www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 30, 2016

ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အရှိဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

လာမည့်သုံးနှစ် အတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အရှိဆုံး ၁၅ နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံ ပါဝင် လာကြောင်း ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့် လေ့လာရေး အဖွဲ့ UNCTAD အစီရင်ခံစာ အရ သိရသည်။

ကမ္ဘာ့ စီးပွားရေး ကော်ပိုရေးရှင်း ကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေး လုပ်ငန်းများ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လိုသည့် ၁၅ နိုင်ငံစာရင်းတွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ ဘရာဇီး၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်၊ ပြင်သစ်၊ သြစတြေးလျ၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်သည်။

ထို့ပြင် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လိုမှု အများဆုံးနိုင်ငံများ စာရင်းတွင် ၂ဝ၁၈ ခုနှစ်အထိ ဦးဆောင်နေမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ပါဝင်ခဲ့သော ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ တို့နေရာတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း UNCTAD ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ် မေလကုန် အထိ မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၇၁၈ ဘီလီယံ ဝင်ရောက်ရန် ခွင့်ပြုထားပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် မြန်မာ အစိုးရက မျှော်မှန်း ထားသည်။

UNCTAD က ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မည် ဟု ခန့်မှန်းထားပြီး ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို ၂ဝ၁၆ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ၊ ၂ဝ၁၇ ခုနှစ်တွင် ၁ ဒသမ ၇ ထရီလီယံ၊ ၂ဝ၁၈ ခုနှစ်တွင် ၁ ဒသမ ၈ ထရီလီယံ ဝင်ရောက်မည် ဟု မျှော်မှန်း ထားသည်။

မြန်မာနိုင်ငံမှ ရေးဆွဲထားသော အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်မှု နှစ် ၂ဝ စီမံကိန်းတွင် ၂ဝ၃ဝ ပြည့်နှစ်အထိ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၄ဝ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ ပျမ်းမျှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆ ဘီလီယံမှ ၈ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ခန့်မှန်းထားသည်။

အဆိုပါ စီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးတက်မှုနှုန်း လျင်မြန်စွာ ဝင်ရောက်လာရန် မဟာဗျူဟာများ ရေးဆွဲထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နှုန်းကို အမေရိကန် ဒေါ်လာ ၆ ဘီလီယံ၊ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ် အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နှုန်းကို အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ ရှိရန် ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

Full Report (232 Pages, 6974.82 Kb)
https://www.scribd.com/doc/317118791/wir2016-en

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger