www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 20, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၀-၅-၂၀၁၆

ငြိမ်းချမ်းရေး ရရှိရန် ရှည်လျားပြီး ရှုပ်ထွေးလှသည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံစွာ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ခြင်းကြောင့် လက်ရှိ အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ယခင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ ကာလတွင် ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်မှုများ လုပ်ဆောင် ခဲ့ခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နှင့် NCA လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် အဖွဲ့ခုနစ် ဖွဲ့ကိုလည်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများတွင် အပြီးသတ်ပါဝင် ဆွေးနွေးနိုင်ရေး အတွက် NCA လက်မှတ် ရေးထိုးရေး ဆက်လက်ကြိုးပမ်း သွားရမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ယခု ဒုတိယသက်တမ်း ကာလအတွင်း ငြိမ်းချမ်းရေး ပြီးမြောက် စေလိုကြောင်း တိုက်တွန်း ထားကြောင်း၊ အစိုးရ၏ မူဝါဒအရ ၂၁ ရာစု ပင်လုံညီလာခံ စနစ်တကျ အောင်မြင်ရေး၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် H.E.Mr.Sun Guoxiang အား ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့တက်ရောက် ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် H.E.Mr.Sun Guoxiang နှင့်တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ-တရုတ် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး၊ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အခြေအနေ များနှင့် ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်ရန်များ၊ ပါတီစုံ ဒီမိုကရေစီ စနစ်၏ ပထမသက်တမ်း ကာလ အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေများ၊ ဒုတိယ သက်တမ်းကာလ အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး နှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် လုပ်ဆောင်နေမှု အခြေအနေ များနှင့် တပ်မတော် မှ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေ များ၊ လက်ရှိ သွားနေသည့် နိုင်ငံရေးစနစ် အရနိုင်ငံရေး လုပ်ဆောင်ချက် အားလုံးကို ငြိမ်းချမ်းသည့် နည်းဖြင့်သာ ဖြေရှင်း လုပ်ဆောင်ရမည် ဖြစ်၍ လက်နက်ကိုင် လမ်းစဉ်နှင့် ပတ်သက်သည့် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ကို အလေးထား လိုက်နာရန် လိုအပ်မှုနှင့် ခွင့်ပြုထားသည့် သတ်မှတ် နေရာများ ကျော်လွန် လှုပ်ရှားမှု များကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရသည့် အခြေအနေများ၊ တပ်မတော် အနေဖြင့် လက်နက်ကိုင ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းစေရေး အတွက် လိုလားပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အားလုံးသိရှိ နားလည်အောင် ရှင်းလင်း ပြောကြား၍ ယုံကြည်မှု တည်ဆောက် နိုင်မည့် အခွင့်အလမ်းကို အသုံးချ နိုင်ရေးတို့ အား ရှင်းလင်း ပြောကြားသည်။

ဧည့်သည်တော်မှ မိမိတို့နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးသည် တစ်ဖက်နှင့် တစ်ဖက် နားလည်မှု၊ လေးစားမှု၊ အကူအညီ ပေးမှုဆိုသည့် အခြေခံအုတ်မြစ် ပေါ်တွင် ရပ်တည်ထား ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ နိုင်ငံရေး မည်သို့ပင် ပြောင်းလဲ စေကာမူ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး၊ တပ်မတော် နှစ်ရပ်ကြား ခိုင်မြဲသည့် ဆက်ဆံရေးများ မပြောင်းလဲ နိုင်ပါကြောင်း၊ မြန်မာနိုင်ငံ ပြည်သူလူထု က မိမိနိုင်ငံ အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းကို ရွေးချယ်မှု ကိုလည်း ထောက်ခံ ပါကြောင်း ပြန်လည် ပြောကြား၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ သဘောထား ရပ်တည်ချက်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ကူညီ ဆောင်ရွက်ပေးမှု အခြေအနေ များ၊ ဆက်လက် လုပ်ဆောင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရေး ခရီးစဉ်များ၊ နည်းပညာပိုင်း နှင့် လေ့ကျင့်ရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် တို့သည် အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger