www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 12, 2016

အစိုးရကျောင်း ၊ ကိုယ်ပိုင်ကျောင်း ပြီးတော့ . . ပညာရေးစနစ်



ရွှန်းရည်ခေါင် (ဥပဒေ)

မိုးရွာပြီးစအချိန် ဖားတွေ အော်သလို ဝိုင်းအော် နေကြတဲ့ ဒီနေ့ခေတ် အော်သံတွေ ထဲမှာ ပညာရေးစနစ် ပြုပြင်ရေး၊ ပညာရေး ဥပဒေ ပြုပြင်ရေးဆိုတဲ့ အသံတွေလဲ ပါဝင်နေတယ် လို့ အများက ပြောဆိုနေ ကြတယ်။

အခုလို အော်ဟစ် နေကြတဲ့ ပညာရေးအော်သံ တွေကို မှားတယ် လို့ မပြောနိုင် သလို မှန်တယ်လို့လဲ ဝန်ခံလို့ ဖြစ်မယ် မထင်ဘူး။ အခုလို အော်နေကြတဲ့ အသံတွေဟာ မူလအုတ်မြစ် အသံတွေ မဟုတ်ဘဲ ရေပေါ်ဆီ အသံတွေလို့ ပြောမယ်ဆိုရင် ပြောလို့ရတဲ့ အသံတွေ ဖြစ် နေလို့ပဲပေါ့။

ပညာရေးရဲ့ မူလအုတ်မြစ်ကို မြင်အောင်ကြည့်ပါ။

ပြောလောက်အောင် မကြာသေးတဲ့ လွန်ခဲ့တဲ့ အချိန်တုန်းက စာရေးသူတို့ နိုင်ငံရဲ့ပညာရေးဟာ အကွဲကွဲ အပြားပြား ဖြစ်နေခဲ့တယ်။ နိုင်ငံတော် အစိုးရရဲ့ မူအတိုင်း ပညာသင်ပေး နေကြတဲ့ နိုင်ငံတော် ကျောင်းတွေ ရှိသလို ကိုယ့်နည်း၊ ကိုယ့်ဟန်၊ ကိုယ့်မူနဲ့ သွားနေကြတဲ့ ပုဂ္ဂလိကပိုင် ကျောင်းတွေကလဲ တစ်ပြုံ တစ်ခေါင်း ရှိနေတယ်။

တစ်မြေတည်း နေ၊ တစ်ရေတည်း သောက်၊ တစ်လှေတည်း စီး၊ တစ်ခရီးတည်း သွားရမယ့် မြန်မာ့မြေမှာ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေကြတဲ့ ပုဂ္ဂလိက ကျောင်းတွေကို ဒီအတိုင်း လက်ပိုက်ကြည့် နေလို့တော့ မတော်ဘူး ဆိုပြီး ပုဂ္ဂလိက ကျောင်းမှန်သမျှ အစိုးရကျောင်း ဖြစ်စေရမယ်လို့ လမ်းခင်းပေး လိုက်တယ်။ အဲဒီလမ်းက တကယ့်ကို ကောင်းမွန်တဲ့ လမ်းပါ။ ဆင်းရဲချမ်းသာ မရွေး တစ်ပြေးညီ ပညာ သင်ယူခွင့် ရတဲ့ လမ်းကောင်း၊ လမ်းမွန်ပါ။ ပြည်သူ၊ ပြည်သားတိုင်း ကျေနပ် နှစ်သက်တဲ့ လမ်းပါ။

အခုတော့ အဲဒီ ပညာရေး လမ်းကောင်းကို ဖျက်ဆီးပစ် လိုက်ကြပြီ။ ပညာရှိ သုခမိန်ကြီး တွေရဲ့ ရွှေဉာဏ်တော် အတွေးချော် လိုက်ကြတာ လို့ပဲ ပြောရမယ် ထင်တယ်။

''အစိုးရကချည်း ထိန်းချုပ်ထားလို့ ကတော့ မြန်မာ့ ပညာရေးဟာ မြင့်လာမှာ မဟုတ်ဘူး။ နိမ့်ကျနေအုံး မှာပဲ။ ဒါကြောင့် ပုဂ္ဂလိကတွေ လက်ထဲအပ် ရမယ်။ ကိုယ်ပိုင် ကျောင်းတွေ တည်ထောင်ခွင့် ပြုရမယ်'' တဲ့။ အဲဒါဟာ ပညာရှိကြီးရဲ့ မဟာ အဓိပတိ ရွှေဉာဏ်တော် ကြီးပေါ့။ ကိုယ်ပိုင်ကျောင်း တွေ တည်ထောင် ခွင့်ပြုတာ ကောင်းတယ်ပေါ့။ ဒါနဲ့ပဲ ဒီနေ့ မြန်မာနိုင်ငံမှာ (က) အစိုးရကျောင်း (ခ) ကိုယ်ပိုင်ကျောင်း ရယ်လို့ အခြေခံပညာ နယ်ပယ်မှာ ကျောင်းနှစ်ကျောင်း ထင်ထင်ရှား ကွဲပြားသွား ပါတော့တယ်။

ကျောင်းနှစ်ကျောင်း ရဲ့အဓိက ရည်ရွယ်ချက် ကို ထုတ်နုတ်ကြည့် တဲ့အခါ (က) အစိုးရကျောင်း ရဲ့ ရည်ရွယ်ချက် က ပညာကို အခမဲ့ဝေငှ ဖို့ ဖြစ်ပြီး (ခ) ကိုယ်ပိုင်ကျောင်း ရဲ့ ရည်ရွယ်ချက် ကတော့ ပညာကို ငွေပေးမှ ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်တယ်လို့ ဆိုကြတယ်။ ရည်ရွယ်ချက် မတူတဲ့ ကျောင်းနှစ်ကျောင်း က ပေါက်ဖွား လာကြတဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်း တို့ရဲ့ စိတ်ဓာတ် တွေကလဲ မတူကွဲပြား ခြားနားကြတာ တွေဟာ မဆန်းပါဘူး လို့ဘဲ ပြောရမယ် ထင်ပါတယ်။

အနည်းငယ်မျှ ဆန်းစစ်ကြည့် ပါမယ်။ အစိုးရကျောင်း ရဲ့ရည်ရွယ်ချက်က အခမဲ့ ပညာပေးတဲ့ စနစ်ဆိုတာ အားလုံးအသိ ပါပဲ။ အခမဲ့နည်းနဲ့ ပညာ သင်ယူခွင့် ရခဲ့ကြသူတွေရဲ့ နှလုံးသား တွေထဲမှာလဲ အခမဲ့ ဆိုတာတွေ ဝင်နေကြတယ်။ သူတို့ ကိုယ်တိုင် နိုင်ငံတော် တာဝန် ထမ်းဆောင်ကြတဲ့ အခါတွေမှာလဲ အခမဲ့ စိတ်တွေ ဝင်နေကြပြီး အခမဲ့တာဝန် ထမ်းဆောင်လေ့ ရှိကြတယ်။

ကိုယ်ပိုင်ကျောင်း ရဲ့ရည်ရွယ်ချက် ကတော့ ငွေပေးမှ ပညာပေးတဲ့ စနစ် ဆိုတာလဲ အားလုံး အသိပါပဲ။ တက္ကသိုလ် ၀င်တန်း ကျောင်းသား ၊ ကျောင်းသူ တစ်ယောက်ဟာ နေ့တက်ဆိုရင် ငွေကျပ် ဆယ့်လေးသိန်း၊ ဆယ့်ငါးသိန်း ပေးရတယ်။ ဘော်ဒါနေမယ် ဆိုရင်တော့ ငွေကျပ် သိန်းနှစ်ဆယ်၊ သိန်းလေးဆယ် ပေးရတယ်။ ဘော်ဒါနေသူရဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ် ကလဲ ငွေကျပ် သိန်းသုံးဆယ်၊ သိန်းလေးဆယ် ရှိတယ်။ စုစုပေါင်း ကုန်ကျစရိတ်က ငွေကျပ်သိန်း ခုနစ်ဆယ်၊ သိန်းရှစ်ဆယ်၊ သိန်းကိုးဆယ်၊ သိန်းတစ်ရာ လောက် ဖြစ်သွားတယ်။ အဲဒီလောက် ငွေတွေ ကုန်ကျခံရတဲ့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ စိတ်ထဲမှာလဲ ပညာဆိုတာ ငွေပေးမှ ရတယ်ဆိုတဲ့ စိတ်မျိုးတွေ ဝင်သွားကြတာ မမှားဘူးလို့ တောင် ပြောရမလို ဖြစ်နေပြီထင်တယ်။ သူတို့ကိုယ်တိုင် ငွေနဲ့ရင်းပြီးမှ ရခဲ့တဲ့ပညာပဲ။ ငွေပညာ ပဲပေါ့။ ဒါကြောင့်လဲ သူတို့ ကိုယ်တိုင် နိုင်ငံ့တာဝန် ထမ်းဆောင်ကြတဲ့ အခါ ငွေ ငွေ ငွေဆိုပြီး ငွေပြီးရင်း ငွေရှာနေကြတာ၊ ကောင်းတာ၊ မကောင်းတာ ဖယ်ထား၊ မှားတော့ မမှားဘူးနော်လို့ တချို့က ပြောနေကြတယ်လေ။

ဟိုတလောကပဲ ပြောသံ၊ ဆိုသံတွေ ကြားလိုက်ရ သေးတယ်။ အစိုးရအဖွဲ့ တစ်ခုမှာ ရာထူးရသွားတဲ့ ''ဒေါက်တာ'' ဟာ ငွေရှာတဲ့ နေရာမှာတော့ ''ရွဲကုန်သည်'' ထက်တောင် ဆိုးသေးသတဲ့။ တချို့ကလဲ ပြောကြ သေးတယ်။ 

မြန်မာနိုင်ငံမှာ ငွေရှာလို့ အကောင်းဆုံး နာမည်ကတော့ ''ဒေါက်တာ'' ဆိုတဲ့ နာမည်ပဲတဲ့။ အဲ... ''ဒေါက်တာ'' ကလဲ (က)လူပေးသူပေး ဒေါက်တာ၊ (ခ) ပညာပေး ဒေါက်တာ၊ (ဂ) ကျန်းမာပေး ဒေါက်တာ ရယ်လို့ သုံးမျိုးသုံးစား ရှိတယ်တဲ့။

ရပ်ကောင်း၊ ရွာကောင်း၊ အပေါင်းကောင်း လို့ ဟိုလူကပေး၊ ဒီလူကပေး၊ ပေးထားလို့ရတဲ့ ဒေါက်တာကိုတော့ လူပေးသူပေး ဒေါက်တာ လို့ ခေါ်တယ်။ ဒီ ဒေါက်တာတွေ ဟာ သင်္ကြန် အမြောက် ဒေါက်တာတွေ ဖြစ်ပြီး ''ဒေါက်တာလေ၊ ဒေါက်တာလော၊ ဒေါက်တာလန်''တွေ မဖြစ်အောင် တော့ ထိန်းကြရမယ် ထင်တယ်တဲ့။

ပညာရေး နယ်ပယ်မှာ စေ့စေ့စပ်စပ် လေ့လာ တတ်ကျွမ်းပြီးလို့ ပညာရေးဌာန ကပေးတဲ့ ဒေါက်တာ ကိုတော့ ပညာပေး ဒေါက်တာလို့ ခေါ်တယ်။ ဒေါက်တာကို ဗန်းပြပြီး ငွေမရှာတဲ့၊ ပညာပေးတဲ့ ဒေါက်တာ ဆိုရင်တော့ မြန်မာနိုင်ငံ အတွက် အားရှိတာပေါ့ တဲ့။

ဆေးပညာတွေ သင်ယူလို့ ဆေးပညာ ဌာနက ပေးတဲ့ ဒေါက်တာ ကိုတော့ ကျန်းမာပေး ဒေါက်တာ လို့ ခေါ်တာပေါ့။ ဒီကျန်းမာပေး ဒေါက်တာကတော့ မြန်မာနိုင်ငံမှာ အမြင့်ဆုံး ၊ ငွေအရဆုံး ၊ လူအကြိုက်ဆုံး ဒေါက်တာလို့ ပြောရမှာပေါ့တဲ့။ ဒေါက်တာတွေ အကြောင်း ရပ်ထားပြီး ပညာရေးစနစ် အကြောင်း ဆက်ကြည့်ချင် ပါတယ်။ ဒီနေ့ ပညာရေး ကတော့ နှစ်ခြမ်းကွဲနေတာ သေချာပါပြီ။ အစိုးရ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း တွေဟာ နာမည်ကွဲ သလို ရှေ့ဆက်မယ့် ခရီးကလဲ မတူကွဲပြား ကြတာ အမှန်ပါပဲ။

ဒီအကွဲကို ပြန်ပြီး စေ့အောင် မလုပ်နိုင်သမျှ ပညာရေး စနစ်ဟာ ကောင်းမလာ နိုင်ဘူးဆိုတာ ရဲရဲတင်းတင်း ကို ပြောနိုင်ပါတယ်။ အခမဲ့ကျောင်းက ထွက်တဲ့ အခမဲ့သမား နဲ့ ငွေကျောင်းက ထွက်တဲ့ ငွေသမားနဲ့ ယှဉ်လိုက်ရင် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆိုတာ သိသာ ထင်ရှား သွားပါ လိမ့်မယ်။

ပညာရေး ဥပဒေတွေ၊ စနစ်တွေ၊ ပြဋ္ဌာန်းချက် တွေ ပြုကြ၊ ပြင်ကြ၊ ပြောင်းကြ တာတွေဟာ သူ့ခေတ်သူ့အခါ အရ ကောင်းပါတယ်။ ဒါပေမဲ့လို့ နေစရာ ထိုင်စရာ မဲ့နေကြတဲ့ ပညာရေးဝန်ထမ်း တွေအတွက် နေစရာများ စီစဉ်မပေး နိုင်သေးသမျှ ပြည့်စုံတဲ့ ပညာရေးစနစ် တော့ဖြစ်လာမယ် မထင်ဘူး။ ရှေးလူကြီးတွေ ပြောသလို အိပ်တော့ ဘူတာ၊ စားတော့ ထမင်းဆိုင်၊ သောက်တော့ ရေအိုးစင် ဆိုတာမျိုးတွေ ဖြစ်နေအုံး မှာပဲ။

ဒါကြောင့် အစိုးရနဲ့ ပြည်သူ ပူးပေါင်းပြီး ပညာရေး ဝန်ထမ်းတွေ အတွက် နေစရာတွေ စီစဉ်ပေးကြမယ် ဆိုရင်တော့ ''သားရွှေအိုး ထမ်းလာတဲ့ ကိန်း'' လို့ပင် ဆိုနိုင်ပေအံ့။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page