www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 9, 2016

စင်ကာပူနိုင်ငံအနေဖြင့် ကူညီနိုင်သည်များကို ၀ိုင်းဝန်းကူညီ၍ အာဆီယံအတွင်း အတူတကွ ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် ပြောကြား



နေပြည်တော် ၊ ၉-၆-၂၀၁၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော စင်ကာပူ သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Lee Hsien Loong အား နေပြည်တော်ရှိ Park Royal ဟိုတယ် ၊ ပတ္တမြားခန်းမ၌ သွားရောက် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၅၀ ရှိခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့်လည်း မိတ်ဆွေဟောင်း ၊ မိတ်ဆွေကောင်းများ ဖြစ်ကြသည်ကို ခိုင်မြဲနေသည့် နှစ်နိုင်ငံ ဆက်ဆံရေးက သက်သေပြနေ ပါကြောင်း ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ နိုင်ငံ တည်ဆောက်ရေး တို့တွင် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ၊ ယင်း ဆက်ဆံရေး များသည် မိမိနိုင်ငံ ပြုပြင် ပြောင်းလဲမှု အတွက် အထောက်အကူ ဖြစ်စေခဲ့ ပါကြောင်း ၊ တစ်ဖက်တွင်လည်း မိမိနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များကြောင့် နိုင်ငံတကာ ဆက်ဆံရေးတွင် နားလည်မှုများ ၊ ပြုပြင် ပြောင်းလဲလာမှုများ ရှိခဲ့ကြောင်း ၊ တပ်မတော် အနေဖြင့်လည်း နိုင်ငံတော် ကာကွယ်ရေး အပြင် တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ၊ လျှောက်လှမ်းနေသည့် ဒီမိုကရေစီ လမ်းကြောင်း ခိုင်ခိုင်မာမာ ရှိစေရေး ၊ တိုင်းပြည် တိုးတက်ရေး တို့တွင် အကောင်းဆုံး ပါဝင် ကြိုးပမ်းလုပ်ဆောင် နေကြောင်း၊ We all are Myanmar ဆိုသည့် စိတ်ထား၍ လူတိုင်း၏ ခံယူချက်များ ကောင်းမွန်ရန်လည်း လိုအပ်ကြောင်း ရှင်းလင်း  ပြောကြားသည်။

ဧည့်သည်တော် ဝန်ကြီးချုပ်က နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၅ဝ တိုင်ခဲ့ပြီး စင်ကာပူ နိုင်ငံ အနေဖြင့် မိတ်ဆွေကောင်း အဖြစ် ဆက်လက်ကြိုးစား နေဆဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ နိုင်ငံဖြစ်ရန် အဆင့်ဆင့် ကြိုးပမ်းခဲ့ပြီး ချောမွေ့ လွယ်ကူမှု မရှိသည်ကို သိရှိပါကြောင်း၊ လက်ရှိ ရည်မှန်းချက် တစ်ခုကို ရောက်ရှိနေပြီ ဖြစ်သော်လည်း ဆက်လက် လုပ်ဆောင်ရမည့် တိုင်းပြည် တည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး လုပ်ငန်းများ ကျန်ရှိ နေသေးကြောင်း၊ စင်ကာပူနိုင်ငံ အနေဖြင့် ကူညီ နိုင်သည်များ ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်၍ အာဆီယံ အတွင်း အတူတကွ ဖွံ့ဖြိုး တိုးတက်လာရန် မျှော်လင့်ကြောင်း ပြောကြား၍ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း နှစ်နိုင်ငံ အစိုးရချင်း၊ စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့မှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့်အညီ အာဆီယံ တည်ငြိမ် အေးချမ်းရေး၊ ကမ္ဘာ့ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံ အသိုက်အဝန်း အတွင်း၌ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေး အတွက် တရားဥပဒေ စိုးမိုးရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး လုပ်ဆောင် နေမှုများ၊ စင်ကာပူနိုင်ငံ၏ ပါလီမန် ဒီမိုကရေစီ ကျင့်သုံးမှုနှင့် မတူညီသော အခြေအနေ များတွင် အများစု နှင့်အနည်းစု မဲခွဲဆုံးဖြတ် ရာတွင် တူညီသည့် အခွင့်အရေး ရရှိအောင် လုပ်ဆောင် ထားသည့် အခြေအနေများ၊ တိုင်းပြည် အတွက်၊ ဒီမိုကရေစီ အတွက် တပ်မတော်၏ အဓိကကျသည့် ပါဝင် လုပ်ဆောင်မှု အခြေအနေများ အပေါ် အပြန်အလှန် အမြင်ချင်း ဖလှယ်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ပြီး စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Mr. Robert Chua နှင့် တာဝန်ရှိသူများ တက်ရောက် ကြကာ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger