www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 6, 2016

မိုးရာသီ ရေကြီးရေလျှံခြင်း နှင့် မြွေအန္တရာယ်



(ပေါက်ပေါက်)

မြန်မာနိုင်ငံမှာ နှစ်စဉ်လူဦးရေ ၁ဝဝဝဝ ခန့် မြွေကိုက်ခံရတဲ့ အနက် ၁ဝ ရာခိုင်နှုန်းခန့်မှာ သေဆုံး နေရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ မြွေကိုက်ခံရခြင်း ကြောင့် အသက်ဆုံးရှုံးခြင်း၊ အရေးပေါ် ဆေးကုသမှု ခံယူရခြင်း စတာတွေကို ကျေးလက်ဒေသ တွေမှာသာမက လူစည်ကားရာ မြို့ကြီးတွေရှိ ဆင်ခြေဖုံးအရပ် ဒေသတွေ မှာ တွေ့ကြုံ လာရပါတယ်။ မြန်မာ့ဆေးဝါး လုပ်ငန်းအနေနဲ့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ပြည်တွင်းမှာ ဖြန့်ဝေနိုင်ဖို့ မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၈ဝဝဝဝ ခန့် ထုတ်လုပ် နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေ ပြီး အဆိုပါ စီမံချက်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်တဲ့ နှစ်အလိုက် မြွေကိုက်မှုနှုန်းနဲ့ မြွေကိုက်ခံ ရမှုကြောင့် သေဆုံးမှုနှုန်းတွေ အပေါ်မှာ အခြေခံကာ ရေးဆွဲခဲ့ကြောင်း သိရပါတယ်။

ပြည်တွင်းမှာ ပိုမို အစွမ်းထက်တဲ့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင် စေဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၊ သြစတြေးလျ နဲ့ ဘရာဇီးနိုင်ငံ တွေက အကူအညီတွေ ရယူ ထားတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က သိရပါတယ်။

အခုလို မိုးရာသီ ရောက်တဲ့အခါ မြွေအန္တရာယ်ကို အထူးသတိပြု သင့်ပါတယ်။ ပြည်တွင်းမှာ အဆိပ်ပြင်းတဲ့ မြွေနှစ်မျိုးရှိပြီး မြွေပွေးနဲ့ မြွေဟောက်တို့ ဖြစ်ပါတယ်။ မြွေပွေးရဲ့အဆိပ်က လူ့ခန္ဓာကိုယ် သွေးခဲတဲ့စနစ်ကို
ထိခိုက်ပျက်စီး စေတာကြောင့် မြွေပွေး အကိုက်ခံရရင် သွေးမတိတ်ဘဲ ဦးနှောက်၊ အစာ လမ်းကြောင်းတွေမှာ သွေးယိုစိမ့်ခြင်း အပြင် ဆီးထဲမှာ သွေးပါပြီး ကျောက်ကပ်ပျက်စီး တတ်ပါတယ်။ မြွေဟောက် အဆိပ်ကတော့ အာရုံကြော စနစ်ကို ထိခိုက်တာကြောင့် လူနာက မှိန်းလာပြီး အာရုံခံစားမှု မရှိတော့ဘဲ ထုံကျဉ်လာရာက နောက်ဆုံးမှာ အာရုံကြောတွေ ပျက်စီးပြီး ကြွက်သား လှုပ်ရှားမှု အားပျော့ကာ အသက်ရှူခြင်းနဲ့ အဆုတ်ကို ထိခိုက် လာပါတယ်။

မြွေဆိပ်ဖြေဆေး မှာ Monovalent နဲ့ Polyvalent ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Monovalent က သတ်မှတ်ထားတဲ့ မြွေ (အကိုက်ခံ ရတဲ့မြွေ) အမျိုးအစား တစ်မျိုးတည်း အတွက်သာ သုံးနိုင်ပြီး Polyvalent ကတော့ မြွေအမျိုးအစား တစ်မျိုးသာ မဟုတ်ဘဲ ဘယ်မြွေမဆို အဆိပ်တွေကို ပြေပျောက်စေ ပါတယ်။ ဒါကြောင့် သုံးရမယ့် မြွေဆိပ်ဖြေဆေး ဟာလည်း မတူတာမို့ မြွေကိုက်ခံရရင် ကိုက်တဲ့မြွေ ကိုပါ တစ်ပါတည်း ဆေးရုံယူသွားပြဖို့ လိုအပ်ပါတယ်။

မြွေကိုက်ခံရတဲ့ သူကို အဆိပ်မပြန့် စေဖို့ ဒဏ်ရာရဲ့ ၂ လက်မ သို့မဟုတ် ၃ လက်မ အထက်ကနေ အဝတ် သို့မဟုတ် ပတ်တီး တင်းတင်း စည်းနှောင်ပါ။ ပြင်ပကူးစက် ပိုး မဝင်စေဖို့ မြွေကိုက်ခံ ရတဲ့ နေရာကို ဆပ်ပြာ၊ ရေနဲ့ စင်ကြယ်စွာ ဆေးပါ။ (ကာဘော်လိပ် ဆပ်ပြာ သို့မဟုတ် ဒက်တောလ် ပိုးသတ် ဆပ်ပြာ ရနိုင်ရင် ပိုကောင်း ပါတယ်) ရေခဲ မအုံပါနဲ့။ အဆိပ် မပြန့်အောင် ကိုယ်ခန္ဓာ ကိုမလှုပ်ရှားဘဲ ငြိမ်ငြိမ်လေး ထားပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင် ရပါမယ်။

ဒါ့အပြင် မြွေဆိပ် အန္တရာယ်မှ ကာကွယ်နိုင်ဖို့ မြင်းခွာရွက် စားပါ။ မြင်းခွာရွက်ကို ကြိတ်လို့ရလာတဲ့ အရည်ကို ဒဏ်ရာပေါ် လူးအုံပေးပါ။ သို့မဟုတ် ဆေးမြင်းခွာရွက် အနီပင်ကို ကျင်ငယ်ရေ (ဆီး)နဲ့ သွေးပြီး မြွေကိုက်ဒဏ်ရာ ပေါ်ကို လူးပေးပါ။ ကြက်သ ဟင်းရွက်စားပါ။ ကြက်သ ဟင်းပင်အမြစ် ကို ထောင်းထုပြီး ရေစိမ်သောက်ပါ။ ဆေးခါးကြီးပင် (ခေါ်) ရှမ်းဆေးခါး ကြီးပင် အခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရေနွေးဆူဆူ ထည့်ထားတဲ့ မတ်ခွက်ကြီး တစ်လုံးမှာ ဖျော်ပြီး လက်ဖက်ရည်ကြမ်း ပန်းကန်နှစ်လုံး သောက်ပါ။ တကယ်လို့ ဆေးခါးကြီးပင် အစိမ်းရရင် ဆေးပင်လက် တစ်ဆုပ်ကို ရေသုံးပုလင်း ထည့်ပြီး တစ်ဝက် ခန်းအောင်ကျိုသောက်ပါ။


မြွေကိုက်ခံ ရသူဟာ ရေအလွန်ဆာ တာကြောင့် ရေကျက်အေး အသင့်ထားပြီး ဆေးရည် တစ်ဇွန်းခန့် သောက်ပြီးနောက် ရေဆာတိုင်း အဲဒီရေကို သောက်ပါ။ မြွေကိုက်ခံရတဲ့ အခါ မြွေအစွယ်ရာက နှစ်ပေါက်ဖြစ် တာကြောင့် ကြက်ဥ (အစိမ်း) ကို ဒဏ်ရာနဲ့တိုင်းပြီး အပေါက် နှစ်ပေါက်ဖောက် ကပ်ပေးပါ။ ကြက်ဥက ဒဏ်ရာထဲက အဆိပ်ကို မိနစ်ပိုင်း အတွင်း စုပ်ယူသွား ပါလိမ့်မယ်။ ဣဿရမူလီ ပင်ရဲ့အမြစ်ကို သွေးလိမ်းပေးရင် မြွေအဆိပ် တစ်မုဟုတ်ချင်း ပြေစေနိုင် ပါတယ်။ သကြားသီး အစေ့နဲ့ အရွက်ကို ထောင်းထုပြီး သတ္တု ရည် လိမ်းကျံ ပေးခြင်းဖြင့် အဆိပ်ပြေ စေနိုင်ပါတယ်။ မြွေကိုက်ဒဏ်ရာ ပေါ်ကို ပင်စိမ်းရွက် ကြိတ်အုံပေးခြင်း ဖြင့်လည်း အဆိပ်ပြေ စေပါတယ်။ မြွေကိုက်ခံရပါက ဆေးရုံ၊ ဆေးခန်းသို့ မရောက်မီ အဆိပ်ရဲ့ စုဖွဲ့မှုကို အပူနဲ့ တိုက်ထုတ်တဲ့ အနေနဲ့ ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးပါ။ သင်္ဘောသီး အကင်းကို ထိပ်ကဖြတ်ပြီး မြွေ အကိုက်ခံရတဲ့ နေရာမှာ ကပ်ပေးခြင်းဖြင့် အဆိပ်ပြေကာ အနာအမြန်ဆုံး ကျက်စေပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှု တွေကြောင့် ရေမြောင်းတွေမှာ ရေလျှံ လာတတ်ပြီး ရေဆိုးမြောင်းရေ တွေနဲ့အတူ မြွေဆိုးတွေလည်း ပါလာတတ် ပါတယ်။ မြွေ အကိုက်မခံ ရအောင် ရေမြောင်းတွေကို ရေစီးရေလာ ကောင်းအောင် ပြုပြင်ပါ။ ခြံထဲမှာ သတိထား သွားလာပါ။ မြက်ဖုတ်တွေ၊ မြေကျင်းတွေနဲ့ သစ်ခေါင်းပေါက် တွေကို သတိထားပြီး ဝေးဝေးရှောင်ပါ။ ညဘက် အပြင်ထွက် တဲ့အခါမှာလည်း လက်နှိပ်ဓာတ်မီး နဲ့ ထိုးကြည့်ပြီးမှ သွားလာပါ။ ဒါ့အပြင် မြွေကို အသံပေး ခြောက်လှန့် နိုင်စေဖို့ တုတ်ရှည်ရှည် ဆောင်သွား သင့်ကြောင်း မြွေအန္တရာယ် မှ ကာကွယ်ကြပါရန် သတိပေး နှိုးဆော် လိုက်ရပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger