www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 25, 2016

ဉာဏ်ရည် မဖွံ့ဖြိုးသည့် ကလေးငယ်များအတွက် အခမဲ့ပညာသင်ကျောင်း ဖွင့်လှစ်မည်


မန္တလေး ၊ ၂၅-၅-၂၀၁၆

ဉာဏ်ရည် မဖွံ့ဖြိုးသည့် ကလေးငယ်များ အတွက် အခမဲ့ပညာ သင်ကြား နိုင်မည့် စာသင်ကျောင်း ကို အမေရိကန် နိုင်ငံရှိ စမတ်တစ် ကောလိပ်၏ ဦးဆောင်မှုဖြင့် မန္တလေးမြို့ အိုးဘို ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

''မသန်စွမ်း ကလေးတွေနဲ့ ပတ်သက်ပြီး မိသားစုတွေက ပြုစု စောင့်ရှောက် ပေးဖို့ကိုပဲ ဦးစားပေး နေကြတယ်။ နောက်ပြီး မသန်စွမ်းတဲ့ ကလေးတွေကို ပညာ သင်ကြားပေး လို့ မရဘူးလို့ မှတ်ယူကြတယ်။ ဒါကြောင့် မသန်စွမ်း ကလေးငယ်တွေ အတွက် ပညာ သင်ကြားမှုနဲ့ တခြား အခွင့်အရေး တွေ ဆုံးရှုံး နေကြတယ်။ ဒီလို စောင့်ရှောက် ပေးတာ ကောင်းပေမယ့် ပညာသင်ကြား ပေးဖို့လိုအပ် ပါတယ်။ စောင့်ရှောက်မှု ဘယ်လောက် ကောင်းကောင်း ပညာ သင်ကြားမှု မပေးနိုင် ရင် ကိုယ်တိုင် ရပ်တည်မှု ပျောက်ဆုံး သွားနိုင် တယ်။ ဒါကြောင့် မသန်စွမ်း ကလေးငယ် တွေကို သူတို့ ကိုယ်တိုင် ရပ်တည်နိုင် စေဖို့ ဦးတည်ချက်နဲ့ ပညာသင် ကျောင်းကို ဖွင့်လှစ် ပေးတာပါ'' ဟု အခမဲ့ ပညာသင်ကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် Smart Kids College မှ ဒေါ်နန်းမေသိန်းအေး က ပြောသည်။

အဆိုပါ အခမဲ့ ပညာသင်ကျောင်း ၌ ဉာဏ်ရည် မဖွံ့ဖြိုးသည့် အမျိုးအစား များစွာ အနက်မှ Autism ၊ Down Syndrome ကလေးများနှင့် အတူ သင်ကြား နိုင်သည့် စွမ်းရည်ရှိသော မသန်စွမ်း ကလေးငယ်များ ကို သင်ကြား ပေးသွားမည် ဖြစ်ပြီး ကျောင်းသားဦးရေ ၁၅ဝ ခန့် လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မသန်စွမ်း ကလေးငယ် များ၏ အနေအထားနှင့် သင်ကြားနိုင်မည့် စနစ်ကို ခွဲခြားသတ်မှတ် ပေးမည့် ဆေးပညာရှင်များ လိုအပ်နေသည့် အတွက် သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ဆေးပညာရှင် များ ပူးပေါင်း ပါဝင်ရန် လိုအပ်လျက် ရှိသည်။

ထို့ပြင် သင်ကြားမှု အပိုင်းတွင် အခက်အခဲ အနည်းငယ် ရှိသော်လည်း နည်းပညာပိုင်း အခက်အခဲမှာ လိုအပ်ချက် အမြင့်မားဆုံး ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ မသန်စွမ်း ကလေးငယ်များ အတွက် အခကြေးငွေ ယူ၍ သင်ကြား ပေးသည့် ကျောင်းများ ရှိသော်လည်း အခမဲ့ သင်ကြား ပေးသည့်ကျောင်း မရှိသေးကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger