www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 1, 2016

တိုက်ချင်းပစ်ဒုံး အပါအ၀င် နျူကလီးယားတပ်ဆင် ပစ်ခတ်နိုင်သည့် ဒုံးပျံတပ်ဖွဲ့ကို စက်ရုပ်များဖြင့် ဖွဲ့စည်းမည့် ရုရှား


Russia Platform M


( ရှိန်းထက် )

ဆီးရီးယား စစ်ပွဲသည် ရုရှားအတွက် ကမ္ဘာ့ ချိန်ခွင်လျှာ ထိန်းညှိခွင့် ရခဲ့သည့် အောင်မြင်မှုများကို ယူဆောင်လာ ခဲ့သည်သာမက ရုရှား၏ စမ်းသပ်ဆဲ စစ်ဘက် တိုက်ခိုက်ရေး စက်ရုပ်များ ကိုပါ အသုံးချခွင့် ရခဲ့သည်။ အမှန်တကယ် စစ်မြေပြင်၌ စက်ရုပ်များကို စစ်ရေးအရ စမ်းသပ်နိုင်မည့် အခွင့်အရေးမျိုး သည် ရှားပါးလှပြီး ဆီးရီးယားသည် ရုရှား၏ စက်ရုပ် စမ်းသပ်မြေပြင် တစ်ခု ဖြစ်ခဲ့သည်။

မောင်းသူမဲ့ တင့်ကားများနှင့် တိုက်ခိုက်ရေး စက်ရုပ်များကို ရုရှားတို့ စမ်းသပ်နေသည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်နေပြီ ဖြစ်သော်လည်း ၂ဝ၁၅ ခုနှစ် ရောက်မှသာ ဆီးရီးယား စစ်မြေပြင်၌ ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ခဲ့ခြင်း ဖြစ်သည်။

စမ်းသပ်မှု အောင်မြင်ခဲ့ သဖြင့် ပူတင်သည် ယခုသူ၏ တိုက်ချင်းပစ် ဒုံးပျံအဖွဲ့တွင် စက်ရုပ်များကို တာဝန်ပေးအပ် တော့မည်ဖြစ်သည်။ ရုရှား၏ အားအထားရဆုံး တိုက်ပွဲဝင် စက်ရုပ်များသည် Platform M နှင့် Argo တို့ဖြစ်သည်။ Argo သည် ဆီးရီးယား စစ်ပွဲ၌ သူပုန်အယောက် ၇ဝ ကျော်ကို သုတ်သင် နိုင်ခဲ့သည်။

Argo

ရုရှား၏ ရည်ရွယ်ချက် သည်၂ဝ၁၆ ခုနှစ် မှစတင်ကာ လာမည့် ဆယ်စုနှစ် တစ်စုအတွင်း သူ၏ စစ်တပ်တွင် တိုက်ပွဲဝင် စက်ရုပ် ပါဝင်မှုနှုန်း ၃ဝ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်း နိုင်ရန်ကြိုးပမ်း နေခြင်းဖြစ်သည်။ အနာဂတ် ကာလတိုက်ပွဲ များ၌ လူတို့၏ ပါဝင်မှုနှုန်းသည် အနည်းငယ်သာ ရှိတော့မည် ဖြစ်ပြီး စက်ရုပ်များ၏ တိုက်ပွဲသာလျှင် အရေးပါ လာမည် ဖြစ်သည်။

အမေရိကန် အနေဖြင့် စစ်အသုံးစရိတ် များကို လျှော့ချ နေသော်လည်း မောင်းသူမဲ့ စက်ရုပ်များ၏ အခန်းကဏ္ဍ ကိုမူ လျော့ကျ မသွားစေဘဲ ဆက်လက် မြှင့်တင်လျက် ရှိသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ကာတာ၏ မိန့်ခွန်းများတွင် ပြောလေ့ပြောထ ရှိသော စကားတစ်ခွန်း ရှိသည်။ ခေတ်သစ် နည်းပညာ တိုက်ပွဲများတွင် မောင်းသူမဲ့ စက်ရုပ်များ၏ အခန်းကဏ္ဍ သည် ပိုမို အရေးပါ လာတော့မည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်တို့ထက် နောက်မကျ စေချင်လျှင် စက်ရုပ် သုတေသန ပြုလုပ်မှုကို မရပ်တန့် ပါနှင့် ရပ်တန့်မည့် အစား ပိုမို အဆင့်မြှင့်တင်ပါ ဟူ၍ ဖြစ်သည်။

ထို့ကြောင့် အမေရိကန် သည် စစ်ဘက်စက်ရုပ် များအတွက် ၂ဝ၁၇ ခုနှစ် စစ်အသုံး စရိတ်ကို အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံ အထိ တောင်းဆို ထားသည်။ ယခု အမေရိကန် သည် မောင်းသူမဲ့ စက်ရုပ်နည်းပညာ လောကတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး ရုရှားနှင့် တရုတ်တို့က နောက်မှ အမီလိုက် နိုင်အောင် ကြိုးပမ်းနေသည်။

ဂျီနီဗာက ချမှတ်ထားသော စစ်နည်း ဥပဒေများအရ စက်ရုပ်များကို လူ၏ ထိန်းချုပ်ခြင်း ဖြင့်သာ တိုက်ခိုက်ခွင့် ရမည်ဖြစ်သည်။ အလိုအလျောက် ထိန်းချုပ်စနစ်ဖြင့် လူ၏ ထိန်းချုပ်ခွင့် မပါဘဲ မောင်းနှင်တိုက်ခိုက် နိုင်သော စက်ရုပ်များကို ယခုအချိန်ထိ ခွင့်ပြုမပေး သေးချေ။ ရုရှားသည် စိတ်အာရုံခံ စက်ရုပ်ဝတ်စုံကို တီထွင်လျက်ရှိပြီး လာမည့် လေးနှစ်အတွင်း အောင်မြင်စွာ အသုံးပြုနိုင်မည် ဟု ပြောသည်။ အမေရိကန်က Iron Man ဟု တင်စားခေါ်သော စစ်ဝတ်စုံကို တီထွင် အောင်မြင်ခဲ့ပြီး မကြာမီ အမေရိကန် စစ်ဘက်တွင် အသုံးပြုမည်ဟု ပြောသည်။

The Making of Iron Man

ရုပ်ရှင်များတွင် မြင်တွေ့ရသော စက်ရုပ် တိုက်ပွဲများနှင့် မယုံကြည် နိုင်စရာ ခေတ်သစ် ပြိုင်ဆိုင်မှု များသည် မကြာမီ ကမ္ဘာလောက တိုက်ပွဲများတွင် မြင်တွေ့ ရတော့မည် ဖြစ်သည်။ အမေရိကန်က သူတို့၏ မောင်းသူမဲ့ လေယာဉ်ပျံ X-47B ကို လေယာဉ်တင် သင်္ဘောပေါ်မှ အလိုအလျောက် ပျံတက်နိုင်ပြီး အလိုအလျောက် လူ၏ ထိန်းချုပ်မှု မပါဘဲ ဆင်းသက်နိုင်အောင် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ က စမ်းသပ် နိုင်ခဲ့သည်။ ရုရှားကလည်း လူတင်နိုင်သည့် မောင်းသူမဲ့ တင့်ကားများနှင့် တိုက်ခိုက်ရေး စက်ရုပ်များကို ဆီးရီးယား စစ်မြေပြင်၌ အောင်မြင်စွာ အသုံးချ နိုင်ခဲ့သည်။ တရုတ်က သူ၏ မောင်းသူမဲ့ စက်ရုပ်များကို လျှို့ဝှက် အကောင် အထည်ဖော် နေပြီး ၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သည့် စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ခဲ့သည့် ဒုံးပျံတင်ကား တချို့သည်ပင် မောင်းသူမဲ့ ကားများ ဖြစ်သည်ဟု အနောက်တိုင်း စစ်ရေး လေ့လာသူ များ၏ သုံးသပ်မှုပင် စံထားရ လောက်အောင် အောင်မြင်မှု ရနေသည်။

မောင်းသူမဲ့ လေယာဉ်ပျံ X-47B

ရုရှားတို့သည် သူတို့ စစ်တပ်၌ မြေပြင် မှဝေဟင်သို့ ပစ်ခတ်နိုင်သည့် မောင်းသူမဲ့ စက်ရုပ်များ ကိုပင် ပိုင်ဆိုင်နေပြီဟု ၂ဝ၁၅ ခုနှစ် ဇူလိုင်လက ထုတ်ပြန် ကြေညာခဲ့သည်။ ထို့ကြောင့် ယခု ဖွဲ့စည်းမည့် စက်ရုပ်များနှင့် ဒုံးပျံအဖွဲ့ တွင်လည်း သူ၏ အားအထား ရဆုံး Platform M နှင့် Argo တို့အပြင် တခြား လူသိရှင်ကြား မရှိသေးသည့် တိုက်ပွဲဝင် စက်ရုပ်များ စုံစုံလင်လင် ပါဝင် လာတော့မည် ဖြစ်သည်။

တိုက်ချင်းပစ် ဒုံးပျံများကို သယ်ဆောင်သည့် ကားကလည်း မောင်းသူမဲ့ ကားဘေး နားက အစောင့်အရှောက် အဖြစ် လိုက်ပါမည့် ယာဉ်များ ကလည်း မောင်းသူမဲ့ နှင့် စက်ရုပ်များ နောက်ဆုံး နျူကလီးယား လက်နက်တိုက် ကိုပင် စောင့်ရှောက်မည့် အစောင့်အရှောက် နှင့် ပစ်ခတ်နိုင်မည့် သူများကလည်း မောင်းသူမဲ့ နှင့် စက်ရုပ်များသာ ဖြစ်စေရန် ရုရှားက ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုသူ၏ တာဝေးပစ် ဒုံးပျံအဖွဲ့ Topol M နှင့် Yars တို့တွင် စက်ရုပ်များကို ပထမဆုံး ပူးပေါင်းပါဝင် အသုံးပြု ထားသည်။ ထို့နောက် သမ္မတ ပူတင် လိုချင်သည့် အနာဂတ် ရုရှားစက်ရုပ် တပ်မတော် အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်သည်။ ဒုံးပျံများကို ကင်းလှည့်မည့် စက်ရုပ်ကို ရုရှားတို့က ဝံပုလွေတပ်ဖွဲ့ ဟု အမည်ပေး ထားသည်။

တာဝေးပစ် ဒုံးပျံအဖွဲ့ Topol M

အလိုအလျောက် ပစ်ခတ်နိုင်သည့် ဒုံးပျံများတွင် ရုရှားတို့သည် စက်ရုပ်များကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပေးထားမည် ဖြစ်သည်။ Register လုပ်ထားပြီးသော ရန်သူ့ဒုံးပျံ သတိပေးချက် များကို ဒုံးပျံတပ်ဖွဲ့က အာရုံခံမိလျှင် ထိုအဖွဲ့သည် လူတို့၏ ထိန်းချုပ်မှု မပါဘဲ သူတို့ကိုယ်တိုင် အလိုအလျောက် ပစ်လွှတ်နိုင်မည် ဖြစ်သည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ပစ်ခတ်မှုများကို ပြုလုပ်နိုင်ဖို့ ရုရှား စစ်ဘက်သည် Unicum AI ဟုခေါ်သော ဆော့ဖ်ဝဲလ်ကို တီထွင်ထားပြီး ယင်း ဆော့ဖ်ဝဲလ်သည် မည်သည့် စက်ရုပ်စနစ်တွင် မဆို Install လုပ်နိုင်သည်ဟု ပြောသည်။ Terminator ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သော စက်ရုပ်များသည် ရုရှားစစ်ဘက် တွင် တိုက်ပွဲဝင် စက်ရုပ်များ အဖြစ် အမှန်တကယ် အသုံးပြုပြီး ၄င်းတို့ကို Unicum AI ဆော့ဖ်ဝဲလ် ထည့်သွင်း အသုံးပြုပြီး တိုက်ပွဲဝင် ခိုင်းခြင်း ဖြစ်သည်။

ထိန်းချုပ်ခန်းကို တည်နေရာ၊ ပစ်မှတ်၊ သတင်း အချက်အလက်၊ အတည်ပြုချက် များကို ပေးပို့နိုင်ပြီး ထိန်းချုပ်ခန်းမှ အမိန့်ပေးသည့် အတိုင်း လုပ်ဆောင် နိုင်သည်ဟု ရုရှားတို့က ပြောသည်။ ရာသီဥတုနှင့် အချိန်မရွေး
စစ်ဘက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်ပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လက ထုတ်ပြခဲ့သော ရုရှားစစ်ဘက် က ဗီဒီယိုဖိုင် တစ်ခုတွင် ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ပစ်ခတ်နိုင်သော ရုရှားစက်ရုပ် တင့်ကား များသည် ပစ်မှတ်ကို မလွဲအောင် ပစ်ခတ်နိုင်ခဲ့သည်။

ထို့ကြောင့် လူသားတို့ ကြိုတင်ခန့်မှန်း နေကြသည့် ရုပ်ရှင်ထဲမှ စက်ရုပ်တိုက်ပွဲ များသည် အနာဂတ် ကာလတွင် တွေ့မြင် ရတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger