www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 17, 2016

အီရန်နျူကလီးယား သဘောတူညီမှုကို ပျက်ပြားစေနိုင်သည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ



The ministers of foreign affairs of France, Germany, the European Union, Iran, the United Kingdom and the United States as well as Chinese and Russian diplomats announcing an Iran nuclear deal framework in Lausanne on 2 April 2015. The framework deal became the basis for a final agreement, the Joint Comprehensive Plan of Action, which was agreed on 15 July 2015.

( ရှိန်းထက် )

ကမ္ဘာ့ အင်အားကြီး ငါးနိုင်ငံနှင့် အီရန်တို့ ဆွေးနွေးပွဲ များကို အကြိမ်ကြိမ် အခါခါ ပြုလုပ်ပြီး ခက်ခက်ခဲခဲ ရလာသည့် နျူကလီးယား သဘော တူညီချက် သည် အမေရိကန် သမ္မတ ရွေးကောက်ပွဲ နီးလာလေ ခြိမ်းခြောက်သံ များနှင့် ပိုမိုဆူညံ လာလေ ဖြစ်နေသည်။

သမ္မတဖြစ်ရန် ရေပန်းစား နေသည့် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့် က သူသာသမ္မတ ဖြစ်ခဲ့လျှင် အီရန်နှင့် ချုပ်ဆိုထားသည့် နျူကလီးယား သဘောတူ စာချုပ်တွင် အီရန်ကို အခွင့်အရေး တစ်ခုမှ မရတော့ လောက်အောင် ချုပ်ကိုင်မည့် စည်းမျဉ်းများ ဖြည့်စွက် သွားမည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် အီရန် ဘာသာရေး ခေါင်းဆောင် ခါမေနီ က ဇွန် ၁၅ ရက်တွင် အမေရိကန် ၏ နောင်တက်လာမည့် သမ္မတကြောင့် အီရန်နှင့် နျူကလီးယား သဘောတူ စာချုပ် ပျက်ပြယ်သွား နိုင်ကြောင်း သတိပေးခဲ့ပြီး သဘောတူ စာချုပ်ကို အလေးထား ရန်လည်း အီရန် သမ္မတ ရိုဟာနီ က ဆိုခဲ့သည်။

အီရန်နှင့် ကမ္ဘာ့ အင်အားကြီး ငါးနိုင်ငံတို့၏ P 5+1 နျူကလီးယား ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် မတ်လမှ ဇွန်လကုန် အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဆွေးနွေးပွဲ များကိုလည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းပြီးမှ သဘော တူညီမှု ရခဲ့ကြခြင်း ဖြစ်သည်။ ထိုဆွေးနွေးပွဲ ၏ သဘော တူညီချက်ကြောင့် ကမ္ဘာကြီးကို နျူကလီးယား စစ်ပွဲတစ်ခုမှ ကာကွယ်နိုင် ခဲ့ပြီး ယခု ဒေါ်နယ်ထရန့် ကြောင့် ပြန်လည် စိုးရိမ်ရမည့် အခြေအနေ ဖြစ်လာသည်။

ဒေါ်နယ်ထရန့် သည် အမေရိကန်၌ လူမျိုးရေးဝါဒီ သမားတစ်ဦး အဖြစ် ထင်ရှားပြီး မွတ်စလင် ဆန့်ကျင်ရေး အဓိကထားသူ တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး ဆင်းပွဲများတွင် မွတ်စလင် ဆန့်ကျင်ရေး သည် ထိပ်ဆုံး မှ မပါမပြီး ပါဝင်တတ်ပြီး မွတ်စလင်များ ကို ဒုတိယကမ္ဘာစစ် တွင် ဟစ်တလာက ဂျူးလူမျိုးများကို ရင်ဘတ်တွင် ပန်းပွင့်တံဆိပ် တပ်ပြီး အမှတ်အသား ပြုလုပ်ထား သကဲ့သို့ လုပ်ထားသင့်သည် ဟု ပြောခဲ့သည်။

ထို့ပြင် မွတ်စလင်များကို သီးသန့် Data Base တစ်ခုနှင့် စာရင်းဇယား သေချာစွာ ပြုလုပ်ပြီး စောင့်ကြည့် ရမည်ဟုလည်း ထရန့် က ဆိုခဲ့ပြီး ယခင်က အမေရိကန် သမ္မတလောင်း များ၏ သဘာဝနှင့် ဆန့်ကျင်ကာ ဒေါ်နယ်ထရန့် သည် သမိုင်း အစဉ်အလာ ရှိသော ရန်သူများနှင့် လည်း သင့်မြတ်သူ ဖြစ်သည်။ အမေရိကန် ကို နျူကလီးယား လက်နက်နှင့် ပစ်မည်ဟု ခြိမ်းခြောက် ထားသော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ၏ ချီးကျူးမှု ကိုလည်း ဒေါ်နယ်ထရန့် က ရရှိထား သကဲ့သို့ စစ်အေးတိုက်ပွဲ ရန်သူတော် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့်လည်း ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။

ဒေါ်နယ်ထရန့် သည် နယူးယောက် ကဲ့သို့ မြို့ကြီးများ၌ မဲအနိုင်ရခဲ့ပြီး လူမျိုးရေး ဝါဒကို သူ၏ လက်ကိုင်တုတ် အဖြစ် အသုံးချနေသူဖြစ်သည်။ တိုက်ဆိုင်စွာပင် အမေရိကန် သမိုင်းကြောင်း တွင် အဆိုးရွားဆုံး အော်လန်ဒို အကြမ်းဖက်မှု ခံရသည်။ ထို့ပြင် နာမည်ကြီး အဆိုတော် ဂရင်မီ လုပ်ကြံခံရသည်။ ယင်း မတိုင်မီ ကလည်း အမေရိကန် ကျောင်းများ၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်တွင် လူပေါင်း ရာချီ သေဆုံး စေခဲ့သည့် ဗုံးအတွဲလိုက် ပေါက်ကွဲခဲ့သည့် ပဲရစ် အကြမ်းဖက်မှု ဖြစ်ခဲ့သည်။

ထိုအရာများ အားလုံးသည် မွတ်စလင် အစွန်းရောက်များ ဆီမှ မြစ်ဖျားခံ လာသော ကြောင့် ဒေါ်နယ်ထရန့် အတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲ များတွင် အသုံးချစရာ အကောင်းဆုံး အကြောင်းပြချက် များဖြစ် ခဲ့ရသည်။ မွတ်စလင်ကို ဘာကြောင့် ကန့်သတ်ထား သင့်သည်၊ ဖိနှိပ်ထား သင့်သည်၊ ဘာကြောင့် တစ်ကမ္ဘာလုံး က ဆန့်ကျင်သင့်သည် စသည်ဖြင့် ထရန့်အတွက် တိုက်ဆိုင်မှု များစွာက ဖန်တီးပေး ခဲ့သည်။သို့သော်လည်း (၉/၁၁) ကိစ္စဖြစ်ပြီးနောက် အမေရိကန် အစိုးရက အမေရိကန် နွယ်ဖွား မွတ်စလင်များနှင့် သူ့နိုင်ငံသား မွတ်စလင်များကို သံသယရှိသူ အဖြစ် ဖမ်းဆီးကာ ဂွါတာနာမို အကျဉ်းထောင်နှင့် တခြား အရက်စက် ဆုံးသော အကျဉ်းထောင်များ သို့ပို့ကာ နှိပ်စက်ပြီး မေးခွန်းများ မေးခဲ့ကြသည်။ ထိုသူများသည် နောင်တစ်ချိန်တွင် အမေရိကန်ကို အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြံစည်သည့် အကြမ်းဖက် သမားများ၊ အယ်လ်ကိုင်ဒါ များနှင့် ISIS အကြမ်းဖက် သမားများ အဖြစ်သို့ ကူးပြောင်းသွား တော့သည်။ ထိုဖမ်းဆီးမှု သည် အမေရိကန် သမိုင်းကြောင်းတွင် အဆိုးရွားဆုံး အမှားအယွင်း တစ်ခုဖြစ်ခဲ့ပြီး သူ့နိုင်ငံကို တိုက်ခိုက်မည့် အကြမ်းဖက်သမားများကို သူတို့ကိုယ်တိုင် မွေးထုတ်ပေး သကဲ့သို့ ဖြစ်ခဲ့သည်။ ထို သမိုင်းကြောင်းကို အမေရိကန်တို့ နမူနာယူသင့်သည်။ ထို့ပြင် အဖိနှိပ်ခံ လူတန်းစား များသည် ပိုမိုပြီး အကြမ်းဖက်မှု များကို ဆောင်ရွက် နိုင်သောကြောင့် အမေရိကန် အနေဖြင့် လူမျိုးရေးကို ပါးနပ်မှု ရှိရှိ ကိုင်တွယ်ရန်လို အပ်နေသည်။

သို့သော်လည်း လူမျိုးရေးဝါဒီ ထရန့် ၏ ရွေးကောက်ပွဲရလဒ် များက ကောင်းသည်ထက် ကောင်းလာသည်။ အမေရိကန်တို့ ကတော့ ထရန့်အား အမေရိကန်ကို ထပ်မံဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ပေးမည့် သူရဲကောင်းကြီး အဖြစ် ရှုမြင်ကာ ထောက်ခံ နေကြသည်။ သို့သော် သမ္မတ အိုဘားမားနှင့် အထက်တန်း အသိုင်းအဝိုင်း က ဒေါ်နယ်ထရန့် ဘက်က မရပ်တည်ဘဲ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် ဘက်က ပြတ်ပြတ် သားသား ရပ်တည်နေသည်။

အိုဘားမား၏ သဘောထား များသည် ထရန့်ထက် ကလင်တန်နှင့် များသောအားဖြင့် တိုက်ဆိုင်နေသည်။ ဥပမာ- အမေရိကန်တွင် လက်နက် ကန့်သတ်ရေး ကိစ္စမှာ ကလင်တန်နှင့် အိုဘားမားသည် အမာခံ တောင်းဆိုသူများ ဖြစ်သည်။ အိုဘားမား ဆိုလျှင် မျက်ရည်စက်လက် ကျသည်အထိ တောင်းဆို ဖူးသည်။ အော်လန်ဒို ကိစ္စတွင်လည်း တရားခံသည် တရားဝင် ဝယ်ယူကိုင်တွယ် ထားသည့် သေနတ်ဖြင့် ပစ်ခတ်သွားသူ ဖြစ်သည်။

ထို့ကြောင့် သေနတ် ကိုင်ဆောင်ခွင့် ဥပဒေကို ကလင်တန် နှင့် အိုဘားမား က ကန့်သတ်ပေးရန် တောင်းဆို နေခြင်းဖြစ်သည်။ သို့သော်လည်း ဒေါ်နယ်ထရန့် က သူ သမ္မတဖြစ်လျှင် လက်နက် ကိုင်ဆောင်ခွင့် ဥပဒေကို ယခင်အတိုင်း မပြုပြင်ဘဲ ထားပေးမည်ဟု မဲဆွယ် နေပြန်သည်။ ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံ တစ်နိုင်ငံ၌ နိုင်ငံသား တစ်ဦး၏ လွတ်လပ်ခွင့်ကို အပြည့်အဝ အကျိုးခံစား ခွင့် ရရှိစေမည်ဟု ဆိုကာ ထရန့်က သေနတ် ကိုင်ခွင့်ကို အားပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန် ပြည်သူတို့၏ မဲများသည် နျူကလီးယား စစ်ပွဲဆီကို နောက်တစ်ကြိမ် အနီးကပ်ဆုံး တွန်းပို့မလား သို့မဟုတ် (၉/၁၁) ကဲ့သို့ ဖြစ်စဉ်များ ဆီသို့ နောက်ထပ် တစ်ကြိမ် ရောက်စေ မလားဆို သည်ကို သေချာစဉ်းစား ပြီးမှ မဲပေးရန် လိုနေပြီ ဖြစ်သည်။ အကယ်၍ ထရန့်သာ သမ္မတ ဖြစ်လာလျှင် အီရန်နှင့် နျူကလီးယား သဘောတူညီချက် ကျိုးပျက်သွားရန် ရာခိုင်နှုန်း ပိုများနေသည်။ ထိုအခါ နျူကလီးယား ဆီသို့ အီရန်တို့ နောက်ကြောင်း ပြန်လှည့်ပြီး နျူကလီးယား စစ်ပွဲ နောက်တစ်ပွဲ ထပ်တိုး လာဦးမည်ဖြစ်ကာ မွတ်စလင် များကို အဆိုးရွားဆုံး ဖိနှိပ်ထား လျှင်လည်း (၉/၁၁) ကဲ့သို့ ဖြစ်စဉ်များက ထပ်မံဖြစ်ပွားရန် အကြောင်းများ က ဖန်လာ ပြန်သည်။ ထိုအရာများ အားလုံး သည် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပေါ်တွင်သာ တည်မှီ နေပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger