www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 13, 2016

ဆီးချိုသွေးချိုရောဂါ အသင်း၏ တရားဝင်ဝက်ဘ်ဆိုက် မိတ်ဆက်



ရန်ကုန် ၊ ၁၃-၆-၂၀၁၆

မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါ အသင်းမှ လူထုအကြား ကျယ်ပြန့်စွာ သိရှိနိုင်စေရန် အသင်း၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သော www.myanmardiabetes.org.mm website မိတ်ဆက်ပွဲကို ဇွန် ၁ဝ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။

'' ဒီ Website ကို ဆရာတို့အသင်း အနေနဲ့ online ကနေ မိတ်ဆက်ခြင်းဖြင့် ပြည်သူတွေ ဆီးချို၊ သွေးချိုရောဂါကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ သတိမူလာမယ်။ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ကုသရေး တွေလည်း ပိုပြီးတိုးတက် လာစေမယ်။ ဒါ့အပြင် လူထုအကြား ဆီးချို၊ သွေးချို ရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သုတေသနပြု လုပ်ငန်းတွေ တိုးတက်စွာ လုပ်ဆောင် လာနိုင်မှာပါ။ ဒီ Website ကို online ကနေ အလွယ်တကူ ကြည့်နိုင်တဲ့ အတွက် အသင်းဝင် ဦးရေတွေလည်း တိုးလာမယ့်အပြင် ရောဂါနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက် တွေနဲ့ အသင်းရဲ့လုပ်ဆောင်ချက် တွေကို သိစေမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ် က ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနှုန်းသည် အသက် ၂၅ နှစ်မှ အသက် ၆၄ နှစ်အတွင်းရှိ လူဦးရေ ၂၅ သန်းသည် ဆီးချို၊ သွေးချို ဖြစ်ပွားနှုန်း ၂ ဒသမ ၅ သန်း ရှိနေသည်။ လူဦးရေ ၁ဝဝ တွင် အမျိုးသား၊ အမျိုးသမီး ၁ဝ ရာခိုင်နှုန်း ဖြစ်ပွားနေပြီး ၁၉ ရာခိုင်နှုန်းသည် ရောဂါဖြစ်ပွားရန် နီးစပ် နေကြောင်း မြန်မာနိုင်ငံ ဆီးချို၊ သွေးချို ရောဂါအသင်းမှ သိရသည်။

ရောဂါဖြစ်ပွားရန် နီးစပ်နေသူ များသည် နှလုံး သွေးကြောကျဉ်း ရောဂါ၊ ကင်ဆာရောဂါ နှင့် ဦးနှောက် သွေးကြောပိတ် ကာ လေဖြတ်ရောဂါများ ဖြစ်ပေါ်နေကြောင်း သိရသည်။ နောက်ဆက်တွဲ ရောဂါအဖြစ် ဦးနှောက် သွေးကြောပိတ် ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည် ခြေထောက်ပုပ်ခြင်း နှင့် သွေးတိုးရောဂါ များကို ဆက်လက်ခံစား ရမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် ဆီးချို၊ သွေးချိုဆိုင်ရာ ရောဂါများနှင့် သတင်း အချက်အလက် များအား ဗဟုသုတ အဖြစ် ယခု ဖွင့်လှစ်လိုက်သော Website သစ်တွင် ဝင်ရောက် ကြည့်ရှုနိုင် သည့်အပြင် အသင်းဝင်များ အဖြစ် လျှောက်ထား နိုင်ကြောင်း သိရသည်။

ထို့ပြင် အသင်းဝင်တစ်ဦး အနေဖြင့် အသင်းမှ ကျင်းပသော ကျန်းမာရေး ဆိုင်ရာ ဟောပြောပွဲများ တက်ရောက် နိုင်ခြင်း၊ ကုသခွင့် အခွင့်အလမ်းများ ရရှိစေခြင်းနှင့် ဝါရင့်ဆီးချို၊ သွေးချို ထိပ်တန်း အထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီး များနှင့် ဆက်သွယ် ချိတ်ဆက်ခွင့် နှင့် ရောဂါအကြောင်း ပွင့်လင်းစွာ ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည် ဖြစ်သည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger