www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 23, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် မှ အမှတ်(၃) စစ်တိုင်းမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် အမှတ်(၃) စစ်တိုင်းမှူး Lt.Gen.Somsak Nilbanjerdkul တို့ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၃-၆-၂၀၁၆

မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်ကြား ပိုမို နီးကပ်စွာ ဆက်ဆံ လာမှုကြောင့် ကြီးမားသည့် ပြဿနာ မရှိကြောင်း၊ ရှိသည့် အခက်အခဲများ ကိုလည်း အေးချမ်းစွာ ကျော်လွှား နိုင်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်း သည် ချစ်ကြည် ရင်းနှီးမှုကို အခြေခံပြီး အမြင်ချင်း ဖလှယ်ညှိနှိုင်း ဆွေးနွေးခဲ့ ကြသည့် နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြား ကော်မတီ (TBC) ၊ ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) ဆွေးနွေးပွဲများ၏ ရလဒ်များကြောင့် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုများ ရရှိစေခြင်း၊ တပ်မတော် နှစ်ရပ်ကြား၊ ခေါင်းဆောင် များကြား ရင်းနှီးစွာ သဘောထား ဆက်ဆံခြင်း များကြောင့် ဖြစ်ကြောင်း၊ ယင်းတို့အား ဆက်လက် ထိန်းသိမ်း သွားကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၃ဝ)ကြိမ်မြောက် မြန်မာထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီ (Regional Border Committee-RBC) အစည်းအဝေးသို့ တက်ရောက်ခဲ့ ကြသည့် ထိုင်းဘုရင့် တပ်မတော်မှ အမှတ်(၃) စစ်တိုင်းမှူး Lt. Gen. Somsak Nilbanjerdkul ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် အမှတ်(၃) စစ်တိုင်းမှူးနှင့် အတူ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ၊ မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး သို့ တက်ရောက်ခဲ့ ကြသည့် နှစ်နိုင်ငံ ကိုယ်စားလှယ် အရာရှိကြီးများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ နှင့်မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ ကြည်းတပ် စစ်သံမှူး Colonel Salawin Uttarak တို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် Lt.Gen.Somsak Nilbanjerdkul က မိမိတို့ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည် ရင်းနှီးမှု အမြင့်ဆုံးကာလ သို့ ရောက်ရှိ နေပါကြောင်း၊ ယခု RBC ဆွေးနွေးပွဲတွင် လည်း တစ်ဖက်နှင့်တစ်ဖက် နားလည်မှုကို အခြေခံ ဆွေးနွေးခဲ့သည့် အတွက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်နှင့် နှစ်ဖက်ပြည်သူ များအကျိုး အတွက် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ပြောကြား၍ (၃ဝ)ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြား ကော်မတီ  အစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်များကို ရှင်းလင်း တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိ တိုင်းမှူးတာဝန် ထမ်းဆောင်စဉ်က မြန်မာ့ တပ်မတော် RBC အဖွဲ့ခေါင်းဆောင် အဖြစ် သုံးကြိမ်တိုင် ဦးဆောင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ RBC အစည်းအဝေး များတွင် နှစ်နိုင်ငံနယ်စပ် ဒေသ အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် အတွက် သဘောထား မှန်ကန်စွာ လုပ်ဆောင်ခဲ့ သဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ယခု ဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နှစ်နိုင်ငံနယ်စပ် ဒေသသစ်တောများ ပြန်လည် စိုက်ပျိုးရေး အစီအစဉ် မှာလည်း ကောင်းမွန်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ က စံပြု Model တစ်ခုအဖြစ် အောင်မြင်အောင် ဆောင်ရွက်ပြီး အာဆီယံ ဒေသတွင်း နိုင်ငံများ၌ပါ လုပ်ဆောင်ပါက ပိုမို ကောင်းမွန်ကြောင်း၊ သစ်ပင် စိုက်ပျိုးရေးမှာ ကမ္ဘာတစ်ဝန်းလုံး လုပ်ဆောင် သင့်ကြောင်း၊ သစ်တော၊ သစ်ပင်ရှိမှ ရာသီဥတု သင့်တော်မျှတ စေသလို နိုင်ငံ့စိုက်ပျိုးရေး အတွက် ရေအရင်းအမြစ် အာမခံချက် ရှိနိုင်သဖြင့် မိမိနိုင်ငံများ အတွင်းတွင်လည်း တစ်ပိုင်တစ်နိုင် သစ်တောများ ဖန်တီးပေးရန် လိုကြောင်း၊ တစ်ဖက်တွင်လည်း သစ်တောများ ခုတ်လှဲမှု များကို စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန် လိုကြောင်း အကြံပြု ဆွေးနွေးသည်။

ယင်းနောက် နှစ်နိုင်ငံနယ်စပ် ဒေသဆိုင်ရာ ကိစ္စရပ်များတွင် တပ်မတော်နှစ်ရပ် ဆက်လက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မည့် အခြေအနေ များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့် တပ်မတော် အမှတ်(၃) စစ်တိုင်းမှူးတို့သည် လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

အဆိုပါ(၃ဝ) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကို ဇွန် ၂၁ ရက်မှ ၂၂ ရက်ထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် မိုင် ၁၁ဝဝ ကျော် နယ်နိမိတ် ထိစပ်နေပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာမှု ရှိအောင် မြန်မာ-ထိုင်း မြို့နယ် အဆင့် နယ်ခြားကော်မတီ (Township Border Committee-TBC) ၊ ဒေသဆိုင်ရာ နယ်ခြား ကော်မတီ (Regional Border Committee- RBC) နှင့် အဆင့်မြင့် ကော်မတီ (High Level Committee-HLC) စသည်ဖြင့် အဆင့်အလိုက် အစည်းအဝေး များကို နှစ်စဉ် အလှည့်ကျ ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger