www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 4, 2016

ကျဆင်းလာသည့် အမေရိကန်၏ ပိတ်ဆို့မှုဆိုင်ရာ စီးပွားရေးလက်နက်



( သင်းအောင် )

အမေရိကန် ပြည်ထောင်စု သည် ပြိုင်ဘက်နိုင်ငံ များအပေါ် စီးပွားရေး လက်နက်ဖြင့် တိုက်ခိုက်ရာတွင် စီးပွားရေး ပိတ်ဆို့မှုကို အထူးအားထား အသုံးပြုခဲ့ သည်။ သို့ရာတွင် အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုတည်း ဟူသော လက်နက် ကြီးသည် ရုရှားနိုင်ငံနှင့် ထိပ်တိုက် တွေ့ဆုံ သည့်အခါ၌ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှု များသည် ထိရောက်မှု နည်းပါးပြီး တစ်ခါတစ်ရံတွင် အန္တရာယ်ဖြစ်စေ တတ်သည့် အကျိုး သက်ရောက်မှုကို ထွက်ပေါ် လာစေ တတ်သည်ဟု အမေရိကန် လုံခြုံရေး စင်တာသစ် က ထုတ်ဝေခဲ့သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အမေရိကန် မူဝါဒ ချမှတ်သူ များသည် ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှု များနှင့် အဓိကရုဏ်း များကို တုံ့ပြန်ရာတွင် ပိတ်ဆို့မှု ချမှတ်ရေးကို ဦးစွာ အသုံးပြုလေ့ ရှိသော်လည်း ယူကရိန်းနိုင်ငံ အရေးတွင် ရုရှားက ပါဝင်စွက်ဖက် နေသည်ဟု အမေရိကန် အစိုးရက စွပ်စွဲပြောကြား ခဲ့ပြီးနောက် ချမှတ်ခဲ့သော စီးပွားရေး ပိတ်ဆို့မှု များသည် ရုရှားအစိုးရ အဖွဲ့အတွင်း မူဝါဒ ပြောင်းလဲလာခြင်း ရှိ၊ မရှိ သုံးသပ်ရာတွင် အမေရိကန် အစိုးရ၏ ပိတ်ဆို့မှုမှာ ထိရောက် အောင်မြင်ခြင်း မရှိသည်ကို လေ့လာသူ များက တွေ့ရှိခဲ့ ကြသည်။

ရုရှားနိုင်ငံ၏ ရပ်တည်ချက် တချို့သည် အမေရိကန် ပြည်ထောင်စု ကိုသာမက ဥရောပရှိ အဓိက မဟာမိတ် နိုင်ငံကြီးများ ကိုပါ ခြိမ်းခြောက်နိုင်သည့် အနေအထား ရှိသည်ဟု အမေရိကန် အစိုးရက ရှုမြင်ထားပြီး ရုရှားအစိုးရ၏ ရပ်တည်ချက်နှင့် မူဝါဒ ပြောင်းလဲလာ စေရန် ဖိအားပေးသည့် အနေဖြင့် အမေရိကန်နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများက ရုရှားနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ခဲ့ ကြသည်။ ချမှတ်ခဲ့သည့် ပိတ်ဆို့မှု များကြောင့် ရုရှား နိုင်ငံသည် လာမည့်နှစ် အနည်းငယ် အတွင်း ပို့ကုန်မှ ရရှိသည့် ဘဏ္ဍာငွေ ယူရို ၉၂ ဘီလီယံ (ဒေါ်လာ ၁ဝ၄ ဘီလီယံ) ဆုံးရှုံးနိုင်ဖွယ် ရှိပြီး အလုပ်သမား ၂ ဒသမ ၂ သန်းခန့် မှာလည်း အလုပ်လက်မဲ့ ဖြစ်လာ နိုင်သည်ဟု သြစတြီးယား စီးပွားရေး ဆိုင်ရာ သုတေသန အဖွဲ့ကြီးက ပြောသည်။

တစ်ချိန်တည်း မှာပင် ရုရှားနိုင်ငံ အပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှု များကြောင့် ယင်းနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံကြီး တစ်နိုင်ငံလည်း ဖြစ်၊ ဥရောပ၏ အင်အားကြီး နိုင်ငံလည်း ဖြစ်သည့် ဂျာမနီနိုင်ငံ အတွင်းရှိ လုပ်သား ၄ဝဝဝဝဝ ခန့်မှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

အလားတူ ရုရှားနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ စတင်ချမှတ် ခဲ့သည့် ၂ဝ၁၄ ခုနှစ်မှစ၍ အီတလီ နိုင်ငံသည် အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ပမာဏရှိ ပို့ကုန်များ ရပ်တန့်ခဲ့ ရပြီဖြစ်သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု အတွင်းရှိ စွမ်းအင်ကုမ္ပဏီ ကြီးများသည် ရုရှားနိုင်ငံ အစိုးရနှင့် ချုပ်ဆိုခဲ့သည့် ဖက်စပ်စီမံကိန်း များကို ရပ်ဆိုင်း လိုက်ရသောကြောင့်ဒေါ်လာ ဘီလီယံပေါင်း များစွာ ဆုံးရှုံးခဲ့သည်။

ထို့နည်းတူ အမေရိကန် ဘဏ်များသည် အစိုးရ၏ ပိတ်ဆို့မှုကြောင့် ပိုင်ဆိုင်မှု ထိန်းချုပ်ခံထား သော ရုရှားနိုင်ငံသား များ၏ ဘဏ်စာရင်း များကို စောင့်ကြည့်ရန် ကျွမ်းကျင်သူများကို ထပ်မံငှားရမ်းခဲ့ ရသည်။ စီးပွားရေး
ပိတ်ဆို့မှုသည် တစ်နည်း အားဖြင့် ရုရှား နိုင်ငံအတွက် တွန်းအားကို ဖြစ်ပေါ်စေခဲ့သည်။ ပိတ်ဆို့မှုအရ ရုရှားနိုင်ငံ အတွင်းသို့ ဥရောပနိုင်ငံ များမှ စားသောက်ကုန် ပစ္စည်းများ ဝင်ရောက် လာခြင်း မရှိသောကြောင့် ရုရှားကုမ္ပဏီ များသည် ဥရောပ ကုန်ပစ္စည်းနှင့် စားသောက်ကုန်များ နေရာတွင် ပြည်တွင်းဖြစ် စားသောက်ကုန် များကို အစားထိုး လာခဲ့ကြသည်။

ထို့ကြောင့် ရုရှားနိုင်ငံအတွင်း ကြက်သားနှင့် ကြက်ဥစားသုံးမှု ပိုမိုမြင့်တက် လာခဲ့ရာ ရုရှား မွေးမြူရေးခြံများ အနေဖြင့် ဝင်ငွေပိုမို တိုးတက် လာခဲ့သည်။ အလားတူ ရုရှား အစိုးရသည် ဥရောပသမဂ္ဂ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများမှ ဒိန်ခဲကို တင်သွင်း၍ နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။ တစ်ချိန်တည်း မှာပင် ရုရှား အစိုးရသည် ၄င်းတို့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို တုံ့ပြန်သည့် အနေဖြင့် တန်ပြန် ပိတ်ဆို့မှုများကို ချမှတ်ခဲ့သည်။ ယင်းတန်ပြန် ပိတ်ဆို့မှု၏ အဓိက ရည်ရွယ်ချက်မှာ ဥရောပ နိုင်ငံများမှ ထုတ်ကုန်များကို နိုင်ငံအတွင်းသို့ တင်သွင်း ခွင့်ပိတ်ပင် ခဲ့ခြင်းဖြစ်သည်။

ရုရှားအစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်သည် ဥရောပ နိုင်ငံအား များစွာ အထိနာစေခဲ့ပြီး ယင်းနိုင်ငံများရှိ စိုက်ပျိုးရေး ကဏ္ဍမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ ရသည်။ အကယ်၍ အမေရိကန် ပြည်ထောင်စု အနေဖြင့် ရုရှားနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ကို ကျဉ်းထဲကျပ်ထဲ ရောက်စေရန် အဓိက ပစ်မှတ်ထား၍ လုပ်ဆောင်မည် ဆိုပါက နည်းလမ်းတစ်ရပ် ရှိနေသည်။ ယင်း နည်းလမ်းမှာ ဘဏ္ဍာရေး၊ တယ်လီဖုန်း နှင့် ကြေးနန်း ဆက်သွယ်ရေး ဆိုင်ရာ ငွေပေးချေမှု စနစ် ( Society for Worldwide Interbank Financial Telecommunication - SWIFT) အတွင်းသို့ ရုရှားဗဟိုဘဏ် က ဝင်ရောက်နိုင်မည့် လမ်းကြောင်းကို ပိတ်ပစ်ရန်ပင် ဖြစ်သည်။ သို့သော် စဉ်းစားစရာ တစ်ချက်ရှိသည်။ အကယ်၍ အမေရိကန် အစိုးရက ယင်းနည်းလမ်းကို အသုံးပြု၍ ရုရှားဘဏ္ဍာရေး စနစ်ကို ချည့်နဲ့စေရန် ကြိုးပမ်းလာပါက ရုရှားအစိုးရ အနေဖြင့် ငွေပေးချေမှု စနစ်တစ်ခု ဖန်တီးရန် ဘရာဇီး၊ ရုရှား ၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံတို့ ပါဝင်သည့် Brazil, Russia, India, China and South Africa - BRICS အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန် အစိုးရက ဦးဆောင်ချမှတ် ခဲ့သည့် ပိတ်ဆို့မှု များသည် နှစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း ရုရှားနိုင်ငံအပေါ် ဆိုးရွားသည့် အကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း မရှိ သည့်အပြင် ရုရှားနိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်များနှင့် ကုန်သွယ်မှု မပြုလုပ်ဘဲ ရပ်တည် သွားနိုင်သည်ကို သက်သေပြလျက် ရှိသည်ဟု နာမည်ကျော် Forbes မဂ္ဂဇင်းကြီးမှ ဆောင်းပါးရှင်နှင့် နိုင်ငံရေး သုံးသပ်သူ ကန်းနက်ရာပိုဇာ က ပြောသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံ တို့အကြား ဆက်ဆံရေးသည် ခရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံက ပြန်လည် ပေါင်းစည်းခဲ့သည့် ၂ဝ၁၄ ခုနှစ် နောက်ပိုင်းမှ စ၍ ယိုယွင်းလာခဲ့ခြင်း ဖြစ်ပြီး ရုရှားအစိုးရ၏ လုပ်ဆောင်ချက် များနှင့် စပ်လျဉ်း၍ ဖိအား ပေးနိုင်ရန် အမေရိကန် ပြည်ထောင်စု အပါအဝင် ဥရောပနိုင်ငံ များက ရုရှားနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ၊ ဘဏ်လုပ်ငန်း များနှင့် ကာကွယ်ရေး ကဏ္ဍများအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာမှ ၄င်းတို့အကြား ဆက်ဆံရေးမှာ အဆိုးရွားဆုံး အခြေအနေ သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံ များက ရုရှားအစိုးရအား ဖိအားပေးရန် ချမှတ်ခဲ့သည့် ပိတ်ဆို့မှု များသည် ရုရှားနိုင်ငံနှင့် ယင်းနိုင်ငံ အတွင်းရှိ ထိပ်တန်း နိုင်ငံရေးသမား များ၏ စီးပွားရေးကို ထိခိုက်ကျဆင်းေ စမည်ဟု ယူဆခဲ့ကြသည်။

သို့သော် ရုရှားနိုင်ငံသား များ၏ စိတ်တွင် အနောက်နိုင်ငံ များက ချမှတ်ခဲ့သော ပိတ်ဆို့မှုများမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် အပေါ် ချမှတ်ခဲ့ခြင်း မဟုတ်ဘဲ ရုရှားနိုင်ငံသား များနှင့် နိုင်ငံအပေါ် သို့သာ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ရှုမြင်ထား ကြသည်။ ထို့ပြင် နိုင်ငံအပေါ် ချမှတ်ခဲ့သည့် အနောက်နိုင်ငံ များ၏ ပိတ်ဆို့မှုကြောင့် ရုရှားနိုင်ငံသား များသည် ပိတ်ဆို့မှု ခံရပြီးချိန်မှ စ၍ ယခင်ကထက် ပိုမိုစည်းလုံး ညီညွတ်လာကြ သည့်အပြင် ယူကရိန်းနိုင်ငံ အပေါ် ထားရှိသော ရုရှားအစိုးရ၏ မူဝါဒကိုပါ ထောက်ခံလာ ကြသည်။

တစ်ချိန်တည်း မှာပင် ရုရှားနိုင်ငံ အပေါ် ချမှတ်ခဲ့သော စီးပွားရေး ပိတ်ဆို့မှုများနှင့် စဉ်းလျဉ်း၍ အမေရိကန် အပါအဝင် အနောက်နိုင်ငံ များသည် ယခုအခါ ဥရောပရှိ စီးပွားရေး လုပ်ငန်းရှင်များ၏ ဝေဖန် တိုက်ခိုက်မှုကို ခံရလျက်ရှိသည်။ ဂျာမနီ နိုင်ငံသား ၃၅ ရာခိုင်နှုန်း ကလည်း ရုရှားနိုင်ငံ အပေါ်ချမှတ် ထားသည့် ပိတ်ဆို့မှုကို ဖယ်ရှားပစ်ရန် ဂျာမနီအစိုးရထံ တောင်းဆိုခဲ့ ကြသည်။

ထို့ကြောင့် ပိတ်ဆို့မှုကို စီးပွားရေး လက်နက်တစ်ခု သဖွယ် တစိုက်မတ်မတ် အသုံးပြုလာသည့် အမေရိကန် ပြည်ထောင်စု အနေဖြင့် ရုရှားနိုင်ငံနှင့် ရင်ဆိုင်ရာတွင် ယင်း လက်နက် အသုံးပြု နေခြင်းကို ရပ်တန့်၍ တခြားနည်းလမ်း တစ်ရပ်ကိုသာ ရှာဖွေသင့်ကြောင်း ရေးသားလိုက်ရ ပေသည်။



မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger