www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 6, 2016

ယီမင်၌ ကလေးအများဆုံး သေဆုံးစေခဲ့သည့် ဗုံးကြဲမှုများကြောင့် ကုလသမဂ္ဂ၏ နာမည်ပျက်စာရင်း သွင်းခံလိုက်ရသည့် ဆော်ဒီ


People inspect damage at a house after it was destroyed by a Saudi-led air strike in Yemen's capital Sanaa,


( ရှိန်းထက် )

မေ့ပစ်ခံ စစ်ပွဲတစ်ခုအဖြစ် တင်စားခံထား ရသော ယီမင် ပြည်တွင်းစစ် သည် ဆီးရီးယား ပြည်တွင်းစစ် ထက်ပင် ပိုမိုဆိုးရွား လာခဲ့သည်။ ဆီးရီးယား၌ အစိုးရ နှင့်သူပုန်တို့ သဘောတူညီမှု ရရှိရန် စားပွဲ တစ်ဝိုင်းတည်း အတူထိုင် နေချိန်တွင် ယီမင်၌ ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ဗုံးမိုးများ အဆက်မပြတ် ရွာသွန်းနေသည်။

အပစ်အခတ် ရပ်စဲရေးဟု အသံကောင်း ဟစ်ပြီး ဆော်ဒီတို့က ဗုံးများဆက်တိုက် ကြဲသည်။ ဆော်ဒီကို ကျောထောက် နောက်ခံ ပေးထားသော အမေရိကန်တို့ ယီမင်စစ်ပွဲ ကြောင့် နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုကို ခံနေရပြီး ဆော်ဒီတို့ ဝင်လာသည့် ၂ဝ၁၅ ခုနှစ်မှ စတင်ကာယီမင် ၌ လူပေါင်း ၂၂၈၈ ဦးကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ဆော်ဒီ တို့က စာသင်ကျောင်းနှင့် ဆေးရုံများပါ မကျန် မြင်သမျှကို ဗုံးကြဲသည်။

ဆော်ဒီတို့၏ ဗုံးဒဏ်ကြောင့် ၂ဝ၁၅ ခုနှစ်က အပြစ်မဲ့ ကလေးဦးရေ ၅၁ဝ သေဆုံးပြီး ၆၆၇ ဦး ဒဏ်ရာရခဲ့သည်။ ကုလသမဂ္ဂက ဆော်ဒီကို ဗုံးကြဲမှုများ ရပ်တန့်ရန် သတိပေး ခဲ့သော်လည်း ဆော်ဒီတို့က ဂရုမစိုက်ဘဲ ယခုအချိန်ထိ ဗုံးကြဲ နေသေးသည်။ နေ့စဉ်နှင့် အမျှ ယီမင်၌ ဆော်ဒီတို့၏ ဗုံးကြဲမှုကြောင့် သေရသည်က တစ်မျိုး၊ အစိုးရတပ် များနှင့် ဟူသီတို့ တိုက်ခိုက် မှုကြောင့် သေဆုံးရ သည်က တစ်မျိုး၊ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ကို အုပ်စိုးထားသော အာရပ် ကျွန်းဆွယ်က အယ်လ်ကိုင်ဒါ တို့၏ ဗုံးခွဲမှု ကြောင့် သေဆုံးရသည် ကတစ်မျိုး၊ ISIS တို့၏ ဗုံးခွဲမှုကြောင့် သေဆုံးရသည်က တစ်မျိုးနှင့် ယီမင်သည် နေ့စဉ်နှင့်အမျှ လူသေကောင် အလောင်းများကို လိုက်ကောက် နေရသည့် နေရာ ဖြစ်နေသည်။

ထိုအထဲမှ ဥပဒေမဲ့ လုပ်ဆောင်နေသော ဆော်ဒီကို ကုလသမဂ္ဂက ဇွန် ၂ ရက်တွင် နာမည်ပျက်စာရင်း သွင်းခဲ့သည်။ ဆော်ဒီကို ကျောထောက် နောက်ခံ ပေးထားသော အမေရိကန် ကိုတော့ နာမည်ပျက် စာရင်းထဲ မထည့်ခဲ့  သောကြောင့် ဝေဖန်မှုများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး အမေရိကန် အစိုးရကတော့ သူတို့စခဲ့သော ယီမင် ကျူးကျော်စစ်ပွဲကို သတင်း အမှောင်ချရန် ကြိုးစားနေသည်။

ယီမင်၌ ဗုံးကြဲရန် အာရပ်ငါးနိုင်ငံ ပါဝင်သော ညွန့်ပေါင်း အဖွဲ့ကို အမေရိကန်တို့ ဖွဲ့ပေးခဲ့ပြီး ထိုအထဲမှ ဆော်ဒီကို ဦးဆောင် စေခဲ့သည်။ ရှီးယိုက် ဘာသာဝင်များ ဦးဆောင်သော ဟူသီသူပုန် များကို အီရန်က ကျောထောက် နောက်ခံပေးကာ သမ္မတ ဟာဒီ ၏ ဆွန်နီသစ္စာခံတပ် များကိုတော့ ဆွန်နီ ဘာသာဝင် ဆော်ဒီက အဓိက ကျောထောက် နောက်ခံ ပြုထားသည်။

တိုက်ပွဲများနှင့် ဗုံးဆန်များကြောင့် အစာရေစာ ပြတ်လပ်မှုနှင့် အကူအညီ လိုအပ်နေသူ ယီမင်လူဦးရေ ၂၁ သန်းကျော် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားကာ ထိုအထဲမှ ထက်ဝက်ခန့်သည် အမျိုးသမီး များဖြစ်သည်ဟု ပြောသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး ငါးသိန်းအထိ ရှိကာ ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်းကြောင့် ကိုယ်ဝန်ဆောင် မိခင် ၆၈ဝဝဝ ခန့် သေဆုံးနိုင်သော အနေအထား သို့ ရောက်ရှိနေသည်။

ထို ကိုယ်ဝန်ဆောင် များသည် လာမည့်ကိုးလ အရောက်တွင် မွေးဖွားမည့်သူများ ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် မှုများ ယီမင်၌ များပြားလာပြီး စစ်ပွဲထဲတွင် ကိုယ်ဝန် မဆောင်လိုဘဲ ကိုယ်ဝန်ဆောင် နေရသည့် အမျိုးသမီး ဦးရေသည် အများဆုံး ဖြစ်နေသည်။ ဆော်ဒီတို့ ဆေးရုံများကို ဗုံးကြဲထား သောကြောင့် နိုင်ငံတစ်ဝန်း လုံးတွင် ဆေးရုံဟု အမည်တပ်၍ ရသော နေရာဟူ၍ ကျန်းမာရေး စောင့်ရှောက်မှုများ အဓိကပေးသော ကုလသမဂ္ဂ၏ UNFPA က ဖွင့်ပေးထားသည့် ဆေးရုံ ၃၈ ခုသာ ရှိသည်။

ထိုဆေးရုံ များကို လိုအပ်သည့် ဆေးဝါး ပစ္စည်းများနှင့် အသုံးအဆောင် များ ပံ့ပိုး ကူညီပေးရေး အတွက် ရန်ပုံငွေများ လိုအပ်နေပြီး နိုင်ငံတကာက ပိုမိုကူညီကြ ရန်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က တောင်းဆို ထားသည်။ နေ့စဉ်လိုလို ဗုံးမှန်၊ သေနတ်မှန် လူနာများက ရောက်ရှိ လာတတ်ပြီး ဆေးရုံနှင့် လူနာအင်အား မမျှဖြစ်နေ ရသည်။ ထိုအထဲတွင် အစာရေစာ ပြတ်လပ်မှု သည် အဓိကပြဿနာ တစ်ခုအဖြစ် ရှိနေပြီး ယခု ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုနှင့် အသက်ရှင် နေရသည့် လူကလည်း လူနည်းစုသာ ဖြစ်သည်။

ထိရောက်သည့် ကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစာရေစာ ရရှိမှု အရာအားလုံး အားနည်းနေပြီး လူနည်းစုသာ ဆေးဝါးနှင့် အစားအသောက် လုံလုံ လောက်လောက် ရရှိနေသည်။ ကလေးငယ်များ စာသင်ရန် မဆိုထားနှင့် ဗုံးဆန်များ ကြားထဲ တွင် အသက်ရှင် ရန်သာ နေ့စဉ်နှင့် အမျှရုန်းကန် နေရသည်။ အသက်ရှင် နေလျှင်လည်း တစ်နေ့စာ အစာရေစာ ရရှိရန် ထပ်မံ ရုန်းကန်ရ ပြန်သည်။

ထိုအချိန်တွင် ဆော်ဒီတို့၏ ဗုံးကြဲ လေယာဉ်များက ယီမင် ဝေဟင်ထဲ ပုံမှန် ပျံသန်းကာ ဗုံးလာကြဲလေ့ ရှိသေးသည်။ ယီမင်ပြည်သူများ အတွက် ငြိမ်းချမ်းရေး မရမီ တစ်ခုတည်းသော မျှော်လင့် နေသည့် အရာမှာ ဆော်ဒီတို့ ဗုံးကြဲမှုများ ရပ်တန့်ပေး ရန်ဖြစ်သည်။ တိုက်ပွဲများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးနေရသည့် အရေအတွက် ထက် ဆော်ဒီတို့၏ ဗုံးဆန်များကြောင့် သေဆုံးရသည့် လူဦးရေက ပိုများနေ သောကြောင့် ဖြစ်သည်။

ယခင်က စစ်ပွဲတစ်ခုတွင် အမေရိကန် သည် ကြားဝင် စေ့စပ်ပေးရန် တတိယ ကြားခံလူ ဖြစ်သည်။ အပစ်အခတ် ရပ်စဲရန်နှင့် ငြိမ်းချမ်းရေး ရရှိရန် အမေရိကန် တို့သည် အကောင်းဆုံး မောင်းနှင်သူများ ဖြစ်သည်။ ယခုတော့ အမေရိကန်ကို အားကိုးနိုင်ရန် မဆိုထားနှင့် သူပင် ဆော်ဒီဘက်က ပါနေသောကြောင့် ယီမင်ပြည်သူများ စိတ်ပျက်အားငယ် နေရသည်။

နောက်ထပ် အားကိုးစရာ ကုလသမဂ္ဂ ကလည်း ဆော်ဒီကို နာမည်ပျက် စာရင်းသွင်းရုံ ကလွဲ၍ ဘာမျှမလုပ် နိုင်သောကြောင့် အားကိုးစရာမဲ့ နေရသော ယီမင်ပြည်သူ များသည် သူတို့အတွက် ငြိမ်းချမ်းရေး ဟူသောစကားလုံးသည် စိတ်ကူးယဉ် စကားလုံး အဖြစ်မျှသာ ရှိနေသည်။ နေ့စဉ်နှင့်အမျှ ဆော်ဒီတို့၏ တိုက်လေယာဉ်သံ များကို နားစွင့်ရင်း ကျီးလန့်စာစား ဘဝဖြင့် ယီမင်ပြည်သူများ အသက်ဆက် နေကြရသည်။

ထို့ကြောင့် အဓိက တရားခံသည် ဆော်ဒီ ဖြစ်နေသည်။ သူ့နောက်တွင်မှ အမေရိကန် ဖြစ်နေသည်။ အမေရိကန်၊ ဆော်ဒီ တို့သာ ယီမင်ငြိမ်းချမ်းရေး ကို အကောင်အထည် ဖော်ပေးပါက ဖြစ်နိုင်ရန် လမ်းစပိုများ နေသည်။

ဟာဒီ၏ အစိုးရသစ္စာခံ တပ်များကို စစ်လက်နက်ပစ္စည်း၊ ရန်ပုံငွေနှင့် အစားအစာ အားလုံးပံ့ပိုး ကူညီပေးနေသူမှာ ဆော်ဒီ ဖြစ်သည်။ သို့သော်လည်း ရှီးယိုက် ဘာသာဝင် များကို အစိုးရရာထူး မပေးလိုသည့် ရည်ရွယ်ချက် ဖြင့်သာ ဗုံးကြဲနေသော ဆော်ဒီသည် ယီမင်ပြည်သူများ သဘောကျသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် ထက် သူ့ရည်ရွယ်ချက် ကိုသာ အကောင်အထည် ပေါ်အောင်  ကြိုးပမ်းနေခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

Saudi Arabia criticizes U.N. over Yemen blacklisting

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger