www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 16, 2016

မြန်မာ့ရွှေဖြူ


မြန်မာ့ရွှေဖြူ

( မဒါလေး )

စာရေးသူတို့ ဒေသတွင် ရွှေဖြူသည် နာမည်ကြီး ဖြစ်သည်။ သူ၏ ဖြူစင်သော အချင်းမှာ သူ၏ အဆင်းထက် ပိုမိုတန်ဖိုး ရှိသည်ကိုလည်း စာရေးသူ ကိုယ်တိုင် တွေ့မြင်ခဲ့ ရသည်။ ထိုသို့သော ရွှေဖြူကို လိုချင်သူများ ဝိုင်းဝိုင်းလည် နေသည်။ သူ၏ ဂုဏ်သတင်းမှာ စာရေးသူတို့ နယ်တွင်သာမက အခြားသော တိုင်းပြည်များထိ မွှေးပျံ့လျက် ရှိသည်။ သူ၏ ဂုဏ်သတင်းကြောင့် ပိုင်ဆိုင်လို သူများကြားတွင် အခိုးရမက်များ တိုးပွားလာသော အခါ အချို့ဘဝများ စတေးလိုက် ရသည်ကိုလည်း စာရေးသူ ကိုယ်တိုင် တွေ့မြင်ဖူး ခဲ့သည်။ အချို့ကသူနှင့် တိုက်ရိုက် မပတ်သက် သော်လည်း သွယ်ဝိုက်သော အားဖြင့် သူတို့၏ဘဝ များကို စတေးခဲ့ရသည် လည်းရှိသည်။ အချို့က သူ၏ အရောင် ပြောင်းလဲမှု အောက်တွင် ကြီးပွားချမ်းသာ သွားကြ သည်။ အချို့က ထို အရောင် ပြောင်းလဲမှု ထဲတွင် ဝဲဂယက်ပမာ ရုန်းမထွက်နိုင်ဘဲ လည်နေရင်း ဘဝများကို အရှုံးပေး လိုက်ကြရသည်။ စာရေးသူသည် ရွှေဖြူ ကိုချစ်သည်။ သို့သော် သူ့ကို ကြောက်လည်း ကြောက်မိသည်။ အတတ်အကျ မြန်လွန်းသော သူ၏ ဘဝကြားတွင် တစ်ခါတစ်ရံ လိုက်ပါစီးမျော လိုက်ရသူများလည်း ရှိသည်။

တစ်နေ့ စာရေးသူ ကိုယ်တိုင် ရွှေဖြူ ၏ စောင့်ရှောက်သူ များထံ ရောက်သွားရန် အကြောင်းတစ်ခု ဖန်လာသည်။ ခြံရှေ့ ရောက်သည်နှင့် စွတ်စိုသော နေရာကို ဖြတ်တိုက်လာသော လေနုအေးလေး နှင့်အတူ ခြံရှေ့တွင် ချိတ်ဆွဲထားသော သစ်သားဆိုင်းဘုတ် ပေါ်မှ အဖြူရောင်ခြံ ရောင်းမည်ဆိုသော စာသားမှာ စာရေးသူကို နှုတ်ဆက် လိုက်သည်။ အမောပြေ မလိုလိုနှင့် အမောဆို့ သွားသော ခံစားမှုနှစ်ခု လုံးကို တစ်ပြိုင်တည်း ခံစားလိုက်ရ သဖြင့် စိတ်တို့မှာ စည်းချက် မထိန်းနိုင်ဘဲ ပြေးလွှားနေသည်။ စီးပွားရေး အခြေအနေ ကြောင့်လား။ ရာသီဥတု ကြောင့်လား။ လူများ ကြောင့်လား။ ဘာမှန်း သေချာမသိရ နိုင်ဘဲ ဖြစ်နေသည်။ အိမ်တစ်အိမ်၏ စီးပွားရေးကို လေ့လာရန် သည်လည်း စာရေးသူတို့ ဒေသက အိမ်တော်တော် များမှာ ရိုးရာမပျက် အိမ်တိုင်အမြင့်များ ဆောက်ထားသဖြင့် ချမ်းသာသည်၊ ဆင်းရဲသည် ကို သေချာ ဝေခွဲရန် လွယ်လွယ်နှင့် မဖြစ်နိုင်ပေ။ စီးသည့် ဆိုင်ကယ် သည်လည်း ထိုင်းဘီးများသာ ဖြစ်သဖြင့် မန္တလေးမြို့ ကဲ့သို့ ထိုင်းဘီးစီး လျှင် အဆင်ပြေသူ၊ တရုတ်ဘီးစီးလျှင် သာမန်ဆိုပြီး အပေါ်ယံ ခွဲရန် မလွယ်ပေ။ ထိုကြောင့် ဘာကြောင့် ခြံရောင်းမည်ကို သေချာ မသိနိုင်သေးပေ။

မနေနိုင်သည့် အဆုံးတွင် ရွှေဖြူ ၏ မိဘများကို ကိုယ်တိုင် တွေ့ရန်  ခွင့်တောင်းလိုက်သည်။ စာရေးသူကို တွေ့တွေ့ချင်း ပျူငှာဖော်ရွေ စွာဖြင့် ခရီးဦးကြို ပြုသည်။ ခြံထွက် မာလကာသီးများ၊ ဒူးရင်းသီး များဖြင့် ဧည့်ခံသည်။ မရန်းသီးသုပ် နှင့် သစ်တိုသီးသုပ် မှာ ဒေသထွက် အစားအစာထဲမှ စာရေးသူ အကြိုက်ဆုံး ဖြစ်သည်။ ခရမ်းချဉ်သီးကို တစ်ဝက်ဝက်ကာ အလယ်တွင်ထွင်း၍ လက်ဖက်နှင့် အကြော်စုံအပြင် ပုစွန်ခြောက်မှုန့်နှင့် ကြက်သွန်ဖြူ  ဆီချက်များ အစာသွပ်ထားသည့် လက်ဖက် အစာသွပ်မှာ စာရေးသူ အကြိုက်တွေ့ လှသည်။ ဤမျှ အမျိုးပေါင်း စုံလင်အောင် ဧည့်ခံသော အနေအထား ကို ကြည့်ခြင်းအားဖြင့် စီးပွားပျက် လောက်သည်ထိ မဖြစ်သေးမှန်း သေချာသည်။

စာရေးသူက ရော်ဘာခြံကို ဝယ်ယူလိုကြောင်း ပြောရာ အိမ်ရှင်အဘွားက စာရေးသူအား ခြံကိုဘာကြောင့် ဝယ်ချင်သလဲ ဟု မေးသဖြင့် စာရေးသူ အံ့သြသွားသည်။ နောက်မှ အတူပါလာသော ဦးကြီးက စာရေးသူသည် စာရေးဆရာမ တစ်ဦးဖြစ်ပြီး ရွှေဖြူနှင့် ပတ်သက်သည့် အချို့ အကြောင်းအရာ များကို သိချင်သဖြင့် ရွှေဖြူခြံကို ဝယ်ယူလိုခြင်း ဖြစ်သည်ဟု ရှင်းပြသည်။ သို့မှ အိမ်ရှင် အဘိုးနှင့် အဘွားတို့သည် သဘောပေါက် သွားပြီး ဝမ်းသာအားရ ရယ်လိုက်ကြသည်။ ''အမေတို့က ခြံရောင်းမယ် ဆိုင်းဘုတ်တပ်ပြီး ကတည်းက ဝယ်မယ့်သူ လာရင် စိတ်မချမ်းသာ ပါဘူးကွယ်။ အဲဒါနဲ့ ဒီနေ့ထိ မရောင်းဖြစ်တာ။ အခုတော့ မရောင်းဖို့ ဆုံးဖြတ်လိုက် ပါပြီ။ ဆိုင်းဘုတ်တောင် ဖြုတ်တော့မယ် ဖြုတ်တော့မယ် နဲ့ မဖြုတ်ဖြစ်တာ။ လာဝယ်တဲ့ သူဆို အားနာတာနဲ့ ဘာမှ မပြောတာကွဲ့''။ အိမ်ရှင်အဘွား ရှင်းပြမှ အားလုံး လိပ်ပတ်လည် သွားသည်။ ကိုယ်ပိုင်ဆိုင်သည့် အရာတစ်ခုကို လက်လွှတ် လိုက်ရတော့မည့် အချိန်တွင် နှမြောတွန့်တို သောစိတ် လူတိုင်းတွင် ဖြစ်တတ်ကြ သည်မှာ အမှန်ပင် ဖြစ်သည်။

အကြောင်းစုံကို သေချာ မေးကြည့်မှ အဓိက တရားခံသည် လုပ်သား အင်အားပင် ဖြစ်သည်။ စာရေးသူ နေထိုင်သော အညာဒေသတွင် အလုပ်သမား ရှားပါးလှသည် ဆိုသော်လည်း ဤလောက် မဆိုးဟု ထင်သည်။ ယခု စာရေးသူတို့ ဒေသတွင် ဖြစ်နေသည်က ယခင်ဘိုးစဉ် ဘောင်ဆက် လုပ်ခဲ့သော လုပ်သားများ ပင်လျှင် သစ္စာတရားကို စွန့်ခွာကာ သာယာမှုနောက် လိုက်သွားကြခြင်း ဖြစ်သည်။ တစ်ဖက် နိုင်ငံတွင်း မဟုတ်ဘဲ နယ်စပ်တွင်ပင် လုပ်ခများများ ရသဖြင့် အချိန်ကုန်ခံပြီး ရော်ဘာခြစ်သည့် အလုပ်ကို မလုပ်ကြတော့ပေ။ သက်သောင့် သက်သာ လုပ်ရသည့် အထည်ချုပ် စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်သည်က များသည်။ ကိုယ်လုပ်နိုင်လျှင် လုပ်နိုင်သလောက် အပိုကြေးလည်း ရသည်က တစ်ကြောင်း၊ တစ်လလျှင် ငွေကျပ် လေးသိန်း၊ ငါးသိန်းရသည့် အလုပ်ကို ပန်ကာအောက် တွင်သာ လုပ်ရသည်က တစ်ကြောင်း သူ့အပြော ၊ ငါ့အပြောဖြင့် အဆက်အသွယ် ချိတ်ဆက်လျက် တစ်ဦးစ တစ်ရွာလုံး ဆိုသကဲ့သို့ပင် ဟိုအိမ်မေးလဲ နိုင်ငံခြားသွား၊ သည်အိမ်မေးလဲ နိုင်ငံခြားပြန် စသည်ဖြင့် ဂုဏ်ပြိုင်၍ လည်းကောင်း သဖြင့် မသွားဘူးသူ မရှိအောင် သွားနေကြသည်။

တစ်ဖက်မှ ကြည့်လျှင်လည်း ရော်ဘာခြစ်သည့် အလုပ်မှာ တစ်ဦးနှင့်တစ်ဦး အသံကြားရုံသာ အဆက်အသွယ် ရပြီး သူ့အလုပ်၊ ကိုယ့်အလုပ် တစ်နေကုန် ပြီးအောင် လုပ်ရသော အလုပ်ဖြစ်သည့် အပြင် မိန်းကလေး တစ်ဦးအတွက် အန္တရာယ်ရှိသော ရော်ဘာတောနက် ထဲတွင် မည်သူက ကြာကြာလုပ်ချင် ပါမည်နည်း။ မည်သည့် မိဘကရော စိတ်ချပြီး ထိုသားသမီးထံမှ ရသော လုပ်ခကို စားရက် ပါမည်နည်း။ ရော်ဘာခင်းထဲတွင် အရှက်နှင့်အသက် လဲသွားရသော မိန်းကလေး များလည်း မရေတွက်နိုင် သကဲ့သို့ အရှက်နှင့် ဂုဏ်သိက္ခာအတွက် ဘ၀များကို မြှုပ်နှံလိုက်ရသည့် မိန်းကလေး များလည်း မရှားပေ။ အလုပ်ရှင် ဘက်ကလည်း ဖြစ်သမျှကိစ္စ အဝဝကို တာဝန်ယူဖြေရှင်း ပေးသည် မှန်သော်လည်း သေသည့်အသက် အစားပြန်မရ သကဲ့သို့ နစ်နာခဲ့ရသည့် ဘဝအတွက်လည်း အမြဲတစေ မည်သူက ကူညီစောင့်ရှောက် ပေးနိုင်မည်နည်း။ သို့အတွက် ရေခြားမြေခြား တွင် လုပ်ခများများ နှင့် စွန့်ရဲလျှင်မင်း ဖြစ်နိုင်သည့် လမ်းကိုသာ ရွေးကြသည်။ သို့အတွက် လုပ်သားရှားပါး သည့်ဒဏ်ကို ဒေသတစ်ခုလုံးမှ လုပ်ငန်းရှင်များ ခံရသည်။ ကျန်သည့် လုပ်သားများ သည်လည်း ငွေကြိုပေးသည့် လုပ်ငန်းရှင်ထံ အပြေးသွား ကြရာ သူ့ထက်ငါ တစ်နှစ်စာမက သုံးလေး နှစ်စာ ပိုပေးနိုင်မှသာ အဆင်ပြေသည့် အနေအထား ဖြစ်နေသည်။ သည်ကြားထဲ ရာသီဥတု ကဖောက်၊ ကုန်ဈေးနှုန်း က တက်နှင့် ခြံပိုင်ရှင် အတော်များများ ခြံများကို ရောင်းကြသည်။ မလုပ်နိုင်သည့် အဆုံး ငွေနည်းနည်းဖြင့် ရောင်းကာ သူများထံမှ ရော်ဘာစေး ဝယ်၍ လုပ်ငန်းကို လည်ပတ်ကြသည်။ ပစ္စည်းကို ဈေးကြီးပေး ဝယ်ရသည် မှန်သော်လည်း လုပ်သားငွေကြို ပေးရခြင်းနှင့် စာလျှင် သက်သာသည် ဟု အတော်များများ က ရင်ဖွင့်ကြသည်။

''အဘွားတို့မှာ အလုပ်သမားေ တွကိုပဲ ကြောက်နေရ တာကွဲ့။ သူတို့ ငွေလိုတယ် ဆို ချက်ချင်းပေးနိုင်မှ၊ မပေးနိုင်လို့ အလုပ်ပြောင်း မယ်ဆိုလဲ ကြိုပေးငွေတွေက ရှိနေပြန် သေးတယ်။ ပြန်ဆပ်မယ် ပြောပေမယ့် ခဏခဏတော့ ဘယ်သွားတောင်း နိုင်မှာလဲ''။ အိမ်ရှင်အဘွား အပြောအဆုံးတွင် အိမ်ရှင် အဘိုးကလည်း " ဒါတင် ဘယ်ကအုံးမလဲ သူတို့ ငွေပြန်ပေးတာ နောက် ၊ ကိုယ်က လုပ်သား မရှိလို့ မစေး မသိမ်းနိုင်ရင် ဆုံးရှုံးမှုက များပြီလေ။ ဒါကိုသိတော့ လဲ သူတို့ကိုပဲ ကြောက်နေရ တာပေါ့။ မိသားစုလိုက် နေစရာ၊ စားစရာ ပေးထားရင်သာ တော်တန်ရုံ မပြောင်းတာ။ ဒါတောင် တစ်ခါတစ်ခါ ခြိမ်းခြောက် သေးသကွဲ့။ အေးဓားပြတွေ လိုပါပဲ'' ဟု ရယ်ကျဲကျဲ ပြောကာ ရေနွေးကို တစ်ကျိုက် မော့သောက် လိုက်သည်။ သူတို့ကို ကြည့်ကာ ဤ အသက်အရွယ်နှင့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သော အလုပ်တစ်ခုကို မစွန့်နိုင်၍သာ သည်းခံလုပ် နေကြခြင်း ဖြစ်ဟန်တူသည်။ သူတို့၏ မျက်ဝန်းများနှင့် ကွာခြားစွာ သူတို့၏ မျှော်လင့်ချက် များသည် အရောင်တောက်ပ နေသည်။ တစ်နေ့တွင် ရွှေဖြူ ခေါ် ရော်ဘာစေးကို တန်ဖိုးထားသူ များလာပြီး လိုလိုချင်ချင် ဖြစ်သည့်တစ်နေ့ သူတို့ဒုက္ခ တွေလည်း ပြေပျောက် ငြိမ်းသွားလိမ့်မည် ဟု မျှော်လင့်ထား ကြသည်။ စာရေးသူ ကတော့ ရွှေဖြူနှင့် သူ၏ မိသားစုအတွက် ဘာမျှ လုပ်ပေး နိုင်စွမ်း မရှိသော်လည်း မြန်မာ့ရွှေဖြူ အစွမ်း ကမ္ဘာလွှမ်း ပါစေဟုသာ ရင်ထဲမှ အကြိမ်ကြိမ် ဆုတောင်းပေး နေမိသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page