www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 6, 2016

တရုတ်နိုင်ငံ၏ လေကြောင်းဝန်ဆောင်မှု ကမ္ဘာ့အညံ့ဖျင်းဆုံးစာရင်းဝင်



လေယာဉ်စီး ခရီးသည် မှန်ရင် Flight Delay ဆိုတဲ့ စကားစုကို မကြားချင်ကြ ပါဘူး။ လေယာဉ်ခရီးစဉ် နောက်ကျမှု ဆိုတာ အနည်းဆုံး ၁၅ မိနစ်ကနေ နာရီပေါင်း မြောက်မြားစွာထိ အချိန်ကြာမြင့် နိုင်လို့ပဲ ဖြစ်ပါတယ်။ 

လေယာဉ်စီး ခရီးသည်တိုင်း ကလဲ လေယာဉ်နောက်ကျ တာနဲ့ တစ်ကြိမ်မဟုတ်  တစ်ကြိမ် ကြုံတွေ့ခဲ့ ကြဖူးမှာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ လေယာဉ် ခရီးစဉ်တွေ နောက်ကျပုံ ကတော့ တရားလွန် လွန်းပြီး ကမ္ဘာမှာ အဆိုးဆုံး စံချိန်တင်ထား ပါတယ်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက် ဖြစ်တဲ့ Danny Armstrongဟာ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားရှိတဲ့ သြစတြေးလျ အမျိုးသားဘဏ်ရဲ့ မန်နေဂျာချုပ် ဖြစ်တဲ့အတွက် တရုတ် နဲ့ သြစတြေးလျကို ကူးချည်၊ သန်းချည် သွားလာနေရသူ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့  လေယာဉ်ခရီးစဉ် နောက်ကျပုံ၊ ဘာမှကြိုတင် မကြေညာဘဲ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းပုံတို့ကို Armstrong က အသိဆုံးဖြစ်မှာပါ။ Armstrong ဟာ  လေယာဉ် လက်မှတ် ဝယ်တိုင်း အမြန်ရထား လက်မှတ်ကိုပါ တွဲဝယ်ထားလေ့ ရှိပါတယ်။ လေယာဉ် နောက်ကျလွန်းရင်၊ ဒါမှ မဟုတ် ခရီးစဉ် ဖျက်သိမ်းရင် ရထားနဲ့ ချက်ချင်းဆက်သွား နိုင်အောင် ကြိုတင်စီစဉ် ထားရတာပါ။ 

တစ်ခါတုန်းက သြစတြေးလျ အမျိုးသားဘဏ် အကြီးအကဲ ကိုယ်တိုင် ပေကျင်းကနေ ရှန်ဟိုင်းကို သွားဖို့ ရောက်လာတဲ့ အခါမှာလဲ လေယာဉ် ခရီးစဉ်တွေ ကမောက်ကမ ဖြစ်နေခဲ့တဲ့ အတွက် ကားတွေနဲ့ ဆက်သွားရတော့ လမ်းခရီး မကြန့်ကြာစေဖို့ Armstrong ဟာ ရဲအစောင့်အကြပ် ကို အခပေး ငှားရမ်းပြီး ရှေ့ကနေ လမ်းရှင်းပေးခိုင်း ခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယ အင်အားအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ လေကြောင်း ခရီးစဉ်တွေဟာ  ဘာဖြစ်လို့များ အခုလို စီမံခန့်ခွဲမှုညံ့ဖျင်း ရတာပါလိမ့်။ 

ပထမဆုံး အကြောင်းရင်းက လေယာဉ် ခရီးစဉ် များလွန်းလို့ပါ။ တရုတ်နိုင်ငံရဲ့ ကောင်းကင်ယံ သာ ကားလမ်းမကြီး ဖြစ်နေမယ် ဆိုရင် လေယာဉ် မြောက်မြားစွာနဲ့ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားတဲ့ထိ လေယာဉ် ခရီးစဉ်တွေက ပြည့်နှက် ကျပ်ညှပ် နေတာဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းကတော့ လေဆိပ်တွေ ခေတ်မမီတော့ တာပါ။ တရုတ်နိုင်ငံ လေဆိပ်တွေရဲ့ အဆင့်အတန်းဟာ ကမ္ဘာပေါ် မှာ အဆင့် ၁၈၈ကို ရောက်နေပါတယ်။ 

အောက်ဆုံးကနေ စရေတွက်ရင် တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ် တို့ဟာ လေဆိပ် အရည်အသွေး အညံ့ဖျင်းဆုံး ၁၄ နိုင်ငံမှာ ပါဝင်နေပါတယ်။ ဟောင်ကောင်နဲ့  ထိုင်ဝမ် တို့က လေယာဉ် ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန် မှန်ကန်မှု ၆ဝ ရာခိုင်နှုန်းပဲ ရရှိထားပြီး တရုတ်နိုင်ငံ ကတော့ ၄၁ ရာခိုင်နှုန်းပဲ ရရှိထားတာဖြစ် ပါတယ်။ 

အချိန်မှန်မှုနဲ့ ပတ်သက်လာရင် ရှန်ဟိုင်း၊ ပူဒေါင်လေဆိပ် က ၅၂ ရာခိုင်နှုန်း၊  ဟောင်ကောင်က ၅၉ ရာခိုင်နှုန်း၊ ပေကျင်းက ၆၄ ရာခိုင်နှုန်း ရရှိထားတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုလေဆိပ်နဲ့ နှိုင်းယှဉ် ကြည့်ရအောင်ပါ။ 

နိုင်ငံမှာ အလုပ်အရှုပ်ဆုံး လေဆိပ် ဖြစ်ပေမယ့် အချိန်မှန်ကန်မှု ၉၂ ရာခိုင်နှုန်း ရရှိထားပါတယ်။ ဒါဟာ ကမ္ဘာ့အကောင်းဆုံး လေဆိပ်စာရင်းဝင် ထားတဲ့ရာခိုင်နှုန်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လေကြောင်း ပို့ဆောင်ရေးဟာ ၂ဝ၁၄ ခုနှစ်မှာ ပိုလို့တောင် နာမည်ပျက်ခဲ့ ပါတယ်။ နိုင်ငံရဲ့အကြီးဆုံး လေဆိပ်လေးခု ဟာ လေယာဉ် ဆိုက်ရောက်၊ ထွက်ခွာချိန် မှန်ကန်တိကျမှု သုံးပုံတစ်ပုံပဲ ရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လေယာဉ်ခရီးစဉ် အချိန်မမှန်တဲ့ အဆိုးရွားဆုံး နိုင်ငံဖြစ်စေခဲ့တဲ့ ကိန်းဂဏန်းပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့လေယာဉ် ခရီးစဉ်တွေ ကမောက်ကမ ဖြစ်ရတဲ့ နောက်ထပ် အကြောင်းရင်း အကြောင်းခံကြီး တစ်ခုကတော့ အရပ်ဘက် လေကြောင်းလိုင်းများ အတွက် ခွင့်ပြုပေးထားတဲ့ ကောင်းကင် ဧရိယာ နည်းပါးလွန်း တာကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့  ကောင်းကင်ပိုင်နက် အများစုကို စစ်တပ်က ထိန်းချုပ်ထား ပါတယ်။ အရပ်ဘက် လေကြောင်းလိုင်း တွေအတွက် ကောင်းကင်ရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ခွင့်ပြုပေးထား ပါတယ်။ ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့ အရပ်ဘက် လေကြောင်းလိုင်း များကို ဝေဟင်ဧရိယာ ၈ဝ ရာခိုင်နှုန်း ပေးထားတာနဲ့ နှိုင်းယှဉ်ရင် နည်းပါးလွန်း နေပါတယ်။ 

ဒီတော့ ပျံသန်းလာသမျှ၊ ထွက်ခွာဖို့ အသင့်ပြင်နေတဲ့ လေယာဉ် မှန်သမျှဟာ အဲဒီ ဝေဟင်ဧရိယာ ၃ဝ ရာခိုင်နှုန်းက နေပဲ တိုးဝင်၊ တိုးထွက် နေရလေတော့ ပုလင်းခေါင်းကျဉ်း လမ်းကြောင်း ပြဿနာ ဖြစ်ပွားပြီး လေယာဉ်တွေလဲ နောက်ကျကုန်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ တရုတ်နိုင်ငံမှာ လေယာဉ်စီး ခရီးသည် အရေအတွက်က လျော့သွားတယ် မရှိဘဲ တိုးလာတာကိုပဲ တွေ့နေရပါတယ်။ ၂ဝ၁၅ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ လေယာဉ်စီး ခရီးသည် သန်း ၄၄ဝ ရှိခဲ့ပါတယ်။ 

လာမည့် နှစ် ၂ဝ အတွင်းမှာ ဒီအရေအတွက်ဟာ အဆပေါင်းများစွာ တိုးလာနိုင်ပြီး ၂ဝ၃၄ ခုနှစ်မှာဆိုရင် လေယာဉ်စီးခရီး သည် ၁ ဒသမ ၂ ဘီလီယံ ထိ ရှိလာနိုင်တယ်လို့  သုတေသီ တွေက ပြောပါ တယ်။ ဒီလောက်ထိအောင် များလာမယ့်  ခရီးသည် အရေအတွက်ကို ဟန်မပျက် သယ်ဆောင်ပျံသန်း ပေးနိုင်မယ့် လေကြောင်း ခရီးစဉ်တွေကို တရုတ်နိုင်ငံဟာ အချိန်မီ ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရအုံးမှာ ဖြစ်ကြောင်း လေ့လာရေးသား လိုက်ရပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger