www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 10, 2016

အာရှ-ပစိဖိတ်လုံခြုံရေး ကွန်ရက်ဖြန့်ကြက်ရန် အတည်ပြုလိုက်ပြီ ဖြစ်သည့် အမေရိကန်



( ရှိန်းထက် )

ဇွန်လ ပထမပတ်က ကျင်းပခဲ့သော စင်ကာပူ၏ ရှန်ဂရီလာ လုံခြုံရေး အစည်းအဝေး တွင် အကြမ်းဖက်မှု များကို တန်ပြန် တိုက်ဖျက်နိုင်ရေး အတွက် အဓိကထား ဆွေးနွေးခဲ့ ကြသည်။ အာရှ-ပစိဖိတ် ဒေသ၏ လုံခြုံရေး ရလဒ် တစ်ခုအနေဖြင့် အမေရိကန်၏ လုံခြုံရေး အာမခံချက်ကြီး တစ်ခုကို ရရှိခဲ့သည်။ ယင်းမှာ ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာ ပြောခဲ့သော အမေရိကန်၏ အာရှ-ပစိဖိတ် လုံခြုံရေး ကွန်ရက် ဖြစ်သည်။ အာရှ-ပစိဖိတ် ဒေသသို့ အမေရိကန်၏ တိုက်လေယာဉ်များ၊ ကင်းထောက် လေယာဉ်များ၊ ရေငုပ် သင်္ဘောများ၊ ဖျက်သင်္ဘော များနှင့် စစ်သင်္ဘောများ မကြာမီ ရောက်ရှိ လာတော့မည် ဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ အမေရိကန်၏ စစ်သင်တန်းများ၊ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု များလည်း ပူးတွဲရောက်ရှိ လာမည်ဖြစ်ကာ ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အာရှ-ပစိဖိတ် ဒေသသို့ အမေရိကန်၏ စစ်တပ်အင်အား ၅ဝ ရာခိုင်နှုန်း ချထားမည့် အစီအစဉ် အတွက် ခေါင်းစဉ်နှင့် အကြောင်းပြချက် ကောင်းတစ်ခု ဖြစ်ခဲ့သည်။

အာဆီယံဒေသ အပါအဝင် အာရှ-ပစိဖိတ် နိုင်ငံများ အားလုံး၏ ထောက်ခံမှုကို ရရှိခဲ့သော အမေရိကန်၏ အာရှ-ပစိဖိတ် လုံခြုံရေး ကွန်ရက်သည် တရုတ်တို့ အတွက် အကြီးမားဆုံး အနှောင့်အယှက် တစ်ခု ဖြစ်ခဲ့သော်လည်း တရုတ်တို့ ကတော့ ကြိုဆိုသည်ဟု ဆိုခဲ့သည်။ သို့သော်လည်း အာရှတွင် ကြီးထွားလာသော အမေရိကန်၏ စစ်အင်အားနှင့် အတူ အမေရိကန်၏ တိုးမြှင့် ပြုလုပ်လာသော ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို လျှော့ချ သင့်သည်ဟု တရုတ်အစိုးရက အကြံပြု ထားသည်။ အမေရိကန်၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု များကို လျှော့ချသင့် သည်ဟု ပြောနေသော်လည်း တရုတ်သည် သူကိုယ်တိုင်က စစ်ရေး လေ့ကျင့်မှု များကို တိုးမြှင့် ပြုလုပ်လျက် ရှိသည်။

ထိုင်းစစ်တပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ တိုးမြှင့် သကဲ့သို့ ရုရှား အပါအဝင် သြစတြေးလျ တို့နှင့်လည်း ပူးတွဲစစ်ရေး လေ့ကျင့်ခန်း များကို တိုးမြှင့်ပြုလုပ် နေသည်။ တရုတ်သည် သူ၏ စစ်ရေး လေ့ကျင့်ခန်း များကို မြေထဲပင်လယ် အထိပင် ခြေဆန့်ခဲ့ပြီး ကျည်အစစ်သုံး စစ်ရေး လေ့ကျင့်ခန်း များကို ရက်သတ္တ တစ်ပတ်၊ နှစ်ပတ်အထိ ပင် ကြာအောင် ပြုလုပ်တတ်သည်။ တစ်ခါတစ်ရံ သူ၏ အားအထားရဆုံး တစ်စင်းတည်း သော လေယာဉ်တင် သင်္ဘောကိုလည်း အပါခေါ် သွားတတ်ပြီး လေယာဉ်တင် သင်္ဘော၏ အရေးပါပုံကို နားလည်နေပြီ ဖြစ်သော တရုတ်သည် လေယာဉ်တင် သင်္ဘော နှစ်စင်းထပ်မံ တည်ဆောက် နေပြန်သည်။

အမေရိကန်၏ အာရှ-ပစိဖိတ် လုံခြုံရေး ကွန်ရက်သည် အကြမ်းဖက်မှုကို တိုက်ဖျက်ရန်ဟု ခေါင်းစဉ်တပ်ထား သော်လည်း တောင်တရုတ် ပင်လယ်ပြင်၌ တရုတ်တို့ လူလုပ်ကျွန်းများ တည်ဆောက်ပြီး စစ်ရေးချဲ့ထွင် လာမှုကို အဓိကထား ရည်ရွယ်ခြင်း ဖြစ်သည်။ မကြာမီက တရုတ်တို့သည် စပရက်တလီ ကျွန်းစုများ ပေါ်၌ မီးပြတိုက်များ၊ အားကောင်းသော ရေဒါစနစ် များနှင့် ခံစစ် အင်အားကို မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။

တောင်တရုတ် ပင်လယ်ပြင်တွင် ဒုံးပျံ ကာကွယ်ရေး စနစ်ပင် တပ်ဆင် တော့မည်ဟု သံသယရှိခြင်း ခံရသော တရုတ်သည် အာရှ လုံခြုံရေး ကွန်ရက်ကြောင့် သူ၏ စစ်ရေးဗျူဟာ များကို ပြန်လည် သုံးသပ်ရန် လိုအပ်လာသည်။

တရုတ်တို့၏ ခေတ်သစ် တရုတ်ပြည်သူ့ တပ်မတော် (PLA) သည် ယူနစ်အသစ် များစွာကို ပေါင်းထည့်ပြီး မကြာခဏ ပြန်လည် ဖွဲ့စည်းခြင်းဖြင့် နာမည်လည်း ကြီးသည်။ ထို့ကြောင့် ဗျူဟာများ ပြောင်းလဲခြင်းသည် တရုတ်တို့ အတွက် အထူးအဆန်း မဟုတ် သော်လည်း အမေရိကန်၏ စစ်အင်အားကို တုန့်ပြန်ရာ၌ မည်သည့် အတိုင်းအတာ အထိ ထိရောက်မှု ရှိမလဲဟူသည့် မေးခွန်းမှာ တရုတ် အတွက် စိန်ခေါ်မှုတစ်ရပ် အနေဖြင့် ရှိနေသေးသည်။

ဇွန် ၈ ရက်ကပင် တရုတ်တို့သည် သူတို့၏ တောင်တရုတ် ပင်လယ်ပြင် ၌ ရေအောက် သုတေသနစခန်း တစ်ခု တည်ဆောက်မည့် အကြောင်းကို ဖွင့်ဟ ဝန်ခံခဲ့သည်။ လူထု အခြေပြု လုပ်ငန်းများ အတွက်ဟု အကြောင်းပြ သော်လည်း နိုင်ငံတကာ အစိုးရများ၏ ရေအောက် သုတေသန လုပ်ငန်းများ နည်းတူ စစ်ဘက် အတွက် အသုံးပြုမည်မှာ သေချာ နေသည်။

တရုတ် အစိုးရ၏ ငါးနှစ်တာ စီးပွားရေး စီမံကိန်းတွင် သိပံ္ပနှင့် နည်းပညာ ကဏ္ဍအတွက် စီမံကိန်း ၁ဝဝ ကျော်အထိ ပါဝင်ခဲ့သည်။ ထိုအထဲမှ ယခု ဆောက်လုပ်မည့် တောင်တရုတ် ပင်လယ်ပြင် ရေအောက် သုတေသန စခန်းသည် အဆင့် (၂) နေရာတွင်ရှိပြီး အမေရိကတိုက် အာဂျင်တီးနား ရှိ တရုတ်၏ မြေပြင် အာကာသ အခြေစိုက် စခန်းမှာလည်း စစ်ဘက်အတွက် အသုံးပြုရန် တရုတ်၏ စီးပွားရေး စီမံကိန်း ၁ဝဝ စာရင်းတွင် ထိပ်ပိုင်းမှပါဝင်နေသည်။

တရုတ်၏ ငါးနှစ်စီးပွားရေး စီမံကိန်းသည် စီးပွားရေး ဟုသာ ခေါင်းစဉ်တပ် ထားသော်လည်း တကယ်တမ်းတွင် စစ်ရေးအတွက် သွယ်ဝိုက်သည့် ရည်ရွယ်ချက် များနှင့်သာ ပြည့်နှက် နေခဲ့သည်။ အာရှ-ပစိဖိတ် တွင် တရုတ် စစ်အင်အား လွှမ်းမိုးရေး၊ ကမ္ဘာ့စစ်ရေး နှင့် စီးပွားရေးတွင် တရုတ်တို့ ရှေ့ဆုံးမှ ဦးဆောင်ရေး တို့သည် တရုတ်၏ ရည်ရွယ်ချက်များ ဖြစ်သည်။ သို့သော်လည်း အမေရိကန် အနေဖြင့် တရုတ်ကို မည်သည့် အချိန်ကမျှမျက်ခြည်ပြတ် မကျန်ခဲ့ဘဲ တရုတ်တို့ အဆက်မပြတ် လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများ ကိုပင် အမြဲတမ်း စောင့်ကြည့် နေခဲ့သည်။

အာကာသ ပညာတွင် နောက်ကျခဲ့ ရသော တရုတ်သည် ယခုအခါေ အာင်မြင်မှုများကို ဆက်တိုက်ရရှိကာ အမေရိကန်ကို အမီ လိုက်နိုင်အောင် ကြိုးပမ်းနေပြီး ရုရှားကို နောက်ချန်ထား ခဲ့နိုင်ပြီဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ရုရှားတို့ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုတချို့ အမှားအယွင်း ဖြစ်ခဲ့ပြီး ရုရှားတို့ အာကာသ ဈေးကွက် နာမည်ပျက် ခဲ့ရသည်။ ယခုတရုတ်က နိုင်ငံတကာ အာကာသစခန်း (ISS) အပါအဝင် တခြား အာကာသ လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ဂြိုဟ်တုများကို အာကာသထဲသို့ အရောက် ပို့ပေးမည့် ဒုံးပျံ ဈေးကွက်ကိုပင် ရယူလို နေသည်။ ဒုံးပျံ ဈေးကွက်ကို အမေရိကန်နှင့် ရုရှားသာ ကြီးစိုးထားခဲ့ပြီး တရုတ်တို့ နေရာ တစ်နေရာ ရရှိရန် ကြိုးစား နေသည်မှာ နှစ်အနည်းငယ်ပင် ကြာမြင့်နေပြီ ဖြစ်သည်။

တရုတ်တို့က မြေပြင် စစ်ဆင်ရေးများ အပြင် အာကာသ စစ်ဆင်ရေးများ အတွက်ပင် ကြိုတင်ပြင်ဆင် နေသည်ဟု အမေရိကန် တို့ကမြင်သည်။ ဆက်သွယ်ရေး ဂြိုဟ်တုများကို အတွဲလိုက် လွှတ်တင်ရန် ဗြိတိန်၏ တင်ဒါကို အောင်ခဲ့သော စီမံကိန်းမျိုးတွင် ထိုဂြိုဟ်တု များသည် လိုအပ်လာပါက တရုတ်၏ စစ်ဘက်အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ ထို့ပြင် တရုတ်တို့က အာကာသထဲတွင် လက်နက်များပင် တပ်ဆင် နေသည်ဟု ဝေဖန်သူများ ကလည်း ရှိနေသေးသည်။ စစ်ဘက် အခန်းကဏ္ဍ ၏ ထုံးစံအတိုင်း ထိပ်တန်း လျှို့ဝှက်ချက် များနှင့် ပြည့်နှက် နေသည့် နည်းတူ တရုတ်၏ စစ်ဘက် သည်လည်း  လျှို့ဝှက်ချက် များနှင့် ပြည့်နှက်နေသည်။ အမေရိကန် သည်ပင် အာကာသ စစ်လေယာဉ် များ တည်ဆောက် နေသည်ဟု အမေရိကန် အာကာသ ပညာရှင် တစ်ဦးက ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်ဖော် ပြောကြား ခဲ့သည်။

အာကာသ အသုံးစရိတ်ကို ၂ ဘီလီယံ ကျော်အထိ အသုံးပြုပြီး စစ်ရေး အသုံးစရိတ် နှစ်စဉ်ခန့်မှန်း ထားသည့် ရာခိုင်နှုန်းထက် မြင့်တက် လာတတ်သော တရုတ်သည် အမေရိကန် စစ်အင်အားကို ယှဉ်ပြိုင်မည့် ခေတ်သစ် တစ်ဦးတည်းသော ပြိုင်ဘက် ဖြစ်လာခဲ့သည်။ ယခုအခါ အာရှ-ပစိဖိတ် လုံခြုံရေး ခေါင်းစဉ်အောက် က အမေရိကန် ၏ စစ်အင်အား ထက်ဝက်ခန့် နှင့် တရုတ်တို့ အာရှ-ပစိဖိတ် တွင် ထိပ်တိုက် တွေ့ရတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger