www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 13, 2016

ရုရှားအစိုးရကို အမျက်ဒေါသထွက်စေမည့် ရိုမေးနီးယား မှ အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ်





( သင်းအောင် )

ဗဟိုဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ရိုမေးနီးယားနိုင်ငံ ၌ မေ ၁၂ ရက်တွင် စတင် အသုံးပြုတော့မည့် အမေရိကန် ဒုံးကျည် ကာကွယ်ရေးစနစ် တစ်ခုသည် အမေရိကန် ပြည်ထောင်စု အတွက် ကြိုဆို အားရဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနိုင် သော်လည်း ရုရှားအစိုးရကို အကြီးအကျယ် အမျက်ဒေါသ ထွက်စေမည့် လုပ်ဆောင်ချက် တစ်ရပ်အဖြစ် ထွက်ပေါ် လာခဲ့သည်။ အမေရိကန် အစိုးရသည် SM-2 အမျိုးအစား ဒုံးကျည်ကာကွယ်ရေး စနစ်၏ ဒုံးပစ်စင် တစ်ခုကို ရိုမေးနီးယားနိုင်ငံ တောင်ပိုင်း ဒီဗက်စလူးမြို့ ရှိ ဒုံးကျည်စခန်း ၌ ဖြန့်ကြက် ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ ရည်ရွယ်ချက်မှာ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ရိုမေးနီးယား အား တာတိုပစ်နှင့် တာလတ်ပစ် ဒုံးကျည်များ၏ အန္တရာယ်မှ ကာကွယ်ရန် ဖြစ်သည်။

သို့သော် အဆိုပါ ဒုံးကျည်စနစ် ဖြန့်ကြက်ချထား မှုနှင့် စပ်လျဉ်း၍ ရုရှားအစိုးရက အမေရိကန် ပြည်ထောင်စုနှင့် မတူဘဲ ကွဲပြား ခြားနားစွာ ရှုမြင်သုံးသပ် ထားသည်။ အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့က ဥရောပတိုက်ရှိ အဖွဲ့ဝင်နိုင်ငံ များအတွင်း စစ်လက်နက် နှင့် စစ်သည်အင်အား တိုးမြှင့်ဖြန့်ချ ထားခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေး ကို ခြိမ်းခြောက် လာခြင်းဖြစ်သည် ဟု ရုရှားအစိုးရက ယူဆထားသည်။ ရိုမေးနီးယား နိုင်ငံ၌ ဖြန့်ကြက်ချထား ခဲ့သည့် ဒုံးကျည် ကာကွယ်ရေး စနစ်သည် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် ကာကွယ်ရေး စွမ်းရည်ကို လျော့ပါးစေရန် ရည်ရွယ်ခဲ့ခြင်း မရှိဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဖရန့်ရို့စ် က ဘူခါရက်စ်မြို့တော် ၌ မေ ၁၁ ရက်က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

သို့သော် နေတိုးတပ်ဖွဲ့က တိုးမြှင့် လုပ်ဆောင် လာခဲ့သော ကာကွယ်ရေး ဆိုင်ရာ လုပ်ဆောင်ချက် များကြောင့် ရုရှားအစိုးရ အဖွဲ့တွင် ဖြစ်ပေါ်နေသည့် သံသယမှာ တစ်စထက် တစ်စ ကြီးထွားလာလျက် ရှိသည်။နေတိုးတပ်ဖွဲ့သည် ဘောလ်တစ် ဒေသရှိ အဖွဲ့ဝင်နိုင်ငံ များနှင့် ပိုလန်နိုင်ငံတို့ ၌လည်း စစ်ရေးပါဝင် နေခြင်းကို တိုးမြှင့် ရန်လုပ်ဆောင်လျက် ရှိသောကြောင့် ရုရှားအစိုးရက နေတိုးတပ်ဖွဲ့၏ လုပ်ဆောင်ချက် ကို တန်ပြန်နိုင်ရေး အတွက် ၄င်းတို့၏ အနောက်ဘက် နယ်စပ်တွင် စစ်သည် အင်အား ထပ်မံဖြန့်ချရန် စီစဉ်ခဲ့ရသည်။

ထို့ပြင် ရုရှားနိုင်ငံသည် ကာလင်နီဂရက် မြို့ရှိ ၄င်းတို့၏ ရေတပ် အခြေစိုက်စခန်းမှ ရေမိုင် ၇ဝ အကွာတွင် လှည့်လည် လှုပ်ရှားနေသည့် USS Donald Cook အမည်ရှိ ပဲ့ထိန်းဒုံးတပ် အမေရိကန် စစ်သင်္ဘော၏ လုပ်ဆောင်မှု များကို စစ်ဆေးရန် စစ်လေယာဉ် များကိုပါ စေလွှတ်ခဲ့သည်။ ထို့ကြောင့် အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့၏ လုပ်ဆောင်မှု များသည် ယခင် ဆိုဗီယက် ပြည်ထောင်စု (ယခု ရုရှား)၏ နယ်မြေများကို နာဇီဂျာမနီ တို့က ဒုတိယ ကမ္ဘာစစ်အတွင်း ဝိုင်းရံထားသည့် အခြေအနေ မျိုးကို ရုရှား အစိုးရအား ပြန်လည် အမှတ်ရ စေမည်ဖြစ် သည်ဟု နယူးယောက် တက္ကသိုလ်နှင့် ပရင်စတန် တက္ကသိုလ်မှ ရုရှားရေးရာ အထူး ကျွမ်းကျင်သူ ပါမောက္ခ စတီဖင်အက်ဖ် ကိုဟင် က ထောက်ပြ ထားသည်။

ထို့ပြင် နေတိုး တပ်ဖွဲ့သည် ၄င်းတို့၏ စစ်အင်အားကို ရုရှားနိုင်ငံနှင့် နီးကပ်စွာ ဖြန့်ကြက် ထားသော်လည်း ရုရှားနိုင်ငံ အနေဖြင့် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများအပေါ် ခြိမ်းခြောက်မှု ပြုလုပ်သည်ဟု ဆိုနိုင်သည့် လုပ်ဆောင်ချက် များကို ပြုလုပ်နေခြင်း မရှိဟု စတီဖင်အက်ဖ် ကိုဟင် က ထပ်လောင်း ပြောကြားသည်။

သို့ရာတွင် အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့ အနေဖြင့် ထောက်ပြစရာ အချက်တစ်ချက် ရှိနေသည်။ ယင်းမှာ ရုရှား အစိုးရက ယူကရိန်းနိုင်ငံမှ ခရိုင်းမီးယား ဒေသကို နိုင်ငံ၏ ပိုင်နက်အတွင်း သို့ သွတ်သွင်းခဲ့ခြင်း ပင်ဖြစ်သည်။ ရုရှား အစိုးရသည် ခရိုင်းမီးယား  ဒေသကို သွတ်သွင်း လိုက်ပြီးနောက် ယူကရိန်း အရှေ့ပိုင်းရှိ ခွဲထွက်ရေး သမားများကို လက်နက်နှင့် လူအင်အား အလုံးအရင်း ပေးပို့၍ အကူအညီ ပေးနေသည်ဟု အနောက်နိုင်ငံ များက ယူဆထားသည်။

ထိုအချိန် မှစ၍ နေတိုး တပ်ဖွဲ့သည် ဥရောပရှိ အဖွဲ့ဝင်နိုင်ငံ များအတွင်း စစ်ရေးအရ ပါဝင်မှုကို တိုးမြှင့်လာခြင်း ဖြစ်သည်။ ၄င်းတို့၏ အကြောင်း ပြချက်မှာ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများကို ပြည်ပမှ ကျူးကျော် ရန်စမည့်
အန္တရာယ်အား ကြိုတင် ကာကွယ်ရန် ဖြစ်သည်ဟု အနောက်နိုင်ငံ များက ပြောကြားခဲ့သည်။ သို့ရာတွင် နေတိုးတပ်ဖွဲ့၏ အကြောင်း ပြချက်မှာ အကျိုးအကြောင်း ခိုင်လုံမှုမရှိပေ။ အကြောင်းမှာ နေတိုး တပ်ဖွဲ့သည် ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုကို ရိုမေးနီးယား နှင့် ပိုလန်နိုင်ငံ တို့၌ ဖြန့်ကြက် ချထားရန် ၂ဝ၁ဝ ပြည့်နှစ် ကတည်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဒုံးကျည် စနစ်ဖြန့်ချ ထားရေး အစီအစဉ်ကို ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အပြီးသတ် အကောင်အထည် ဖော်လုပ်ဆောင် သွားမည် ဖြစ်သည်။ နေတိုးတို့၏ ယင်း အစီအစဉ်နှင့် လုပ်ဆောင်ချက် များသည် ရုရှားအစိုးရနှင့် ၄င်းတို့အကြား တင်းမာမှုများကို ဖြစ်ပေါ် စေခဲ့သည့် အပြင် အမေရိကန် ပြည်ထောင်စု နှင့် ယခင် ဆိုဗီယက် ပြည်ထောင်စု (ယခု ရုရှား) တို့အကြား ဖြစ်ပွားခဲ့သော စစ်အေးတိုက်ပွဲ ကိုပါ ပြန်လည်နိုးထ လာစေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

နေတိုးတပ်ဖွဲ့သည် ရုရှားတို့၏ လွှမ်းမိုးခဲ့ရာ ဒေသတစ်ခု ဖြစ်သည့် အရှေ့ဥရောပ သို့ အမေရိကန် စစ်သည် ၄ဝဝဝ ခန့်ကိုထပ်မံ ဖြန့်ကြက် ချထားရန် စီစဉ်လျက် ရှိသောကြောင့် ယင်းတပ်ဖွဲ့ဝင် များကို မျှော်မှန်း ထားသည့် အတိုင်း ဖြန့်ကြက် နိုင်မည်ဆိုပါက အရှေ့ဥရောပ တွင် ဖြန့်ကြက် ထားသည့် နေတိုးတပ်ဖွဲ့ဝင် အရေအတွက်မှာ ၄၂ဝဝဝ အထိ မြင့်တက်လာမည် ဖြစ်သည်။ နေတိုးနှင့် ရုရှားနိုင်ငံတို့ အကြား တင်းမာမှုများ မြင့်တက်နေစဉ် ရုရှား အစိုးရသည် နေတိုး တန်ပြန်ရေး အစီအစဉ် များကို ချမှတ်ခဲ့သည်။ ရုရှား အစိုးရသည် နိုင်ငံအနောက် နယ်စပ်ဒေသ သို့တပ်ဖွဲ့များကို ယခုနှစ် ကုန်ပိုင်းတွင် ထပ်မံတိုးမြှင့် ချသွားမည် ဖြစ်သည်။ တစ်ချိန်တည်း မှာပင် ရုရှားနိုင်ငံသည် ယခုနှစ် အတွင်း ၄င်းတို့၏ ရေငုပ်သင်္ဘော တပ်ဖွဲ့၏ လှုပ်ရှားမှု များကို တိုးမြှင့် လုပ်ဆောင် လာခဲ့သည်။

ရုရှားအစိုးရသည် သမ္မတ ဗလာဒီမာပူတင် ၏ ရေငုပ်သင်္ဘော ဆိုင်ရာ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အနေဖြင့် ကင်းလှည့်မှု များကို ၅ဝ ရာခိုင်နှုန်းကျော် တိုးမြှင့် လုပ်ဆောင်လာလျက် ရှိသည်ဟု ဥရောပရှိ အမေရိကန် ရေတပ်မှ တပ်မှူးတစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး မာ့ခ်ဖာဂူဆင် က ပြောကြား ထားသည်။ အလားတူ ရုရှားနိုင်ငံသည် ရေငုပ်သင်္ဘော များနှင့် ထောက်လှမ်းရေး သင်္ဘော များကို တစ်ကမ္ဘာလုံးရှိ အင်တာနက် ဆက်သွယ်ရေး များအား ရယူစုဆောင်း ပေးနိုင်သည့် ရေအောက် ကေဘယ်လ်များ အနီးတွင် မောင်းနှင်လျက်ရှိပြီး ရုရှားအစိုးရ အနေဖြင့် တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိခဲ့မည် ဆိုပါက အဆိုပါ ကေဘယ်လ် များကို တိုက်ခိုက်ဖျက်ဆီး ပစ်မည်ကို အမေရိကန် စစ်ဘက်နှင့် ထောက်လှမ်းရေး အဖွဲ့များက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ အမေရိကန် အစိုးရအား ပိုမိုစိုးရိမ် စေသည့် အချက်တစ်ချက် ရှိသေးသည်။ ယင်းမှာ တခြားမဟုတ်။ ရုရှားနိုင်ငံသည် ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းဒေသ များကို တိုက်ခိုက်နိုင်မည့် နည်းဗျူဟာမြောက် အသေးစား နျူကလီးယား လက်နက်များအား သယ်ဆောင် နိုင်သည့် ရေအောက်သွား မောင်းသူမဲ့ ရေယာဉ်များကို တည်ဆောက် နေသည်ဟူသော အချက်ပင် ဖြစ်သည်။ ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက် များသည် နေတိုးတပ်ဖွဲ့၏ စစ်ရေးအရ ပါဝင်လာမှုကို တန်ပြန်နိုင်ရေး အတွက်သာ လုပ်ဆောင်လျက် ရှိသည်ဟု လေ့လာသူ တချို့က သုံးသပ်ကြသည်။

ထို့ပြင် ရုရှားနိုင်ငံ အနေဖြင့် ဥရောပနိုင်ငံ များကို ကျူးကျော်ရန်စခြင်း မပြုဟု ရုရှား အစိုးရက အခိုင်အမာ ကတိကဝတ် ပြုထားပြီး ဖြစ်သည်။ သို့ရာတွင် သံသယဖြစ်မှု များက ရုရှားနှင့် အမေရိကန် ဦးဆောင်သည့် 
နေတိုးတို့အကြား သဘောထား ကွဲလွဲမှုကို ပိုမိုဆိုးဝါး လာစေခဲ့သည်။

အချုပ်အားဖြင့် ဆိုရပါမူ နေတိုးတပ်ဖွဲ့ အနေဖြင့် ရုရှားနိုင်ငံ၏ လုံခြုံရေးအား ခြိမ်းခြောက်သည့် သဘောမျိုး သက်ရောက်စေသော လုပ်ဆောင်မှု များကို ဆက်လက် လုပ်ဆောင် နေမည်ဆိုပါက ရုရှားနိုင်ငံ ကလည်း ၄င်းတို့၏ စစ်ရေးအင်အားကို ပိုမိုတိုးချဲ့ လာမည် ဖြစ်သောကြောင့် ၄င်းတို့အကြားရှိ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ကြိုးပမ်းချက်မှာ အောင်မြင်မှု ရရှိမည် မဟုတ်ဘဲ ကမ္ဘာ့စစ်အင်အား အကြီးမားဆုံး နှစ်နိုင်ငံအကြား စစ်အေးကာလ အတွင်းက ကဲ့သို့ စစ်ရေးအရ ပြိုင်ဆိုင်မှုများ ပြန်လည် ထွက်ပေါ်လာဖွယ် ရှိကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger