www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 12, 2016

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ တိုင်းရင်းသားတို့၏ ဒြပ်ရှိ ၊ ဒြပ်မဲ့ ယဉ်ကျေးမှုများ ရှားပါးတိမ်ကော စပြုလာ



လားရှိုး ၊ ၁၂-၅-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအတွင်း နေထိုင်ကြသော တိုင်းရင်းများ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုများ တစ်စတစ်စ ရှားပါးလာကာ တိမ်ကော စပြုလာပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''ကျွန်တော်တို့ ဌာနအနေနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အတွင်းမှာရှိတဲ့ တိုင်းရင်းသား တွေရဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို အနယ်နယ် အရပ်ရပ်က ကွင်းဆင်းပြီး သုတေသန လုပ်တာတွေ၊ ရရှိတဲ့ အချက်အလက် တွေကို အမျိုးသားအဆင့် ဖော်ထုတ် ထိန်းသိမ်းတာတွေ၊ ယူနက်စကို အကူအညီနဲ့ ထိန်းသိမ်း စောင့်ရှောက် တာတွေ စဉ်ဆက်မပြတ် လုပ်နေပါတယ်။ နောက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနတွေ အနေနဲ့လဲ သက်ဆိုင်ရာ ဒေသ အတွင်းမှာရှိတဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ရိုးရာ ယဉ်ကျေးမှုတွေကို သုတေသနလုပ် ဖော်ထုတ် ထိန်းသိမ်း နေပါတယ်'' ဟု ၄င်းက ပြောပြသည်။

''ဒြပ်ရှိ၊ ဒြပ်မဲ့ဆိုတဲ့ နေရာမှာ တိုင်းရင်းသား တွေရဲ့ တူရိယာ ပစ္စည်းတစ်ခု ဆိုပါစို့ တူရိယာက ကိုင်တွယ် တီးမှုတ်နိုင်တယ်။ ဒါဟာ ဒြပ်ရှိ ယဉ်ကျေးမှုပါ။ တူရိယာကို လုပ်တဲ့ နည်းပညာ၊ တူရိယာကို တီးမှုတ်တဲ့ အတတ်ပညာ တွေဟာ ဒြပ်မဲ့ ယဉ်ကျေးမှု တွေပဲ ဖြစ်ပါတယ်။ ဒေသအတွင်းမှာ ရှိတဲ့ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့တွေ အနေနဲ့လဲ ဒီရိုးရာ ယဉ်ကျေးမှုတွေ ကို စဉ်ဆက်မပြတ် ထိန်းသိမ်း နေပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာ ကတော့ ရိုးရာယဉ်ကျေးမှု တွေကို စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။ မူလရိုးရာ ယဉ်ကျေးမှု တွေသာ ပျောက်ကွယ်သွား ခဲ့မယ်ဆိုရင် ခေတ်သစ် ယဉ်ကျေးမှုတွေ နဲ့လဲ ဘယ်လိုမှ အစားထိုးလို့ မရနိုင်တာ ဖြစ်တဲ့အတွက် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု တွေကို တိုင်းရင်းသား ညီအစ်ကိုတွေ ထိန်းသိမ်းကြရန် ထာဝရ ရှင်သန်အောင် အမြဲကြိုးစား သင့်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေဖြင့် ''ဝ''၊ ရှမ်း၊ ပလောင်၊ ကိုးကန့်၊ မြောင်ဇီး(မှုန့်)၊ လားဟူ၊ လီဆူး တိုင်းရင်းသား များ၏ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ဓလေ့များ ကို ကွင်းဆင်းပြုစုကာ သုတေသန ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကာ ''ဝ'' တိုင်းရင်းသား များ၏ စာပေနှင့် ဘာသာစကား စာအုပ်ကို ရေးသား ပြုစုကာ ပုံနှိပ်ထုတ်ဝေမှု များပြုလုပ် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ ဌာနအနေဖြင့် တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များ ကို နှစ်များစွာ စဉ်ဆက်မပြတ် ဖော်ထုတ် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ရာတွင် တိုင်းရင်းသား တို့၏ တူရိယာ ပစ္စည်းများ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုများမှာ ရှားပါးလာပြီ ဖြစ်ကြောင်း၊ အဆိုပါ တူရိယာများကို တီးမှုတ်နိုင်သည့် တိုင်းရင်းသားများ ပါ ရှားပါးလာပြီ ဖြစ်သည့် အတွက် တိုင်းရင်းသား သက်ကြီးရွယ်အို များမှ တိုင်းရင်းသား လူငယ် မျိုးဆက်သစ် များကို ဆက်လက် သင်ကြား ပေးလျက် ရှိကြောင်းလည်း သိရသည်။ (၁၉ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger