www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 16, 2016

ရုရှားနိုင်ငံပိုင်နက် အတွင်းသို့ ထိုးဖောက်ဝင်ရောက် လာသည့် ISIS စစ်သွေးကြွများ




( သင်းအောင် )

ရုရှားနိုင်ငံ ဒါဂျက်ပြည်နယ် ၌ ရဲတပ်ဖွဲ့နှင့် စစ်သွေးကြွ များအကြား နောက်ဆုံးဖြစ်ပွား ခဲ့သည့် အပြန်အလှန် တိုက်ခိုက်မှုသည် ISIS စစ်သွေးကြွ များက ရုရှားနိုင်ငံ အတွင်းရှိ တည်ငြိမ်မှု လျော့ပါးသည့် ကော့ကေးဆပ် မြောက်ပိုင်း သို့ ထိုးဖောက် ဝင်ရောက်၍ အခိုင်အမာ ခြေကုပ်ယူ နိုင်ရန် ကြိုးပမ်းလျက် ရှိသည် ဟူသော အချက်ကို သက်သေခံလျက် ရှိသည်။

ရုရှားရဲတပ်ဖွဲ့ သည် ISIS စစ်သွေးကြွ များ ပုန်းအောင်း နေသည်ဟု ယူဆရသည့် အူဘိုင်ဒါတိုဗာ မြို့ရှိ အဆောက်အအုံ တစ်ခုကို မေ ၁၄ ရက်က စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ များက ရဲတပ်ဖွဲ့ဝင် များအား လက်ပစ်ဗုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည့် အပြင် ဒဏ်ရာရရှိ သွားခဲ့သည့် ရဲအရာရှိ တစ်ဦးကိုပါ ဓားစာခံ အဖြစ် ခေါ်ဆောင်သွား ခဲ့သည်။

ယင်းနောက်တွင် ရဲတပ်ဖွဲ့က အဆိုပါ အဆောက်အအုံ အတွင်းသို့ အတင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား ခဲ့ခြင်းကြောင့် ဓားစာခံ အဖြစ် ဖမ်းဆီးခံထား ရသည့် ရဲအရာရှိ အပါအဝင် တခြား ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ISIS စစ်သွေးကြွ လေးဦး သေဆုံးပြီး စစ်သွေးကြွ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ၄င်း စစ်သွေးကြွ များသည် ဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်လျက်ရှိပြီး ယင်းစီစဉ်မှုကို ကြိုးကိုင်သည့် အဖွဲ့မှာ ၄င်းတို့အဖွဲ့ ဖြစ်သည်ဟု ISIS စစ်သွေးကြွ အဖွဲ့က နောက်ပိုင်းတွင် အတည်ပြု ထားသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် ဒေသအတွင်း တခြား အကြမ်းဖက်မှု များကို လုပ်ဆောင် ခဲ့သည်ဟု ယင်း စစ်သွေးကြွ အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ အာမက် က ပြောကြား ခဲ့သည်။ အလားတူ ဆီးရီးယား လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့မှ အမျိုးသမီးငယ် လေးဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က နိုင်ငံအတွင်းရှိ ရော့စ်တော့ဗ်အွန်ဒွန် မြို့၌ အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ခဲ့သည် ဟု ရုရှား ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့က မေ ၁၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ အမျိုးသမီး များမှာ မကြာမီက အစ္စလာမ် ဘာသာဝင် အဖြစ် ကူးပြောင်းခဲ့ သူများဖြစ်ပြီး ၄င်းတို့အနက် နှစ်ဦးမှာ ဒေသခံများ ဖြစ်သည်။ ၄င်းတို့ အားလုံးသည် ဆင်းရဲသည့် မိသားစုများမှ ပေါက်ဖွား လာသူများ ဖြစ်ပြီး ငယ်ငယ် ရွယ်ရွယ်ဖြင့် ကျောင်းထွက်ခဲ့ ရပြီးနောက် အစွန်းရောက်  များ၏သွေးဆောင် လှုံ့ဆော်မှုကို ခံခဲ့ရခြင်းကြောင့် ယင်း လက်နက်ကိုင် အဖွဲ့သို့ ရောက်ရှိ လာသူများ ဖြစ်သည်။

ထို့ပြင် စစ်သွေးကြွ များသည် တခြားနိုင်ငံ များမှ ၄င်းတို့၏ အဖွဲ့ဝင် စစ်သွေးကြွ များအား ရုရှားနိုင်ငံ အတွင်းသို့ ပို့ဆောင်လျက် ရှိသည် ဟု ရုရှားအမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ က ပြောကြား ခဲ့သည်။ ဆီးရီးယား  နှင့် အီရတ်နိုင်ငံအတွင်းရှိ စစ်သွေးကြွ များသည် ယခုအခါ အင်တာနက်မှ တစ်ဆင့် ဝါဒဖြန့်မှုများကို အောင်မြင်စွာ လုပ်ဆောင်လျက် ရှိပြီး တစ်ကမ္ဘာလုံးမှ လူငယ်များကို အဓိကပစ်မှတ် ထား၍ စည်းရုံး သိမ်းသွင်းလျက် ရှိသည်။ နောက်ပိုင်းတွင် ၄င်းတို့အား အကြမ်းဖက် တိုက်ခိုက်မှု များတွင် တာဝန်ပေးလျက် ရှိသည်။ စစ်သွေးကြွ များသည် ဝါဒဖြန့်ချိရာတွင် အဓိကအားဖြင့် ဘာသာရေးကို အခြေခံ၍ လုပ်ဆောင်လျက် ရှိသည်။

ဒါဂျက်စတန် ပြည်နယ်သည် စစ်သွေးကြွ များ၏ ထိုးဖောက် စိမ့်ဝင်ရန် အဓိကပစ်မှတ် ထားရာဒေသ တစ်ခု ဖြစ်လာခြင်းမှာ ယင်း ပြည်နယ်သည် ကော့ကေးဆပ် ဒေသရှိ အကြီးဆုံး ပြည်နယ်တစ်ခု ဖြစ်သည့်အပြင် အကြမ်းဖက် တိုက်ခိုက်မှု အများဆုံး ဖြစ်ပွားရာ ပြည်နယ်တစ်ခု ဖြစ်သောကြောင့် ISIS စစ်သွေးကြွ များက နယ်မြေ တည်ငြိမ်မှု လျော့နည်းခြင်းကို အခွင့်ကောင်းယူ၍ ခြေကုပ်ရယူ နိုင်ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။ ထို့ပြင် ကွဲပြားသည့် မျိုးနွယ်စု အများအပြား နေထိုင်ရာ ဒေသတစ်ခု ဖြစ်ရုံသာမက ပြည်နယ်အတွင်း နေထိုင်သည့် လူအများစုမှာ အစ္စလာမ်မစ် အစွန်းရောက်များ ဖြစ်သောကြောင့် စစ်သွေးကြွ များက ၄င်းတို့အား ဘာသာရေးဖြင့် လှုံ့ဆော် သွေးထိုးရန် အကောင်းဆုံး အခြေအနေတွင် ရှိနေသည်။

စစ်သွေးကြွ များအတွက် ဒေသအတွင်းသို့ ထိုးဖောက်စိမ့်ဝင် နိုင်စေရန် အထောက်အကူ ပြုနေသည့် တခြား ထူးခြားသည့် ဝိသေသတစ်ရပ် ရှိနေသေးသည်။ ယင်းမှာ ဒါဂျက်စတန် ပြည်နယ်အတွင်း ရှိ မြေအနေအထား မှာ ခက်ခဲကြမ်းတမ်း လှပြီး တောင်ပေါ်ဒေသ ခံများ၏ တိုက်ခိုက်ရေး စွမ်းရည်ပင် ဖြစ်သည်။ ထိုအကြောင်းအရာ များသည် ရုရှားအစိုးရ၏ အကြမ်းဖက် တိုက်ဖျက်ရေးအား အဟန့်အတား ဖြစ်စေသည့် အချက်များပင် ဖြစ်သည်။

ထို့ကြောင့် ရုရှားအစိုးရသည် ဒါဂျက်စတန် ပြည်နယ်အတွင်း ရှိ စစ်သွေးကြွ များအား နှိမ်နင်းရာတွင် ချေချင်ညာ ဒေသရှိ အစွန်းရောက် စစ်သွေးကြွ များကို တိုက်ဖျက်ခြင်းထက် များစွာ အခက်တွေ့ရလျက် ရှိသည်။ အလားတူ ဒါဂျက်စတန် ပြည်နယ်ရှိ လူငယ် အများစုမှာ ဂျီဟတ် အတွေးအခေါ် များ၏ လွှမ်းမိုးခြင်းကို ခံနေရသောကြောင့် ယင်းပြည်နယ် သည် ယခုအခါ ချေချင်ညာ ဒေသကို ကျော်ဖြတ်၍ ရုရှားနိုင်ငံ၏ အစွန်းရောက် အများဆုံး မွေးဖွား ပေးရာဒေသ အဖြစ် ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။

ဂျီဟတ်ဝါဒများဖြင့် ကြီးပြင်းလာသည့် ဒါဂျက်စတန် လူငယ်ရာပေါင်း များစွာသည် ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် သမ္မတ ဘာရှာအယ်လ် အာဆတ် ၏ စစ်တပ်များကို တိုက်ခိုက်နေသည့် အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့များနှင့် ပူးပေါင်း၍ လက်နက်စွဲကိုင် တိုက်ခိုက်လျက် ရှိသည်။ ထို့ကြောင့် ဒါဂျက်စတန် ပြည်နယ်သည် ရုရှားအစိုးရ အတွက် များစွာ စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်မှန်းမသိ ရောက်ရှိ လာပြီဟု ဆိုနိုင်သည်။ ပို၍ ဆိုးရွားသည့် အချက်မှာ ဒါဂျက်စတန်ရှိ ဂျီဟတ်ဝါဒီ လူငယ်များက အရှေ့အလယ်ပိုင်း ဒေသမှ ISIS စစ်သွေးကြွ အဖွဲ့အား သစ္စာခံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ သစ္စာခံလိုက် ခြင်းသည် ISIS စစ်သွေးကြွ များအနေဖြင့် ဒါဂျက်စတန် ပြည်နယ် အတွင်းသို့ ထိုးဖောက်ရန် လွယ်ကူ စေသည့်အပြင် ၄င်းတို့ စေခိုင်းမှုများကို လိုက်နာ လုပ်ဆောင်မည့် အမာခံ စစ်သွေးကြွ များကိုပါ မွေးထုတ်နိုင်ရန် အခွင့်အလမ်း ပွင့်လာခဲ့သည်။ ISIS စစ်သွေးကြွ များက ရုရှားနိုင်ငံ ပိုင်နက်အတွင်းသို့ ထိုးဖောက် ဝင်ရောက် ရခြင်း၏ တခြား အကြောင်းရင်း တစ်ချက်မှာ ဆီးရီးယားနိုင်ငံအတွင်းရှိ နယ်မြေများကို လက်လွှတ်ခဲ့ ရခြင်းအတွက် ရုရှားနိုင်ငံ အပေါ် လက်တုံ့ပြန် လိုခြင်း ဖြစ်နိုင်ဖွယ် ရှိသည်။

ရုရှားအစိုးရ သည် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ် ၏ တောင်းဆိုမှုကြောင့် ဆီးရီးယားရှိ စစ်သွေးကြွ များအပေါ် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှ စ၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ရုရှား တိုက်လေယာဉ် များသည် ကနဦး တွင် ဆီးရီးယား အစိုးရကို တိုက်ခိုက်နေသည့် အတိုက်အခံ တပ်ဖွဲ့နှင့် စစ်သွေးကြွ အဖွဲ့ အပါအဝင် လက်နက်ကိုင် အုပ်စုအားလုံး အပေါ် တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် အစိုးရ၏ ကန့်ကွက်မှု ကြောင့် အတိုက်အခံ တပ်များ၏ ပစ်မှတ်များ အပေါ် ရှောင်ရှား၍ ISIS စစ်သွေးကြွ များ၏ ပစ်မှတ်များကို အဓိကထား တိုက်ခိုက်ခဲ့သည်။ ရုရှား တိုက်လေယာဉ် များ၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု များမှာ ထိရောက်သည်။ 

၎င်းတို့၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ များ၏ အဓိက ထောက်ပံ့ရေး လမ်းကြောင်း များ ဖြတ်တောက်ခံခဲ့ ရသည့်အပြင် စစ်သွေးကြွ အဖွဲ့မှ ခေါင်းဆောင် အများအပြားမှာ သေဆုံးခဲ့ရသည်။ ထို့ပြင် အဓိက ဝင်ငွေ ရှာဖွေပေး နေသည့် ရေနံမြေ အများအပြား ကို ပြန်လည် လက်လွှတ်လိုက် ရခြင်းသည် ISIS စစ်သွေးကြွ များအတွက် အလွန်အထိနာ စေခဲ့သည်။

ထို့ပြင် အရှေ့ အလယ်ပိုင်း၌ စစ်ရေးအရ အရေးနိမ့် လာခဲ့သည့် ISIS စစ်သွေးကြွ များသည် တခြားဒေသများ အတွင်း အခိုင်အမာ ခြေကုပ်ရယူ နိုင်ရေးအတွက် ကြိုးပမ်းလာခဲ့ ရာမှ အစွန်းရောက် အများအပြား နေထိုင်ရာ ရုရှားနိုင်ငံ ဒါဂျက်စတန် ပြည်နယ် အတွင်း သို့ ထိုးဖောက် ခြေကုပ်ယူ နိုင်ခြင်းက ၄င်းတို့အတွက် နယ်မြေအသစ် ရှာဖွေနိုင်ရုံ သာမက အရှေ့ အလယ်ပိုင်းရှိ ၄င်းတို့ ဆုံးရှုံးခဲ့သမျှ အတွက် ရုရှားအစိုးရကို ပြန်လည် လက်တုံ့ပြန် နိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါမူ ISIS စစ်သွေးကြွ များသည် အရှေ့ အလယ်ပိုင်း ဒေသ၌ ၄င်းတို့လွှမ်းမိုးမှု ဆက်လက် လျော့ပါး လာမည်ဆိုပါက ဒါဂျက်စတန် ပြည်နယ်မှ ဂျီဟတ် အစွန်းရောက် များ၏ ထောက်ခံမှုကို ရယူ၍ ရုရှားနိုင်ငံ အတွင်း အကြမ်းဖက်မှုများ ပြုလုပ်၍ ၄င်းတို့၏ အာဏာကို အခိုင်အမာ တည်ဆောက် လာနိုင်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger