www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 23, 2016

ကာကွယ်ရေး နှင့် လုံခြုံရေးကဏ္ဍများတွင် အရေးပါလာမည့် အိုဘားမား ၏ အာရှခရီးစဉ်



( သင်းအောင် )

မေ ၂၂ ရက် နှောင်းပိုင်းတွင် သွားရောက်သည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား ၏ အာရှ ခရီးစဉ်သည် အမေရိကန် ပြည်ထောင်စုနှင့် ဒေသတွင်း မဟာမိတ်နိုင်ငံ များအကြား လုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် အရေးပါ လာမည့် အလားအလာများ ထွက်ပေါ်ရန် ရှိနေသည်။ အိုဘား မား သည် ဂျပန်နိုင်ငံ၌ မေ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပမည့် G-7 ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ပြီး ယင်း ဆွေးနွေးပွဲ မတိုင်မီ မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဗီယက်နမ်သို့ သုံးရက်ကြာ ဝင်ရောက် လည်ပတ်ရန် စီစဉ်ထားသည်။ ဗီယက်နမ်သို့ ရောက်ရှိစဉ် အိုဘားမား သည် ဟနွိုင်းနှင့် ဟိုချီမင်းစီးတီး သို့ သွားရောက်ရန် မျှော်မှန်း ထားသည်။ 

အိုဘားမား ၏ အာရှ ခရီးစဉ်သည် အမေရိကန် ပြည်ထောင်စုနှင့် ဒေသတွင်း အာရှနိုင်ငံများ အကြားရှိ ကာကွယ်ရေး ပူးပေါင်းမှုကို တိုးမြင့် လာစေရုံ သာမက အာရှ-ပစိဖိတ် ဒေသနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက ချမှတ်ခဲ့သည့် ကတိကဝတ် များကို ပိုမိုထင်ရှား လာစေမည် ဖြစ်သည်။

အာရှဒေသတွင်း အင်အား ချိန်ခွင်လျှာ ညီမျှရေး ဦးတည်ချက် သည် သမ္မတ အိုဘားမား ၏ နိုင်ငံခြားရေး မူဝါဒနှင့် စီးပွားရေး မူဝါဒများအနက် အဓိကကျသည့် မဟာ ဗျူဟာမြောက် ဦးတည်ချက် တစ်ရပ်လည်း ဖြစ်သည်။ အိုဘားမား၏ မကြာမီ ပြုလုပ်မည့် အာရှခရီးစဉ်နှင့် စပ်လျဉ်း၍ သုံးသပ်မည် ဆိုပါက အောက်ပါ အချက်များကို တွေ့မြင် နိုင်ပါသည်။

အဏုမြူဗုံးဒဏ်သင့် မြို့တော်သို့ သွားရောက် လည်ပတ်သည့် ပထမဆုံးသော အမေရိကန်သမ္မတ

အိုဘားမား သည် ဒုတိယကမ္ဘာ စစ်ကြီး အတွင်းက အမေရိကန်တို့၏ အဏုမြူဗုံး ဒဏ်ကို မချိမဆံ့ ခံခဲ့ရသည့် ဟီရိုရှီးမားမြို့ သို့ သွားရောက်ရန် စီစဉ်ထား သောကြောင့် ၄င်းသည် အဆိုပါမြို့သို့ အမေရိကန် အစိုးရက အဏုမြူ  ဗုံးကြဲချ ခဲ့ပြီးနောက် ၇၂ နှစ် နီးပါးအကြာ တွင် ပထမဆုံး အကြိမ် သွားရောက်ခဲ့သည့် ပထမဆုံးသော အမေရိကန် သမ္မတအဖြစ် သမိုင်းတွင် လာမည် ဖြစ်သည်။

ထို့ပြင် အိုဘားမားသည် ယင်းမြို့ရှိ ငြိမ်းချမ်းရေး အထိမ်းအမှတ် အဆောက်အအုံ တွင် ပန်းခွေချရန် စီစဉ်ထားသည်။ သို့ရာတွင် အဏုမြူဗုံး ကြဲချခဲ့မှုနှင့် စပ်လျဉ်း၍ တောင်းပန်စကား ပြောကြားမည် မဟုတ်ပေ။ ဂျပန်နိုင်ငံ ရှိ အသက်မသေဘဲ ကျန်ရှိခဲ့သော အဏုမြူ ဗုံးဒဏ်သင့် ပြည်သူများက မြို့အတွင်းသို့ ဗုံးကြဲချမှုနှင့် ပတ်သက်၍ ပြန်လည် တောင်းပန်ရန် အမေရိကန် အစိုးရကို အစောပိုင်းက တောင်းဆို ထားသည်။ အိုဘားမား ၏ ဟီရိုရှီးမား ခရီးစဉ်အတွင်း လေ့လာသူ များက စောင့်ကြည့် နေသည့် အချက်တစ်ချက် ရှိသည်။ ယင်းမှာ တခြားမဟုတ်၊ အဏုမြူဗုံး ဒဏ်သင့်ခဲ့ သော်လည်း အသက်မသေဘဲ ကျန်ရစ်သူများကို အိုဘားမား အနေဖြင့် လက်ခံ တွေ့ဆုံမည်၊ မတွေ့ဆုံမည် ဟူသော အချက်ပင် ဖြစ်သည်။

ဗီယက်နမ်အပေါ် ချမှတ်ထားသည့် လက်နက်ရောင်းဝယ်ရေး ပိတ်ပင်မှု

အိုဘားမားသည် ဗီယက်နမ်သို့ ရောက်ရှိစဉ် ယင်းနိုင်ငံ အပေါ်ချမှတ် ထားသည့် လက်နက် ရောင်းဝယ်ရေး ပိတ်ပင်မှုကို ဖြေလျှော့ ပေးမည့် အလားအလာ ရှိသည်။ အမေရိကန် ပြည်ထောင်စု သည် ဗီယက်နမ် နိုင်ငံ၏ ရေကြောင်း လုံခြုံရေး အတွက် လိုအပ်သည့် လက်နက်များ ဝယ်ယူရန် ၂ဝ၁၄ ခုနှစ် အတွင်းက အဆိုပါ ပိတ်ပင်မှုကို အနည်းငယ် ဖြေလျှော့ပေး ခဲ့သည်။ သို့ရာတွင် လက်နက်ကိုင် တပ်များ၌ အသုံးပြုရန် လက်နက်ပစ္စည်း အကြီးစားများကို ဆက်လက် ပိတ်ပင် ထားသည်။ အကယ်၍ အမေရိကန် အစိုးရက အဆိုပါ လက်နက် ရောင်းဝယ်ရေး ပိတ်ပင်မှုကို အပြည့်အဝ ဖြေလျှော့ပေးမည် ဆိုပါက ဗီယက်နမ်နှင့် အမေရိကန် ပြည်ထောင်စု တို့အကြား ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေးမှာ ပိုမိုတိုးတက် လာမည့်အပြင် အမေရိကန် အစိုးရ အနေဖြင့် ဗီယက်နမ် နိုင်ငံ အတွင်းရှိ ဆိပ်ကမ်းများကို အသုံးပြု လာနိုင်မည် ဖြစ်သည်။ ထို့ပြင် တင်းမာမှုများ မြင့်တက်လာခဲ့ ပါက အမေရိကန် အစိုးရ အနေ ဖြင့် တောင်တရုတ် ပင်လယ် အစပ်တွင် ရှိသည့် ဗီယက်နမ်ပိုင် Cam Ranh ပင်လယ်အော် ကိုပါ အသုံးပြု၍ ရေကြောင်း စစ်ဆင်ရေး များကို ထိရောက်စွာ လုပ်ဆောင် နိုင်ရန် ရှိသည်။ သို့သော် ဗီယက်နမ် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များက အမေရိကန် နှင့် ဗီယက်နမ် နိုင်ငံတို့ အကြားရှိ စစ်ဘက် ဆက်ဆံရေးကို အဟန့်အတား ပြုနေသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားသည့် ကျန်ရှိ နေသေးသော ပိတ်ပင်မှု များကို ပြန်လည် ရုပ်သိမ်းသင့်၊ မသင့်ကို အိုဘားမားက ယင်းနိုင်ငံသို့ ရောက်ရှိစဉ် အဆိုပါ နိုင်ငံမှ အစိုးရအဖွဲ့ နှင့် ဆွေးနွေး သွားရန် ရှိသည်။

တောင်တရုတ်ပင်လယ် အတွင်း တရုတ်နိုင်ငံက သြဇာသုံးနေခြင်း

တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပွားနေသည့် ရေပိုင်နက် အငြင်းပွားမှု သည် ဗီယက်နမ် နိုင်ငံသို့ အိုဘားမား ရောက်ရှိစဉ် ဆွေးနွေးမည့် အဓိက အကြောင်းအရာ တစ်ရပ်ဖြစ်လာ နိုင်သည်။ အမေရိကန် အစိုးရသည် တောင်တရုတ် ပင်လယ်အတွင်း တရုတ် အစိုးရက ကျွန်းတုများ တည်ဆောက် နေခြင်းနှင့် စပ်လျဉ်း၍ အလွန် စိုးရိမ်မကင်း ဖြစ်နေသည်။ ထို့ပြင် တရုတ်နိုင်ငံ သည် အဆိုပါ ကျွန်းတုများအား စစ်ရေးအတွက် အသုံးပြုရန် လုပ်ဆောင် နေသည်ဟု အမေရိကန် အစိုးရ က တထစ်ချ ယူဆနေသည်။ တရုတ်နိုင်ငံ နှင့် ရေပိုင်နက် အငြင်းပွား နေသည့် နိုင်ငံများတွင် ဗီယက်နမ် နိုင်ငံကလည်း တစ်နိုင်ငံ အဖြစ် ပါဝင်လျက် ရှိသောကြောင့် ဗီယက်နမ် နိုင်ငံ အပေါ် နှစ်ပေါင်း ၃ဝ နီးပါးကြာ ချမှတ်ထား သည့် လက်နက် ရောင်းဝယ်ရေး ပိတ်ပင်မှုကို ဖြေလျှော့ပေး လိုက်ခြင်းသည် ယင်းနိုင်ငံ၏ ကာကွယ်ရေး အင်အားကို များစွာ တိုးချဲ့နိုင်မည့် အပြင် တရုတ်နိုင်ငံ၏ အင်အားကို တန်ပြန်နိုင်မည် ဖြစ်သောကြောင့် ယင်း အစီအစဉ် သည် ဗီယက်နမ် အတွက် သာမက အမေရိကန် အစိုးရ အတွက်ပါ များစွာ အထောက်အကူ ဖြစ်စေမည်ဟု ကျွမ်းကျင်သူ များက သုံးသပ်ထားသည်။

ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှု ပူးပေါင်းအဖွဲ့ (TPP)

အိုဘားမား၏ ဗီယက်နမ် ခရီးစဉ်တွင် ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှု ပူးပေါင်းအဖွဲ့ (TPP) ၏ လုပ်ဆောင်ချက် များကို မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေး သွားမည်ဖြစ်သည်။ TPP ၏ လုပ်ဆောင်မှုကို တိုးမြှင့်ရန် ကြိုးပမ်းခြင်းသည် သမ္မတ အိုဘားမား ၏ အာရှ ဗဟိုပြုရေး မဟာဗျူဟာ ၏ တစ်စိတ်တစ်ဒေသ တစ်ခုဖြစ်သည်။ ထို့ပြင် အဆိုပါ ကုန်သွယ်မှု ပူးပေါင်းအဖွဲ့ တိုးမြှင့် လုပ်ဆောင်ခြင်း အားဖြင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် ဒေသအတွင်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ထိန်းချုပ် ကန့်သတ် လာနိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့် အိုဘားမား၏ အာရှ ခရီးစဉ်သည် အမေရိကန် ပြည်ထောင်စုနှင့် ဗီယက်နမ်နှင့် ဂျပန်နိုင်ငံ တို့ကဲ့သို့ ဒေသတွင်း မဟာမိတ်နိုင်ငံ များအကြား လုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍများ၌ များစွာ အထောက်အကူ ပြုလာနိုင်ရုံ သာမက စစ်အင်အား ကြီးထွားလာသည့် တရုတ်နိုင်ငံ ကိုပါ တန်ပြန်ရာတွင် အရေးပါလာမည့် အလားအလာများ ထွက်ပေါ်လာလျက် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger