www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, June 25, 2016

ရန်ကုန်မြို့တော် နှင့် ပလက်ဖောင်းဈေးသည်


ရန်ကုန်မြို့တော် နှင့် ပလက်ဖောင်းဈေးသည်

( စိုးမိုး )

အမျိုးသမီး တစ်ဦးက အထည်တစ်ခုကို ကိုင်ပြီး မြှောက်ကာ၊ ချကာနဲ့ အသံကုန် ဟစ်အော် နေပါတယ်။ လမ်းသွား လမ်းလာ တွေကလည်း ပလက်ဖောင်း ဘေးမှာ ပုံထားတဲ့ အဝတ်အစားပုံကို သူ့ထက်ငါ အလုအယက် တိုးဝှေ့ရှာဖွေ နေကြလေရဲ့။ ဒါကတော့ ရန်ကုန်မြို့မှာ မြင်နေကျ မြင်ကွင်း တစ်ခုပါပဲ။ ရန်ကုန် မြို့လယ်ကောင် လမ်းဘေးဝဲ၊ ယာတွေမှာ နေရာအပြည့် ယူထားတဲ့ လမ်းဘေးဈေးသည် တွေကို လမ်းသွား လမ်းလာ တွေနဲ့ မော်တော်ယာဉ် မောင်းနှင်သူ တွေက ရှောင်ရှား သွားလာ နေရတာ မျိုးကို ရန်ကုန်မြို့နေ ပြည်သူတိုင်း အသားကျ နေပါပြီ။

တစ်နည်းအားဖြင့် ကြည့်ရင် ရန်ကုန်မြို့မှာ လမ်းဘေးဈေးသည် ပေါများ လာတာက အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ ဆိုတာ သုံးသပ်မိ ပါတယ်။ လမ်းဘေး ဈေးသည် ဆိုတာကလည်း တစ်နေ့တာ ဈေးရောင်းချရာ ကနေ ရရှိတဲ့ ငွေလေးနဲ့ သူတို့ဘဝ ရပ်တည် ရမှာဖြစ်တဲ့ အတွက် မဖြစ်မနေ လုပ်ကိုင် နေရတဲ့ အခြေအနေ တွေပါ။ ပြီးခဲ့တဲ့နှစ်က စပြီး လမ်းဘေး ဈေးသည် တွေကို ဈေးတွေမှာ ရောင်းချ နိုင်အောင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက စီမံချက် နဲ့ လုပ်ဆောင်ခဲ့ ပါတယ်။ ဒီစီမံချက်မှာ လက်ရှိ ဈေးတွေကို အဆင့် မြှင့်တင်ပြီး လမ်းဘေး ဈေးသည်တွေကို အတည်တကျ ရောင်းချ နိုင်အောင် စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ တည်ဆောက်ပြီးတဲ့ တချို့ ဈေးတွေမှာ လမ်းဘေး ဈေးသည်တွေကို နေရာချထား ပေးပေမယ့် ရောင်းချသူ နည်းနေဆဲလို့ သိရပါတယ်။

ဘာကြောင့်လဲ ဆိုတာ သုံးသပ်စရာ ပါပဲ။ ဒီအခြေအနေ တွေနဲ့ ပတ်သက်ပြီး လမ်းဘေး ဈေးသည် တစ်ဦးက ''ဈေးရုံတွေမှာ ရောင်းချခွင့်ပေးတာ ကျေးဇူးတင် ပါတယ်။ ဒါပေမဲ့ ဈေးဝယ်သူ နည်းတဲ့နေရာ ဖြစ်နေတော့ သူတို့ချထား ပေးတဲ့ ဈေးတွေမှာ အရောင်းအဝယ် ပါးလို့ မပြောင်းနိုင်ကြ တာပါ။ လမ်းပေါ်မှာက တစ်ဦးမဟုတ် တစ်ဦး ဝယ်ကြမှာပဲ လေ။ ဝယ်သူများပြီး တစ်နေ့ဝင်ငွေ ရှိမှအိမ်က မိသားစုတွေ အဆင်ပြေ မှာမို့ပါ'' လို့ လမ်းဘေး ဈေးသည်တွေ ဘက်က အခက် အခဲကို ပြောပြခဲ့ ပါတယ်။ ရန်ကုန်မြို့မှာ လမ်းဘေး ဈေးသည် တစ်သိန်းနီးပါး ရှိတယ်လို့ သိရပါတယ်။ ဒီလို များပြားတဲ့ လမ်းဘေး ဈေးသည် အားလုံး အဆင်ပြေဖို့ ကိုလည်း သက်ဆိုင်ရာ ဌာနတွေက ချက်ချင်း ဖြေရှင်း ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ အဆင့်ဆင့် ဆောင်ရွက် ရဦးမှာ ဖြစ်လို့ အချိန်ယူ ရမယ့် ကိစ္စရပ် တစ်ခုလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာ လည်း လမ်းဘေးဈေးသည် တွေကြောင့် ကားပါကင်တွေ ပျောက်ပြီး တချို့ မော်တော်ယာဉ် တွေက လမ်းမပေါ်မှာ ရပ်ထားကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ တွေနဲ့ တခြား မောင်းနှင်သွားလာ နေတဲ့ မော်တော်ယာဉ် တွေအတွက် လမ်းက ကျဉ်းမြောင်း သွားတယ်။ ယာဉ်အစီးရေ ကလည်း တိုးပွားလာ နေတော့ ယာဉ်ကြော ကျပ်တည်း မှုတွေ ဖြစ်လာခဲ့ရ တာပါပဲ။ နောက် အကျိုးဆက် တစ်ခုကလည်း လမ်းဘေး ဈေးသည်တွေ  ရောင်းချတဲ့ ကုန်စည်တွေက ထွက်ရှိတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်မှု အားနည်းတဲ့ အတွက် မြေအောက် ရေမြောင်း တွေပိတ်ပြီး ရေကြီးရေလျှံမှု တွေပါ ဆက်လက်ဖြစ်ပွား လာပါတယ်။

ဒီအခြေအနေ တွေကို အစိုးရက ဘယ်လို ဖြေရှင်းပေးမယ် ဆိုတာ အားလုံးက စိတ်ဝင်တစား ရှိနေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက တာဝန်ရှိသူ တစ်ဦးက ''ဈေးတွေ
တည်ဆောက်ပေးပြီး အဲဒီ ဈေးတွေမှာ ရောင်းချပေးဖို့လည်း တိုက်တွန်းထား ပါတယ်။ လမ်းဘေးဈေးသည် တွေအတွက် တည်ဆောက်တဲ့ ဈေးတွေပြီးတဲ့ အချိန်မှာ ဈေးမှာ မရောင်းဘဲ လမ်းပေါ် တက်ရောင်းရင် အရေးယူမယ်။ လက်ရှိမှာ သူတို့ အဆင်ပြေစေဖို့ သတ်မှတ်အချိန်နဲ့ ရောင်းခွင့်ပြုထား ပါတယ်။ သန့်ရှင်းရေး အပိုင်းမှာတော့ အရင် ကတည်းက ချထားပေးတဲ့ ဘတ်ဂျက်ငွေနဲ့ ရေမြောင်း ဆယ်ယူမှုတွေ လုပ်နေပါတယ်။ ဘတ်ဂျက် ငွေ လုံလောက်မှု မရှိတဲ့အတွက် ဒီနှစ်မှာတော့ စီမံကိန်းအားလုံး လုပ်နိုင်မှာ မဟုတ်သေး ပါဘူး'' လို့ ပြောပါတယ်။

ရန်ကုန်မြို့၌ စနစ်ကောင်းမွန်ခြင်း မရှိခဲ့တာက ယခုလို ဆင့်ကဲပြဿနာ ရပ်တွေ ဖြစ်ပေါ်လာရ တာပါပဲ။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကလည်း ဒီ အခြေအနေ အားလုံး မပြေလည် ရင်တောင် အဆင်ပြေမှု ရှိစေဖို့ ဒီနှစ်ထဲမှာ ဆောင်ရွက် ပေးသွားမယ်လို့ ပြောထားတာ ရှိပါတယ်။ မြို့ပြပညာရှင် တွေကတော့ လမ်းဘေးဈေးသည် တွေကို လမ်းမကြီးတွေမှာ ရောင်းချခွင့် မပြုဘဲ တခြားလမ်းသွယ် တွေမှာ ရောင်းချခွင့် ပေးရင်လည်း အဆင်ပြေ နိုင်တယ်လို့ သုံးသပ်ကြ ပါတယ်။ တိုက်တာ အဆောက်အအုံ များပြားလှတဲ့ ရန်ကုန်မြို့မှာ လမ်းသွယ်တွေဟာ အလွန် ကျဉ်းမြောင်း ပါတယ်။ လမ်းကျဉ်းတွေမှာ လမ်းဘေး ဈေးသည်တွေ ဝင်ရောက် ရောင်းချရင်လည်း တိုက်ခန်းတွေ မှာ နေထိုင်သူတွေ အတွက် ကားပါကင် ပျောက်သွားနိုင်တယ်။ ဒီအစီအစဉ် ကလည်း မဖြစ်နိုင်သေး ပါဘူး။

သတ်မှတ်ဈေးတွေ တည်ဆောက်ပြီး နေရာချထားပေးဖို့ ဆိုတာကလည်း လူစည်ကားတဲ့ နေရာတွေဖြစ်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။ လမ်းဘေးဈေးသည် တစ်ဦး ပြောသလို ဝယ်သူမရှိတဲ့ နေရာမျိုးဆို ဘယ်သူမှ ရောင်းချင်မှာ မဟုတ်ပါဘူး။ ဒီ အခြေအနေ တွေက သက်ဆိုင်ရာ တာဝန်ရှိ သူတွေ ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ချက် ပါပဲ။ အခုဆိုရင် လမ်းဘေး ဈေးသည် ကိစ္စကနေ နောက်ဆက်တွဲ ဖြေရှင်းမရတဲ့ အခြေအနေ တွေ ဖြစ်ပေါ်စေတဲ့ အတွက် မဖြစ်မနေ ဆောင်ရွက် ရတော့မှာပါ။ လက်ရှိမှာလည်း အလုပ်အကိုင် အခွင့်အလမ်း တိုးတက် လာနိုင်တဲ့ စက်မှုဇုန်လို စီမံကိန်းတွေ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ဖော်ဆောင် လာနေပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာ ရင်တော့ လမ်းဘေးဈေးသည် တွေ ထိုက်သင့် သလောက် လျော့ကျသွား နိုင်ပါတယ်။

လမ်းဘေးဈေးသည် များပြား လာတာဟာ ရန်ကုန်မြို့ရဲ့ မြို့တော်အင်္ဂါရပ် ကိုများစွာ ထိခိုက် စေပါတယ်။ လမ်းဘေးမှာ ရောင်းချတဲ့ စားသောက်ဆိုင် တွေကြောင့်လည်း ရေမြောင်း အတွင်းမှာ ရေညစ်ညမ်းမှုတွေ ဖြစ်လာပြီး အဲဒီကနေ တစ်ဆင့် မြို့ပေါ် နေသူတွေ ကျန်းမာရေး ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် လမ်းဘေးဈေးသည် တွေကို စနစ်တကျ မကိုင်တွယ် နိုင်သေးတဲ့ အခြေအနေမှာ ဈေးရောင်းချမှုနဲ့ ပတ်သက်ပြီး သန့်ရှင်းမှု ရှိစေရေး၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ရေး၊ သတ်မှတ် အချိန်မှာသာ ရောင်းချရေး တို့ကို အဓိကထား လုပ်ဆောင် ပေးရင်တော့ အနည်းငယ် ဖြေလျှော့ နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ စည်းကမ်းချက် တွေနဲ့ ဆောင်ရွက် နေပေမယ့် ကြီးကြပ်နိုင်မှု အားနည်း တာကြောင့် မဖြစ်သင့်တဲ့ အခြေအနေ တွေ ဖြစ်ပေါ် နေရတာပါ။ ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ဝန်ထမ်း လိုအပ်ချက် ကြောင့်လို့ ပြောကြား ထားပြီး ပိုမိုကြီးကြပ် လုပ်ဆောင် နိုင်အောင် ဝန်ထမ်းအင်အား ထပ်တိုးခေါ်ယူ ထားတယ်လို့ သိရပါတယ်။ မည်သို့ပင်ဖြစ်စေ လမ်းဘေး ဈေးသည် ပြဿနာကတော့ ရန်ကုန်မြို့တော် မှာ ဖြစ်ပေါ်နေဦး မှာပါ။ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကိုလည်း ရှာဖွေနေဆဲ ပါပဲ။ ရန်ကုန်ဆိုရင် လမ်းဘေးဈေးသည် တွေနဲ့ စည်ကားနေတဲ့ မြို့လို့ ပြောစမှတ် တွင်မယ့် အခြေအနေ ကို မရောက်အောင် ဘယ်လို ထိန်းချုပ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ဖို့သာ လိုပါ တော့ကြောင်း ရေးသား လိုက်ရပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger