www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 9, 2016

ရခိုင်ပြည်နယ်အတွင်း မြို့သုံးမြို့တွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အတွက် ကွင်းဆင်းဆောင်ရွက်




စစ်တွေ ၊ ၉-၆-၂၀၁၆

ရခိုင်ပြည်နယ် အတွင်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အတွက် ကျောက်ဖြူ၊ မြေပုံနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် ကနဦး လုပ်ငန်းစဉ် အဖြစ် National Verification Card-NVC ကတ်များကို ဇွန် ၇ ရက်မှ စတင်ကာ ထုတ်ပေးလျက် ရှိသည်။ NVC ကတ် ဆိုသည်မှာ နိုင်ငံသား စိစစ်ခံရမည့် သူ၏ သက်သေခံ ကတ်ပြားဖြစ် ပြီး ယခင်ကတ်များ ကဲ့သို့ သက်တမ်း သတ်မှတ် ထားခြင်းမရှိဘဲ လူမျိုးနှင့် ဘာသာကိုလည်း ဖော်ပြခြင်း မပြုကြောင်း ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးဝင်းလွင် က ပြောသည်။

အဆိုပါကတ်မှာ ကြည်ပြာရောင် ဖြစ်ပြီး နိုင်ငံသား ဖြစ်ရန်အတွက် ပထမအဆင့် ခြေလှမ်းဖြစ်ကာ ကတ်ကိုင်ဆောင် ထားခြင်းဖြင့် တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက် လာခြင်းကိုလည်း ကာကွယ် တားဆီးနိုင်မည် ဖြစ်ကြောင်း၊ မူဆလင် များ၏ လက်ရှိ အိမ်ထောင်စု စာရင်းတွင် ရှိသော လူဦးရေ အနက် အသက် ၁ဝ နှစ် အထက် ရှိသူများအား NVC ကတ် ထုတ်ပေး သွားမည်ဖြစ်ပြီး အဆိုပါ ကတ်အပေါ်၌ မူတည်ကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ လုပ်ထုံးလုပ်နည်း နှင့်အညီ နိုင်ငံသား အဖြစ် ရရှိအောင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းကာ စိစစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ NVC ကတ် ထုတ်ပေးခြင်း လုပ်ငန်းကို ရခိုင်ပြည်နယ် တစ်ခုတည်းတွင် သာ မဟုတ်ဘဲ နယ်စပ်နှင့် ထိစပ်လျက် ရှိသော အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း ကတ်ထုတ် ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်သည်။ NVC ကတ်များကို စတင် ထုတ်ပေးသော ဇွန် ၇ ရက်တွင် မြေပုံမြို့နယ် ၌ ကျား ၅၇ ဦး၊ မ ၆၉ ဦး စုစုပေါင်း ၁၂၆ ဦးနှင့် ကျောက်ဖြူ မြို့နယ်တွင် ကျား ၄၁ ဦး၊ မ ၅၁ ဦး၊ စုစုပေါင်း ၉၂ ဦးကို ထုတ်ပေး နိုင်ခဲ့ပြီး ပုဏ္ဏား ကျွန်း မြို့နယ်တွင်မူ NVC ကတ် ထုတ်ပေးမှုနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခြင်း အနည်းငယ် ရှိသဖြင့် ထုတ်ပေးနိုင်ခြင်း မရှိခဲ့ပေ။

ဇွန် ၈ ရက်တွင် ဆက်လက် ထုတ်ပေးလျက် ရှိရာ မြေပုံမြို့နယ် ၌ ကျား ၁၅ ဦး၊ မ ၁၇ ဦး စုစုပေါင်း ၃၂ ဦးကို ထပ်မံထုတ်ပေး နိုင်ခဲ့ကြောင်းနှင့် ကျောက်ဖြူ မြို့နယ်တွင် ကျား ၅၆ ဦး၊ မ ၈၄ ဦး စုစုပေါင်း ၁၄ဝ ဦးကို ထုတ်ပေးနိုင် ခဲ့သည်။ ဇွန် ၇ ရက်မှ ယနေ့ထိ ထုတ်ပေးမှု များမှာ မြေပုံမြို့နယ် တွင် စုစုပေါင်း ၁၅၈ ဦးဖြစ်ပြီး ကျောက်ဖြူ မြို့နယ်တွင် စုစုပေါင်း ၂၃၂ ဦး ဖြစ်ကြောင်း သိရသည်။

NVC ကတ်များ မထုတ်ပေးမီ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန အနေဖြင့် လူထုအတွင်းသို့ ကွင်းဆင်းကာ ရှင်းလင်းပြသ ခဲ့မှုများ ရှိခဲ့သည်။ NVC ကတ် ထုတ်ပေးခြင်း လုပ်ငန်းအား လူဦးရေ အနည်း အများပေါ် မူတည်ပြီး အချိန်မည်မျှ ကြာမြင့်မည် ကို ခန့်မှန်းမရ ကြောင်း၊ ၄င်းတို့ဘက်မှ  ညှိနှိုင်းမှုကို လက်မခံခဲ့ပါက ဗဟိုအဆင့်သို့ တင်ပြကာ ညွှန်ကြားချက် အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်နယ် ဦးစီးမှူး ဦးဝင်းလွင် က ပြောသည်။ (၄ဝ၈)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger