www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 23, 2016

တပ်မတော်၏ ကောင်းမြတ်သော အစဉ်အလာ ၁၂ ရပ်နှင့်အညီ ကောင်းသောအမွေကို ကိုယ်တိုင်လက်ခံရယူပြီး လက်အောက်သို့လည်း ဆက်လက် လက်ဆင့်ကမ်း



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရာခံ နှင့် အကြပ်ကြီး သင်ကျောင်းမှ သင်တန်းသားများကို တွေ့ဆုံအမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ များကို အားပေးစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၃-၆-၂၀၁၆

စစ်သားကောင်း များသည် ကြံ့ကြံ့ခံသည့် စိတ်ဓာတ်ဖြင့် ပေးအပ်သော လုပ်ငန်းတာဝန် များကို မည်သို့ အောင်မြင်အောင် လုပ်ဆောင်မည် ဆိုသည့် စိတ်ဓာတ်များ မွေးမြူရမည် ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ အမိန့် နာခံတတ်မှုနှင့် စစ်စည်းကမ်း ကောင်းမွန်မှု ဆိုသည့် စိတ်ဓာတ်ကို အမြဲနှလုံးသွင်းပြီး ကောင်းသောအမြင်ဖြင့် လုပ်ဆောင်ကြမည် ဆိုပါက ပေးအပ်သော တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ရှိ စစ်ရာထူး ခန့်ထားရေး ခန်းမဆောင်၌ အရာခံနှင့် အကြပ်ကြီး သင်ကျောင်းမှ သင်တန်းသား များအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ပြောင်းလဲ အသုံးပြုလာသည့် ကွန်ပျူတာ အပြင် ရုံးလုပ်ငန်း တာဝန်များကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် ဖွင့်လှစ် သင်ကြားခြင်း ဖြစ်၍ သင်ကြားမှု များအား စနစ်တကျ လေ့လာ၊ လေ့ကျင့် သင်ယူကြရန် လိုကြောင်း၊ Standard Army တည်ဆောက် ရာတွင် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သည်လည်း မရှိမဖြစ် လိုအပ်ကြောင်း၊ ရုံးလုပ်ငန်း ဆောင်ရွက်ရာတွင် စာလုံးပေါင်း သတ်ပုံ၊ မြန်မာသဒ္ဒါ အရေးအသား များ မှန်ကန်စေရေးမှ အစ ဦးစီးတာဝန် နှင့်အညီ ဖြစ်စေရေး တို့ကိုလည်း အလေးထား လိုက်နာ ဆောင်ရွက်ရန် လိုကြောင်း၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုသည့် Pinion သုံးခု ချောမွေ့စွာ ချိတ်ဆက် လည်ပတ်နိုင်ရေး အတွက် ရုံးလုပ်ငန်း စနစ်များကို အမှန်တကယ် နားလည်သိရှိပြီး ကျွမ်းကျင်မှု ရှိစေရန် သင်တန်း၌ လေ့လာ၊ လေ့ကျင့်မှု များဖြင့် ကြိုးစား လုပ်ဆောင် သွားရန် မှာကြားသည်။

တပ်မတော် စွမ်းရည် မြင့်မားရေးနှင့် လေ့ကျင့်ရေး အခန်းကဏ္ဍ နှင့် ပတ်သက်၍ ပြောကြား ရာတွင် Standard Army တည်ဆောက် ရာတွင် တပ်များ၏ စွမ်းရည်၊ အရည်အသွေး မြင့်မားရေး အတွက် လေ့ကျင့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ တပ်မတော်များ သည်လည်း စွမ်းရည်ရှိရန်၊ အရည်အသွေး ရှိရန် စနစ်တကျ လေ့ကျင့် နေကြကြောင်း၊ လေ့ကျင့်ရေးတွင် တစ်ဦးချင်း၏ စွမ်းရည် မြင့်မားရေးမှ အစပြု၍ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း စသည်ဖြင့် တပ်ဖွဲ့စွမ်းရည်များ မြင့်မားရေး၊ တပ်မတော်၏ စွမ်းရည်တိုးတက် မြင့်မားရေးကို ကြိုးစား လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ နေ့စဉ် သမားစဉ် လုပ်ငန်းများကို မှန်ကန်စွာ လုပ်ဆောင် ခြင်းဖြင့် အရည်အသွေး တိုးတက်အောင် ပုံမှန်လေ့ကျင့် လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာ တပ်များ၏ အစီအစဉ်ဖြင့် ပညာရပ်ဆိုင်ရာ မွမ်းမံ သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ခြင်း၊ တပ်မတော် သင်တန်းကျောင်း အသီးသီးတွင် စစ်ရေး စွမ်းရည် အတွက် စစ်မြေပြင် အထောက်အကူ ပြု သင်တန်းများ တက်ရောက် လေ့ကျင့်ခြင်း စသည့် တပ်မတော် စွမ်းရည် မြင့်မားရေး အတွက် လေ့ကျင့်ရေး အဆင့်ဆင့်အား စနစ်တကျ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်သား ဘ၀ နှင့် ပတ်သက်၍ ဆက်လက် ပြောကြားရာတွင် ကိုယ်တိုင် ရွေးချယ်မှု ဖြင့် တပ်မတော်သား ဘဝကို ခုံမင်စွာ ဝင်ရောက် လာကြခြင်း ဖြစ်၍ သက်တမ်းပြည့် စစ်မှုထမ်း ဆောင် စေလိုကြောင်း၊ တပ်မတော်တွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ စွာဖြင့် ကြောင့်ကြမှု ကင်းစွာ တာဝန် ထမ်းဆောင် နိုင်ရန် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စအဝဝ အတွက် အကောင်းဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း ၊ တပ်မတော်တွင် အမှုအခင်း ကင်းရှင်းစွာဖြင့် အသက်ပြည့်သည် အထိ ကောင်းမွန်စွာ တာဝန် ထမ်းဆောင် သူများ၊ သာမန် သက်ပြည့် အငြိမ်းစား များအား သက်သာသော နှုန်းထားဖြင့် အိမ်ရာများတွင် နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရ သူများကိုလည်း နေထိုင်ရေး သာမက အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အတွက်ပါ စီစဉ် လုပ်ဆောင်ပေး နေကြောင်း၊ ၄င်းအပြင် အသက် ၇ဝ ပြည့်ပြီး အခြေအနေ အမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ ဖြစ်ရသူ စစ်မှုထမ်းဟောင်း များကိုလည်း စစ်မှုထမ်း ဟောင်း ဘိုးဘွားရိပ်သာ များတွင် နေထိုင်နိုင်ရေး စီမံဆောင်ရွက် ပေးလျက် ရှိကြောင်း၊ တပ်မတော်၏ ကောင်းမြတ်သော အစဉ်အလာ ၁၂ ရပ်နှင့်အညီ ကောင်းသော အမွေကို ကိုယ်တိုင် လက်ခံရယူပြီး လက်အောက် သို့လည်း ကောင်းသော အမွေများကို လက်ဆင့်ကမ်း ပေးကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ အရာခံနှင့် အကြပ်ကြီးသင်တန်းရှိ သင်တန်းသား စားရိပ်သာ၌ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်းသား များနှင့် နေ့လည်စာ အတူတကွ သုံးဆောင်စဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် မီးဖွားသည့် မွေးလူနာတစ်ဦးအား အားပေးစကား ပြောကြားစဉ်

တွေ့ဆုံပွဲသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ဗထူးတပ်နယ်မှ အရာရှိကြီးများ နှင့် အရာခံနှင့် အကြပ်ကြီး သင်ကျောင်းမှ သင်တန်းသားများ တက်ရောက်ကြပြီး တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သင်တန်းသား များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်နယ် ရှိ တပ်မတော်ဆေးရုံ သို့သွားရောက်၍ ဆေးရုံ တက်ရောက် ကုသမှုခံယူလျက် ရှိသော အရာရှိ၊ စစ်သည်များနှင့် ဒေသခံပြည်သူ များကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ ၍ ဆေးကုသမှုနှင့် ကျန်းမာရေး အခြေအနေ များကို မေးမြန်းကာ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။ ထို့အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးနှင့်အဖွဲ့ သည် အမျိုးသမီး ကုသဆောင်ရှိ မိသားစုဝင် များနှင့် ဒေသခံပြည်သူ များအား လိုက်လံတွေ့ဆုံ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။ ထို့ပြင် ယမန်နေ့တွင် မီးဖွားသည့် မွေးလူနာ တစ်ဦးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီးနှင့်အဖွဲ့က မိခင် နှင့်ကလေး အတွက် သီးသန့် ဂုဏ်ပြုချီးမြှင့် ခဲ့သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာခံနှင့် အကြပ်ကြီး သင်ကျောင်းရှိ မီတာ ၄ဝဝ ပြေးလမ်းပါ ဘောလုံးကွင်း ဖောက်လုပ်ပြီးစီးမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေး သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာခံနှင့် အကြပ်ကြီး သင်ကျောင်းရှိ သင်တန်းသား စားရိပ်သာ၌ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်းသား များနှင့် နေ့လယ်စာကို ရင်းနှီးစွာ အတူတကွ သုံးဆောင်ခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger