရုတ် ပင်လယ်ပြင်ကြီး တစ်ခုလုံးကို စောင့်ကြည့် နိုင်အောင် တရုတ်တို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ စပရတ်တလီ ကျွန်းစုထဲရှိ တခြား ကျွန်းများ၌လည်း အားကောင်းသည့် ရေဒါစနစ်များကို တပ်ဆင်နေပြီး မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးပျံပစ် သင်္ဘောအုပ်စု များကိုပါ တာဝန်ပေး စေခိုင်းထားခြင်း ဖြစ်သည်။

တရုတ်သည် တောင်တရုတ် ပင်လယ်ပြင်ကို အကြီးမားဆုံး စစ်အခြေစိုက် စခန်းတစ်ခုကဲ့သို့ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူလုပ်ကျွန်းများကို တည်ဆောက် နေခြင်းဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်မှု ၏ လေးပုံတစ်ပုံ ကုန်သွယ်ရေး တန်ကြေးရှိသော တစ်နှစ် အမေရိကန် ဒေါ်လာ ၅ ထရီလီယံ တန် ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း ကိုလည်း ထိန်းချုပ်ချင် သောကြောင့် ဖြစ်သည်။

ယခုတရုတ်၏ နောက်ထပ် ခြေလှမ်းတစ်လှမ်း အနေဖြင့် ဧပြီလလောက် ကပင် ဂျက် တိုက်လေယာဉ် ဆင်းသက်နိုင်နေပြီ ဖြစ်သည့် လူလုပ်ကျွန်းတု ပေါ်၌ လေကြောင်းရန် ကာကွယ်ရေးစနစ် တပ်ဆင်ရေး ဖြစ်သည်။

လေကြောင်းရန် ကာကွယ်ရေးဇုန် ADIZ အဖြစ် တရုတ်တို့ မကြာမီ သတ်မှတ်သွားမည် ဟု တရုတ်(တိုင်ပေ) ကာကွယ်ရေး ဝန်ကြီးက ဇွန် ၅ ရက် တနင်္ဂနွေနေ့ က ပြောကြား သွားခဲ့ပြီး တောင်တရုတ် ပင်လယ်ပြင် ပဋိပက္ခတွင် တရုတ်တို့ အနိုင်ရ နေကြောင်း ကိုလည်း ထည့်သွင်း ပြောကြားသွား ခဲ့သည်။ ထို့ကြောင့် အမေရိကန်၏ တောင်တရုတ် ပင်လယ်ပြင် ကင်းလှည့်မှု များကို တရုတ် (တိုင်ပေ) အပါအဝင် ပါဝင် ပတ်သက်နေသည့် အငြင်းပွား ငါးနိုင်ငံက ယခုထက်ပို၍ အလိုရှိ နေခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်ကို အရေးယူ ပိတ်ဆို့မှု တစ်ခုခု ပြုလုပ်နိုင် ဖို့လည်း ထို ငါးနိုင်ငံစလုံး က စိတ်အား ထက်သန် နေသည်။ သို့သော်လည်း ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးနေချိန် တွင် တစ်ကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ ၅ဝ ရာခိုင်နှုန်းခန့်ကို နေရာယူ ထားသော တရုတ်ကို ပိတ်ပင်ဖို့သည် ထင်သလောက် မလွယ်ကူ သောကြောင့် အမေရိကန် တို့ ငြိမ်နေကြခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း တရုတ်နှင့် အမေရိကန် စစ်ရေးအရ ထိပ်တိုက် မတွေ့ချင် သောကြောင့် ဖြစ်သည်။

သို့သော်လည်း အကြောင်းများက ဖန်လာခဲ့သည်။ တရုတ်တို့က ဆိုးသည်ထက် ပိုဆိုး လာခဲ့သည်။ တောင်တရုတ် ပင်လယ်ပြင် တွင် တရုတ်တို့က ဒုံးပျံပစ် သင်္ဘောတပ်ဖွဲ့များ၊ မောင်းသူမဲ့ လေယာဉ် အုပ်စုများ၊ တိုက်လေယာဉ် အုပ်စုများနှင့် လေကြောင်း ရန် ကာကွယ်ရေး စနစ်များကို တပ်ဆင်ကာ ပင်လယ်ပြင် ကြီး၏ ၈ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း ကြွေးကြော် ထားသည်။

နိုင်ငံတကာ စည်းမျဉ်း ဥပဒေအရ အလုံးစုံ ဆန့်ကျင်နေသော တရုတ်၏ တောင်းဆိုချက် များကို ဆန့်ကျင်သည့် အနေဖြင့် အမေရိကန်က ကင်းလှည့်မှုများကို ခပ်စိပ်စိပ် ဆောင်ရွက် လာခဲ့သည်။ မကြာမီက ပြုလုပ်ခဲ့သော အမေရိကန်၏ တောင်တရုတ် ပင်လယ်ပြင် ကင်းလှည့်မှု တွင် အမေရိကန် သင်္ဘော များသည် စပရတ်တလီ ကျွန်းစုအထိ သွားရောက် ခဲ့သည်။

ထို့ပြင် အမေရိကန်၏ ဖျက်သင်္ဘောများ စပရတ်တလီ ကျွန်းစုနားရှိ လူလုပ်ကျွန်းတု အနီးမှ ဖြတ်သန်း ခုတ်မောင်း သွားခဲ့ပြန် သေးသည်။ ထို့ကြောင့် တရုတ်၏ အကြီးအကျယ် ဒေါသထွက်မှုကို အမေရိကန်တို့ ရင်ဆိုင်ခဲ့ရပြီး နှစ်နိုင်ငံ အကြီးတန်း ရေတပ် ဦးစီးချုပ်များ ပြေလည်အောင် အကြိတ်အနယ် ဆွေးနွေးခဲ့ ရသည်။

အမေရိကန် ကတော့ နိုင်ငံတကာ ရေကြောင်း သွားလာခွင့်ကို ကာကွယ်ဖို့ အတွက် ကင်းလှည့် နေရခြင်း ဖြစ်ပြီး ဖျက်သင်္ဘော သွားသည့် လမ်းကြောင်း သည်လည်း နိုင်ငံတကာ ရေလမ်းကြောင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း မကျေနပ် နိုင်သေးသည့် တရုတ်သည် အမေရိကန် ကိုပြင်းထန်စွာ သတိပေးခဲ့သည်။

တရုတ်၏ ဆတ်ဆတ်ထိ မခံဖြစ်နေသော တောင်တရုတ် ပင်လယ်ပြင် အရေးကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး အတ်ရှ်ကာတာ က တရုတ်တို့ဟာ တောင်တရုတ် ပင်လယ် အငြင်းပွား ကျွန်းတုတွေမှာ စစ်ရေးအရ စိန်ခေါ်မှုနဲ့ ရန်စမှုတွေကို ဆက်လုပ် နေဦးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အထီးကျန် ဖြစ်အောင် တံတိုင်းခတ်နေတာနဲ့ အတူတူပဲ ဟု ဆိုကာ ဇွန် ၄ ရက် စနေနေ့ က သတိပေး ခဲ့သည်။

ထိုစကားကြောင့် အရှိုက်ထိသွား ခဲ့သော တရုတ်ရေတပ် ဗိုလ်ချုပ်ကြီး ဆန်ဂျီရန်ဂူ သည် ချက်ချင်းပင် တရုတ်ဟာ အရင်အချိန် တွေကလည်း ဘယ်တော့မှ အထီးကျန် မဆန်ခဲ့ဘူး။ ခုလည်း အထီးကျန် မဆန်ဘူး။ နောက်လည်း အထီးကျန်ဆန်မှာ မဟုတ်ဘူး ဟု ပြန်လည်ချေပ ခဲ့ပြီး တရုတ်တို့၏ ဖြစ်သမျှ အကြောင်းကို အမေရိကန် ဘာတစ်ခုမှ ဝေဖန်စရာ မလိုဟု တင်းမာစွာ တုံ့ပြန်ပြောဆို ခဲ့သည်။ ထို့ပြင် တောင်တရုတ် ပင်လယ်ပြင် တင်းမာမှုများ အားလုံးသည် ဗီယက်နမ် အပါအဝင် တခြား အငြင်းပွား နေသည့်နိုင်ငံ များကို အမေရိကန်၏ အားပေး အားမြှောက် ပြုမှု၊ စစ်လက်နက် ပစ္စည်းများ ထော က်ပံ့ ပေးမှုနှင့် ကြားဝင် စွက်ဖက်မှု များကြောင့်သာ ဖြစ်သည်ဟု အမေရိကန်ကို အပြစ်ပုံချ ခဲ့သည်။

ယခုတော့ တောင်တရုတ် ပင်လယ်ပြင် ၌ အမေရိကန်တို့ စိုးရိမ်သကဲ့သို့ ထင်မှတ်ထားသည့် ပုံစံအတိုင်း ဖြစ်လာနေပြီ ဖြစ်သည်။ ရေဒါဖြန့်ကြက်မှု ပြုလုပ်လာသည်။ ဒုံးပျံများလည်း ရောက်လာသည်။ ၂ဝ၁၃ ခုနှစ်ကလည်း တရုတ်သည် အရှေ့တရုတ် ပင်လယ်ပြင်၌ ဒုံးပျံ ကာကွယ်ရေး စနစ်များ ကို တပ်ဆင်ကာ အခိုင်အမာ တပ်စွဲထားခဲ့ သေးသည်။ အရှေ့တရုတ် ပင်လယ်ရော တောင်တရုတ် ပင်လယ်ပါ တရုတ်တို့ အလုံးစုံ အာဏာ သက်ရောက် နိုင်ဖို့သည် အချိန် အနည်းငယ်သာ လိုတော့သည်။

တရုတ်တို့ ဗျူဟာများကလည်း အောင်မြင်လု နီးပါးဖြစ်နေပြီ ဖြစ်သည်။ မီတာ ၃ဝဝဝ ရှည်သော လေယာဉ် ပြေးလမ်းပါသည့် စစ်အခြေစိုက် စခန်း တည်ဆောက်မှုလည်း ပြီးစီးလုနီးပါး ဖြစ်နေသည်။ အမေရိကန် ကိုလည်း ကျွန်း တည်ဆောက်မှု အနှောင့်အယှက် မပြုနိုင်အောင် ဟန့်တား ထားနိုင်သည်။ ပင်လယ်ပြင် အငြင်းပွားမှုတွင် ဂျပန်နှင့် တရုတ်(တိုင်ပေ) ကိုလည်း တရုတ်တို့ အသာစီး ရထားသလို အာဆီယံ လေးနိုင်ငံဖြစ်သော ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား ကိုလည်း အသာစီး ရထားသည်။

ထို့ကြောင့် မကြာမီကာလတွင် တရုတ်၏ စစ်ရေးဗျူဟာ သည် အချက်အချာ ကျသောနေရာများ ပထဝီဝင် ဒေသများကို ပိုမိုပြီးပိုင်ဆိုင် လာနေ သောကြောင့် အမေရိကန်ကို ကောင်းကောင်းကြီး ဒုက္ခပေး နိုင်တော့မှာ ကျိန်းသေနေသည်။ ထိုအချိန် အာရှ-ပစိဖိတ် သို့ အမေရိကန်၏ စစ်အင်အား ၅ဝ ရာခိုင်နှုန်း ကလည်း ရောက်ရှိ လာဦးမည် ဖြစ်သည့်အတွက် အာရှ၌ ကမ္ဘာ့ စစ်အင်အား အကြီးဆုံး နှစ်နိုင်ငံ ထိပ်တိုက် တွေ့ဆုံဦးမည် ဖြစ်သည်။ 

ထိုစစ်ရေးအရ ထိပ်တိုက် တွေ့ဆုံမှုများကို ကြိုမြင်နေသည့် အတွက် ကြောင့်လည်း တရုတ်သည် တောင်တရုတ် ပင်လယ်ပြင်ကို ပိုင်ဆိုင်အောင် ကြိုးစားပြီး ဒုံးပျံ ကာကွယ်ရေး စနစ်များနှင့် စစ်အခြေစိုက် စခန်းကြီး တစ်ခုဖြစ်အောင် ဖန်တီးနေခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger