www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 11, 2016

ဗီယက်နမ် နှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းလာသည့် အမေရိကန်အစိုးရ



( တီအာမွန် )

အမေရိကန်နိုင်ငံ အနေဖြင့် ယခင်က နိုင်ငံတချို့ အပေါ် ချမှတ်ခဲ့သော ပိတ်ဆို့မှုများကို ယခုနှစ်အတွင်း ဖြေလျှော့ ပေးခဲ့ပြီး ယင်း ဖြေလျှော့မှု များတွင် ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားသည့် လက်နက် တင်ပို့မှုလည်း ပါဝင်လာသည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် ဗီယက်နမ်အစိုးရနှင့် စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေစဉ် ယင်းနိုင်ငံအပေါ် နှစ်ပေါင်း ၃ဝ ကျော်ကြာ ချမှတ်ထားသော လက်နက်တင်ပို့မှု ပိတ်ဆို့ရေးကို ဖြေလျှော့ပေးရန် စဉ်းစား သုံးသပ်လျက် ရှိသည်ဟု အမေရိကန်မှ တာဝန်ရှိသူ များက ပြောသည်။

ထို့ပြင် ဖြေလျှော့ပေးရေးနှင့် ပတ်သက်၍ တရားဝင် ဆွေးနွေးမှုသည် အိုဘားမားက အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေး ခိုင်မာမှုပိုမို တိုးမြင့်လာစေရေး အတွက် မေလလယ် ပိုင်းတွင် ယင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စီစဉ်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗီယမ်နမ်နိုင်ငံ အပေါ် နှစ်အတော်ကြာ ချမှတ်ထားသည့် ယင်းတို့၏ လက်နက် တင်ပို့မှု ပိတ်ပင်ခြင်းကို ဖြေလျှော့ရေး သည် အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ဗီယက်နမ်စစ်ပွဲ ကာလက ဖြစ်ပေါ်ခဲ့သော အဓိက မကျေလည်မှု များအနက် တစ်ခုကို ဖယ်ရှားနိုင်မည် ဖြစ်ပြီး ပြီးခဲ့သည့် ၂၁ နှစ်က စတင်ခဲ့သည့် သာမန် ဆက်ဆံရေး ကိုလည်း တိုးမြင့်စေမည် ဖြစ်သည်။

သို့သော် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း သည် တောင်တရုတ် ပင်လယ်ဒေသ တွင်း၌ အင်အား ချိန်ခွင်လျှာ ညှိရာတွင် ဝင်ရောက် စွက်ဖက်မှု တစ်ရပ်အဖြစ် ၂ဝ၁၄ ခုနှစ်က ဗီယက်နမ် လက်နက် တင်ပို့မှုများကို ဘက်လိုက် ဖြေလျှော့ပေး ခဲ့သော အိုဘားမား အစိုးရအပေါ် ပြစ်တင်ဝေဖန် ထားသည့် တရုတ်နိုင်ငံအား အမျက်ထွက် စေနိုင်ဖွယ် ရှိသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ အပေါ်ချမှတ် ထားသော လက်နက် ပိတ်ဆို့မှု များကို ဖြေလျှော့ရေးနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အိမ်ဖြူတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေးများက ဗီယက်နမ် ကွန်မြူနစ် အစိုးရအနေဖြင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ငန်းစဉ် များကို ရှေ့တိုး လုပ်ဆောင်ခြင်း မပြုမီ ယင်းနိုင်ငံ အပေါ် ချမှတ်ထားသော စစ်လက်နက် အထောက်အပံ့ ပေးရေးဆိုင်ရာ ကန့်သတ် ချက်များကို အပြီးသတ် ဖြေလျှော့ပေးခြင်း သည် ဆန္ဒစောလွန်းရာ ရောက်သည်ဟု ပြောကြား ခဲ့သည်။

တစ်ဖက်တွင် လည်း ပင်တဂွန် စစ်ဌာနချုပ်မှ တာဝန်ရှိ သူများက တောင်တရုတ် ပင်လယ်တွင် အင်အားချဲ့ထွင် လာသော တရုတ်နိုင်ငံကို တန်ပြန်နိုင်ရန် ဗီယက်နမ်၏ စစ်ဘက် အင်အားကို တိုးမြှင့်ပေး သင့်သည် ဟု တိုက်တွန်းခဲ့သည်။ အမေရိကန်နိုင်ငံ အနေဖြင့် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင် ပေးခြင်းသည် အာရှ-ပစိဖိတ် ဒေသတွင်းသို့ ထိုးဖောက် ဝင်ရောက်မည့် အမေရိကန် အစိုးရ၏ အာရှ-ပစိဖိတ် ဗဟိုပြုရေး မဟာဗျူဟာ ၏ အဓိက အချက် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲ အတွင်း အဓိက အလေးထား ဆွေးနွေးခဲ့သော အချက်သည် ဗီယက်နမ်နိုင်ငံ အနေဖြင့် အမေရိကန် ကာကွယ်ရေး သဘောတူစာချုပ် နှင့်ပတ်သက်၍ လိုက်ပါ လုပ်ဆောင်ခြင်း ရှိ၊ မရှိဖြစ်ပြီး ယင်း သဘောတူ စာချုပ်သည် လက်နက် ပိတ်ဆို့မှု ဖြေလျှော့ပေးရေး အတွက် အတိုက်အခံများ၏ သဘောထားကို ပျော့ပျောင်းလာ စေမည်ဖြစ်သည်။ ယင်း သဘောတူ စာချုပ်အရ စစ်အေးကာလမှ စ၍ ရုရှားနိုင်ငံထုတ် စစ်လက်နက်များ အပေါ်သာ အများဆုံး မှီခိုခဲ့ရသည့် ဗီယမ်နမ်နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံထုတ် စစ်လက်နက် ပစ္စည်းများ ကိုဝယ်ယူရန် အသင့်ရှိနေရမည် ဖြစ်ပြီး အမေရိကန် လွှတ်တော်အမတ် တချို့က ၄င်း သဘော တူညီချက်ကို ဗီယက်နမ်က လိုက်နာနိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ မေးခွန်း ထုတ်စရာများ ဖြစ်ပေါ်လျက် ရှိသည်။

အမေရိကန်နိုင်ငံ က ဗီယက်နမ်အစိုးရ ၏ တစ်ပါတီစနစ် အပေါ် ယုံကြည် စိတ်ချမှု လျော့နည်း နေသော်လည်း ယင်းနိုင်ငံ အနေဖြင့် အမေရိကန်နှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးကို တိုးမြှင့် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ဗီယက်နမ်သည် လက်ရှိတွင် အမေရိကန်နိုင်ငံရှိ စစ်လက်နက် ပစ္စည်း ဆိုင်ရာများနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက် ရှိသော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် လက်တွေ့ကျသော ကတိကဝတ် များကိုသာ အကောင် အထည်ဖော် လုပ်ဆောင် စေလိုသည်ဟု သတင်း အရင်းအမြစ် တစ်ခုက ပြောကြား ထားသည်။

ဗီယက်နမ်နိုင်ငံ သည် စစ်အေးကာလ မှစ၍ ရုရှားထံမှ ကီလို အတန်းအစား ရေငုပ် သင်္ဘောများနှင့် ယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်းများကို အဓိက အများဆုံး ဝယ်ယူခဲ့သည်။

ယခုတွင် ဗီယက်နမ်နိုင်ငံ အနေဖြင့် ၄င်း၏ ရေတပ်အင်အားနှင့် ကမ်းခြေ လုံခြုံရေးတို့ကို တိုးမြှင့် လုပ်ဆောင်ရန် P-3 အမျိုးအစား ထောက်လှမ်းရေး လေယာဉ်များနှင့် ဒုံးကျည်ကဲ့သို့ စစ်လက်နက် ပစ္စည်းများကို အမေရိကန်မှ ဝယ်ယူရန် အခွင့်အလမ်း ပွင့်လာပြီ ဖြစ်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာ က အမေရိကန်၏ စစ်လက်နက် ပစ္စည်းများကို ဗီယက်နမ်သို့ ရောင်းချခြင်းဖြင့် လက်နက် ပိတ်ဆို့မှုကို ဖြေလျှော့ပေးရန် ထောက်ခံ သွားမည်ဟု ပြောကြားခဲ့ပြီး ယင်း ပြောကြားချက် သည် အိမ်ဖြူတော်မှ တာဝန်ရှိသူ များအား အံ့အားသင့် စေခဲ့သည်။

အိုဘားမားသည် ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ၄ င်း၏နောက်ဆုံး ဆုံးဖြတ်ချက်မှာ ယခုရက်သတ္တပတ် အစောပိုင်းတွင် ဗီယက်နမ် နိုင်ငံသို့ သွားရောက်မည့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး ဒယ်နီယယ်ရပ်ဆဲလ် နှင့် လူအခွင့်အရေး ဆိုင်ရာ သံအမတ် တွမ်မာလီနော်စကီ တို့ ထံမှ အကြုံပြုချက် အပေါ် မူတည်သွားမည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်မတိုင်မီ အိုဘားမား အနေဖြင့် လက်နက် တင်ပို့မှုကို အပြီးသတ် ဖြေလျှော့ပေးခြင်း သို့မဟုတ် ဆက်လက် ညှိနှိုင်းသွားခြင်း ရှိ၊ မရှိမှာ မသေချာ သေးကြောင်း တာဝန်ရှိ သူများက ပြောသည်။

အလားတူ အိုဘားမား အစိုးရသည် တောင်တရုတ် ပင်လယ်အတွင်း အင်အား ချဲ့ထွင်လာပြီး အငြင်းပွားကျွန်း များကို ၄င်းပိုင်အဖြစ် ကြေညာခဲ့သည့် တရုတ်အား ကာကွယ်ဟန့်တား နိုင်ရန် အကူအညီ တစ်ရပ်အဖြစ် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ က ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားသော လက်နက် ပိတ်ဆို့မှုများကို ဖြေလျှော့ ပေးခဲ့သည်။

တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ) တို့အကြား တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန် ပြည်ထောင်စု အနေဖြင့် အတိတ်က ရန်ဘက် ဖြစ်ခဲ့သော ဗီယက်နမ်နိုင်ငံ အား အကူအညီ ပေးခြင်းသည် တစ်ဖက်လှည့် နည်းဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွား လာမှုကို ဟန့်တား လိုသည့် သဘောဖြစ်သည်။

ထို့ပြင် ယခုကဲ့သို့ လက်နက် တင်ပို့မှု ကန့်သတ်ချက် ကို အပြီးသတ် ဖြေလျှော့ပေးရန် ကြိုးပမ်းနေသည့် အပြင် စစ်လက်နက် ဝယ်ယူရာတွင် ရုရှားနိုင်ငံ အပေါ် မှီခိုနေရသော ဗီယမ်နမ် နိုင်ငံနှင့် ကာကွယ်ရေး သဘောတူ စာချုပ် ချုပ်ဆိုရန် စီစဉ်နေမှုကို အမေရိကန် ပြည်ထောင်စု က တစ်ချက်ခုတ် နှစ်ချက်ပြတ် ထိရောက်စွာ လုပ်ဆောင် နိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger