www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 5, 2016

အိုဘားမားမအောင်မြင်ခဲ့သည့် တောင်တရုတ်ပင်လယ်ပြင် အရေးကို နောက်တက်လာမည့် အမေရိကန်အစိုးရ မည်သို့ကိုယ်တွယ်မည်နည်း




( ရှိန်းထက် )

အမေရိကန်၏ သမိုင်းတွင်မည့် သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် ခြောက်လခန့်သာ လိုတော့သည်။ အင်ဒီယားနား ပြည်နယ်၌ သမ္မတလောင်း တက်ခရုဇ် ကို မဲအပြတ်အသတ် ဖြင့် အနိုင်ရရှိပြီး ခရုဇ်ကို ရွေးကောက်ပွဲမှ ထွက်ခွာသွား စေရန် စွမ်းဆောင်ထား နိုင်သော ဒေါ်နယ်ထရန့် နှင့် သြဇာ ကြီးမားသော အမေရိကန်၏ အမျိုးသမီး သမ္မတလောင်း ဟီလာရီ ကလင်တန် တို့ သမ္မတဖြစ်ရန် ရေပန်းစား နေသည်။

ဟီလာရီ ကလင်တန် သည် သမ္မတလောင်း ဘီလ်ကလင်တန် ၏ ဇနီးအဖြစ် လည်းကောင်း၊ သမ္မတ အိုဘားမား၏ ပထမ သက်တန်း အတွင်းက နိုင်ငံခြားရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ အမေရိကန် တွင် အခကြေးငွေ အများဆုံး ရသည့် မိန့်ခွန်း ပြောကြားသူ အဖြစ် လည်းကောင်း ထင်ရှား ကျော်ကြားသူ ဖြစ်သည်။ ဒေါ်နယ်ထရန့် မှာမူ ဘီလီယံနာ အဖြစ် ထင်ရှား ကျော်ကြားပြီး လူမျိုးရေးနှင့် ဘာသာရေး အလေးပေးသူ အဖြစ် အမေရိကန်၌ မဲအများဆုံး ရရှိထားသူ ဖြစ်သည်။

သမ္မတ ဖြစ်မည့်သူကို အဖြူအမည်း မသဲကွဲသေး ချိန်တွင် နောက်တက် လာမည့် သမ္မတသစ် အတွက် စိန်ခေါ်မှုများက ဆီးကြို စောင့်ဆိုင်း နေသည်။ ယင်းတို့မှာ အိုဘားမား မအောင်မြင်ခဲ့သည့် အရှေ့အလယ်ပိုင်း အရေး၊ တောင်တရုတ် ပင်လယ်ပြင် ပြဿနာ၊ နေတိုး-ရုရှား တင်းမာမှုနှင့် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် စသည့် အရေးအကြီးဆုံး ပြဿနာများ ဖြစ်သည်။ ထိုအထဲမှ အထိမခံသည့် ပြဿနာမှာ တောင်တရုတ် ပင်လယ်ပြင် အရေး ဖြစ်သည်။

တရုတ်တို့က တောင်တရုတ် ပင်လယ်ပြင် အရေးကို သူတို့၏ အနာဂတ် အကောင်းဆုံးဗျူဟာ အခင်းအကျင်းတစ်ခု အဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် အိုဘားမား လက်ထက်က ကဲ့သို့ လုံးဝ အလျှော့ပေး လိမ့်မည် မဟုတ်ဘဲ နောက်တက်လာမည့် အစိုးရကိုလည်း သွေးတိုးစမ်းမည် ဖြစ်သည်။ အိုဘားမား ၏ တောင်တရုတ် ပင်လယ်ပြင် ဗျူဟာသည် တရုတ်တို့ကို တန်ပြန် တိုက်စစ်ဆင်နည်း ဖြစ်သည်။

အမေရိကန် သည် သူကိုယ်တိုင် လည်း လက်နက် တပ်ဆင်သည်။ တောင်တရုတ် ပင်လယ်ပြင် ဝန်းကျင်ရှိ အငြင်းပွား နိုင်ငံများကို လက်နက်တပ်ဆင် ပေးသည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား စစ်တပ်များက တရုတ် စစ်အင်အား ကို မခြိမ်းခြောက် နိုင်သောကြောင့် အမေရိကန် က ချိန်ခွင်လျှာညှိ ရန် ဝင်ပါရသည်။ အမေရိကန် ဝင်ပါ သော်လည်း တရုတ်က ဂရုမစိုက်ဘဲ ပြောင်ပြောင် တင်းတင်းပင် ရှေ့ဆက်ခဲ့
သည်။

အိုဘားမားသည် နောက်ဆုံး တရုတ်တို့ ကျွန်းတု တည်ဆောက် နေသည့် စပရက်တလီ ကျွန်းစုအနီးသို့ ရေအောက် မောင်းသူမဲ့ ရေယာဉ်များ စေလွှတ်၍ ကင်းလှည့် စေမည့် အစီအစဉ် များပင် ဆွဲခဲ့သည်။ သို့သော်လည်း အိုဘားမား၏ အစီအစဉ် သည် တရုတ်ကို နောက်ဆုတ် သွားစေရန် မစွမ်းဆောင် နိုင်ခဲ့ပေ။ တောင်တရုတ် ပင်လယ်ပြင် အရေးနှင့်ပင် တရုတ်-အမေရိကန် ဆက်ဆံရေး က တင်းမာ သည်ထက် တင်းမာ လာခဲ့သည်။

အိုဘားမား လက်ထက်တွင် အမေရိကန် ဥပဒေပြု အမတ်များက တရုတ်ကို ယှဉ်ပြိုင် နိုင်ရန်အတွက် အာရှ-ပစိဖိတ် ဒေသသို့ စစ်အင်အား အလုံးအရင်း နှင့် စေလွှတ်နိုင်ရန် ဆုံးဖြတ် ကြသည်။ ယင်းကို ဗျူဟာကောင်း
တစ်ခုအဖြစ် ရှုမြင်ကြ သော်လည်း တောင်တရုတ် ပင်လယ်ပြင် အရေးတွင် အမေရိကန် အနေဖြင့် တစ်ဦးတည်း ဦးမဆောင်ဘဲ ကမ္ဘာ့ နိုင်ငံများနှင့် လုံခြုံရေး ညီလာခံ တစ်ခုခေါ်ယူ သင့်သည်ဟု နိုင်ငံရေး သုတေသီ တို့က သုံးသပ်ကြသည်။

အဘယ်ကြောင့် ဆိုသော် တောင်တရုတ် ပင်လယ်ပြင်က ကမ္ဘာ့စီးပွားရေး လေးပုံတစ်ပုံ၏ စီးဆင်းရာ ဖြစ်သော ကြောင့် ဖြစ်သည်။ ထို့ပြင် ယခု တောင်တရုတ် ပင်လယ်ပြင် အရေးတွင် ရုရှားကလည်း မီးလောင်ရာ လေပင့် လုပ်နေသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်ပြင် အရေးနှင့် ပတ်သက်လာလျှင် မည်သည့် ညီလာခံတွင်မျှ ထိပ်တိုက် အတွေ့မခံဘဲ အစ ကတည်းက ကြိုရှောင်ထားသူ ဖြစ်သည်။ ထို့ကြောင့် တရုတ် သမ္မတ ရှီကျင့်ဖျင် နှင့် အိုဘားမားတို့ တောင်တရုတ် ပင်လယ်ပြင် အရေးကို ထိပ်တိုက် ဆွေးနွေးခွင့် ရရှိရေးကို ယခုအချိန်ထိ အိုဘားမား စောင့်ဆိုင်း နေရဆဲ ဖြစ်သည်။

၂ဝ၁၇ ခုနှစ် အမေရိကန် အစိုးရသစ် အတွက် တောင်တရုတ် ပင်လယ်ပြင် အရေး အဆင်ပြေလိုလျှင် ရှီကျင့်ဖျင် နှင့် ထိပ်တိုက် တွေ့ဆုံခွင့် ရရန် မဖြစ်မနေ ကြိုးစားရမည် ဖြစ်သည်။ ထိုကိစ္စ အဆင်မပြေ မချင်း တရုတ်နှင့် အမေရိကန် တို့ အာရှတွင် စစ်ဖြစ်ရန် ရာခိုင်နှုန်း အများဆုံး နီးစပ်လျက် ရှိသည်။ တရုတ်တို့၏ စစ်ရေး အင်အားကလည်း နေ့ချင်းညချင်း ကြီးထွား လာသည်။ မကြာမီကပင် တရုတ်တို့က အမေရိကန်ဒုံးပျံ ကာကွယ်ရေး စနစ်များကို ချိုးဖောက် နိုင်သည့် ဟိုက်ပါဆောနစ် ဒုံးပျံကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့သည်။

ထို့ကြောင့် စီအိုင်အေ အကြီးအကဲ ဟောင်း ဟိုက်ဒင် က ''အမေရိကန် သည် တရုတ်ကို ကောင်းမွန်စွာ မကိုင်တွယ် နိုင်ဘူး ဆိုရင် ကပ်အကြီးကြီး ဆိုက်လိမ့်မယ်။ ဒါကြောင့် အမေရိကန် ဟာ စစ်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထား သင့်ပြီ'' ဟု ပြောသည်။ ဖေဖော်ဝါရီလ ကလည်း ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာ ၏ မိန့်ခွန်းတွင် ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်၏ စစ် အသုံးစရိတ် ကို အမေရိကန် ဒေါ်လာ အနည်းဆုံး ၅ ဘီလီယံ ထပ်မံ တိုးမြှင့်ရန် ပြောလာခဲ့သည်။

ဥရောပဘက် က ရုရှားနှင့် အာရှ က တရုတ်ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် ဖြစ်သည်။ စစ်ရေးအရ အဖြေရှာရန်မှာ အမေရိကန် တို့အတွက် နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သော်လည်း တောင်တရုတ် ပင်လယ်ပြင် ကြောင့် အမေရိကန်နှင့် တရုတ်တို့၏ ကြိုမမြင် နိုင်သည့် စစ်ပွဲများသည် နေ့လား ညလား ဝေခွဲရ ခက်နေသည်။ ထို့ကြောင့် အမေရိကန် အတွက် မြန်နိုင်သမျှ အမြန်ဆုံး အဖြေရှာရန် လိုအပ်နေသည်။ တစ်ဖက်တွင် တစ်ဦးကို တစ်ဦး ပစ်ပယ်မရ သည့် စီးပွားရေး ဆက်ဆံရေး ကြောင့်လည်း ဆုံးဖြတ်ချက် များသည် အမေရိကန် အတွက် ဝေခွဲရခက် နေပြန်သည်။ အမေရိကန် ၏ ကုန်သွယ်မှု တန်ဖိုးသည် ဥရောပသမဂ္ဂ ပြီးလျှင် တရုတ်နှင့် ဒုတိယ အများဆုံး ဖြစ်သည်။ ထို့ကြောင့် တရုတ်ကို စီးပွားရေး ပိတ်ဆို့မရ၊ ခြိမ်းခြောက်မရ၊ ရုရှားကို သုံးသည့် နည်းလမ်းများ နှင့် မြောက်ကိုရီးယား၊ အီရန်တို့ကို သုံးသော နည်းလမ်းဟောင်း များကလည်း အသုံးမဝင် သောကြောင့် အမေရိကန် အတွက် တရုတ်ကို ကိုင်တွယ်ရ ခက်နေသည်။

အကယ်၍ အမေရိကန် နှင့် တရုတ်တို့ကြားတွင် စစ်ပွဲတစ်ခုသာ ဖြစ်ပွားခဲ့မည် ဆိုလျှင် ရုရှားသည် တရုတ်ဘက်သို့ အလိုအလျောက် ရောက်ရှိလာပြီး မဟာမိတ်ဖြစ် သွားနိုင်သည်။ ထို့ကြောင့် အမေရိကန် သည် တစ်ချိန်တည်း တွင် အင်အားကြီး ရန်သူ နှစ်ယောက်ကို ရင်ဆိုင်ရန် ပြင်ဆင် နေရသည်။ အမေရိကန် စစ်ဦးစီးချုပ် များက တရုတ်နှင့် ရုရှားနှစ်နိုင်ငံ ပေါင်းလျှင်တောင် ၄င်းတို့၏ စစ်အင်အားကို မယှဉ်နိုင်ဟု ဆိုသော်လည်း နေတိုးကို ယှဉ်ပြိုင်နိုင်ရန် နျူကလီးယား လက်နက် လိုအပ်လာပါက သုံးနိုင်သည် အထိ အမိန့်ပေး ထားသော ရုရှား သမ္မတ ပူတင်ကို တရုတ်ထက်ပင် ပိုကြောက်နေ ရသည်။ တရုတ်နှင့်သာ နှစ်ဦးပေါင်းပြီး သူတို့ရင်ဆိုင် ရပါက အမေရိကန်တို့ ပြောသည့် နိုင်ဖို့ ရာနှုန်းပြည့် ဆိုသည့် ထင်မြင်ချက် သည် တက်တက်စင် အောင်ပင် လွဲချော် နိုင်ပါသည်။

ယခု ထိုစစ်ပွဲများကို ဦးဆောင်နိုင်သည့် တောင်တရုတ် ပင်လယ်ပြင် စစ်ရေး အထိအတွေ့ တစ်ခုသာလျှင် အမေရိကန်နှင့် တရုတ် ကြားရှိသည်။ ယင်းမှာ နောက်တက် လာမည့် အစိုးရ အောင်မြင်အောင် လုပ်ဆောင်ရမည့်  အလွဲမခံ နိုင်သည့် စိန်ခေါ်မှုကြီး ဖြစ်သည်။ ထို့ကြောင့် အီရန်ကို နျူကလီးယား ချုပ်ငြိမ်းအောင် အိုဘားမား လုပ်ဆောင် နိုင်သကဲ့သို့ နောက်တက်မည့် အမေရိကန် အစိုးရ မည်မျှထိ ငြိမ်းချမ်းရေးအား တာဝန်ယူ ဆောင်ရွက် နိုင်မည် ဆိုသည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger