www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, May 21, 2016

မြွေဆိပ်ဖြေဆေးစက်ရုံသစ် နှင့် ဆေးဝါးသိုလှောင်ရုံ ဖွင့်လှစ်


မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံသစ်နှင့် ဆေးဝါးကုန်ကြမ်း ၊ ကုန်ချောသိုလှောင်ရုံ တို့ကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၁-၅-၂၀၁၆

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) ၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံသစ်နှင့် ဆေးဝါးကုန်ကြမ်း၊ ကုန်ချော သိုလှောင်ရုံ တို့ကို ယမန်နေ့ နံနက်ပိုင်း တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ စက်ရုံတွင် နှစ်စဉ် မြွေဆိပ်ဖြေဆေး အလုံး ၁ဝဝဝဝဝ ထုတ်လုပ် သွားနိုင်မည် ဖြစ်ပြီး မြွေပွေး အဆိပ်ဖြေဆေး ၈၅ဝဝဝ လုံး၊ မြွေဟောက် အဆိပ်ဖြေဆေး ၁၅ဝဝဝ လုံး ထုတ်လုပ် သွားမည်ဖြစ်ကာ ဝေးလံ ခေါင်းပါးသော ဒေသများ၌ အသုံးပြု နိုင်ရန်အတွက် သာမန် အခန်းအပူချိန် တွင် သိမ်းဆည်းထား နိုင်မည့် စနစ်ဖြင့် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေး စက်ရုံ အနေဖြင့် ၁၉၆၅ ခုနှစ်မှ စတင်၍ မြွေဆိပ်ဖြေဆေး များကို ထုတ်လုပ်ခဲ့ပြီး ယခုအခါတွင် မြင်းသွေး ရည်ကြည် မှ မြွေဆိပ်ဖြေဆေး သန့်စင်ခြင်း နှင့် ပြင်းအား မြှင့်တင်ခြင်း၊ ဆေးဝါး ဖြည့်တင်းခြင်း များအား WHO ၏ GMP စနစ်နှင့်အညီ ဆောင်ရွက် နိုင်ရန်အတွက် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မည့် စက်ပစ္စည်း များအား ဂျာမနီနိုင်ငံ Bausch & Strobel နှင့် Sartorius ကုမ္ပဏီများမှ ထုတ်လုပ်သော စက်ပစ္စည်းများကို တပ်ဆင်ပြီး ပြည်တွင်းမှ လိုအပ်သည့် မြွေဆိပ်ဖြေဆေး များကို ဖြည့်တင်း သွားမည် ဖြစ်သည်။

''ယခင်က ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ တို့က မြွေဆိပ်ဖြေဆေး တွေကို မှာယူသုံးစွဲ ခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံအတွင်း မှာက မြွေမျိုးစိတ် ကွဲပြားမှုကြောင့် ဆေးသုံးစွဲရာမှာ အာမခံချက် မရရှိဘူး။ ယခုကတော့ ပြည်တွင်းမှာ ထုတ်လုပ်ပြီး သုတေသန ပြုလုပ်ထားတဲ့ ဆေးဝါးတွေ ဖြစ်တဲ့အတွက် အာမခံချက် ရှိပြီး ပိုမိုထုတ်လုပ် ရရှိတဲ့ ဆေးဝါးတွေကို မြွေဆိပ်ဖြေဆေး မထုတ်လုပ် နိုင်သေးတဲ့ နီပေါ၊ ဘူလ်တန်၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို တင်ပို့ရောင်းချ နိုင်ဖို့ အတွက်လည်း စီစဉ်ထား တယ်'' ဟု မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်)မှ စက်ရုံမှူး ဦးကိုကိုအောင် က ပြောသည်။

ယခု ဖွင့်လှစ်သည့် ဆေးဝါး ကုန်ကြမ်း၊ ကုန်ချော သိုလှောင်ရုံ သည် ဆေးဝါးတန်ချိန် ၄ဝဝဝ ကျော်ကို သိုလှောင် သိမ်းဆည်းထား နိုင်ပြီး ကွန်ပျူတာ စနစ်ဖြင့် ထိန်းချုပ် ထားသောကြောင့် Robotic Crane များအား အသုံးပြုပြီး ထုပ်ပိုး ပစ္စည်းများအား သတ်မှတ် ထားသော နေရာများသို့ အလိုအလျောက် သိမ်းဆည်း ပေးခြင်း၊ သိမ်းဆည်း ထားသော နေရာမှ အလို အလျောက် ထုတ်ပေးခြင်း တို့ကို ဆောင်ရွက် ပေးနိုင်သည့် ဂျပန်နိုင်ငံ Daifuku ကုမ္ပဏီ၏ Double Deep Lane System တို့ကို အသုံးပြု ထားသည်။

ထို့ပြင် ဆေးဝါး  ကုန်ကြမ်းနှင့် ထုပ်ပိုးမှု များကို Batch အလိုက် First in First အောက် စနစ်နှင့်အညီ သိမ်းဆည်း ထားနိုင်ရန်နှင့် သိမ်းဆည်း ထားသည့် ဆေးဝါးပစ္စည်း များ၏ လက်ကျန် စာရင်းအား လျင်မြန်စွာ ကြည့်ရှုစစ်ဆေး နိုင်ရန် Warenavi Software တပ်ဆင်ထားပြီး ဆေးဝါး သိုလှောင်ရေး အခန်းများ၏ အပူချိန်နှင့် စိုထိုင်းဆ တို့အား ထိန်းညှိပေး နိုင်သည့်စနစ် များလည်း အသုံးပြု ထားကြောင်း သိရသည်။

အင်းစိန် ဆေးဝါးစက်ရုံကို ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက်က စတင်ဖွင့်လှစ် ခဲ့ပြီး စက်ရုံ၏ အဆောက်အအုံ များကို EVAMS MEDICAL SUPPLIES Ltd., Liverpool, England မှ ဆောက်လုပ် ပေးခဲ့ပြီး ယခုဆေးဝါး စက်ရုံသစ်နှင့် သိုလှောင်ရုံအား Kyaw Thar ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေး ခဲ့ကြောင်း သိရသည်။

ကောင်းစစ်နိုင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger